ပြည်တွင်းစစ်ပွဲများသတင်း, မူလစာမျက်နှာ, မှုခင်းရေးရာ

မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်ရန် ထပ်မံကြံစည်မှုကို ဖော်ထုတ်တားဆီးနိုင်ခဲ့ဟုဆို

မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်သူ များအား ဖမ်းဆီးရမိသည့် နေရာပြမြေပုံ (State Counsellor Office Information Committee)
 မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက် ခိုက်ရန် ထပ်မံကြံစည်မှုကို ဖော် ထုတ်တားဆီးနိုင်ခဲ့ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက မတ် လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

 ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေ တင်းမေ ကျေးရွာအနီးတွင် မသင်္ကာဖွယ် လူတစ်စု ရောက်ရှိနေကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင်များက မတ်လ ၇ ရက်၌သွားရောက်ရှင်းလင်းရာ ကျေးရွာအနီး လျှိုမြောင်အတွင်း၌ လူနေတဲအကြီးတစ်လုံး၊ အသေးသုံးလုံး တွေ့ရှိခဲ့သည်။ ထို့နောက်အနီးဝန်းကျင်တွင် ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတောင်ကျေး ရွာမှ မော်လဝီတစ်ဦးနှင့် ဘင်္ဂါလီတစ်ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးမှုများအရ အကြမ်းဖက်သင်တန်းသားဖြစ်သည်ကို သိရှိခဲ့သည်။ တင်းမေကျေးရွာ (၃) ရပ်ကွက်နေ ရွာခန့် ကျောင်းဆရာမာဆောင်းသည် ကျီးကန်ပြင် အကြမ်းဖက်ဖြစ်စဥ်တွင် ပါဝင်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ကာ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့သည်။

မတ်လ ၇ ရက်တွင် တင်းမေကျေးရွာအနီး ဖမ်းဆီးရမိသည့် အကြမ်းဖက်သင်တန်း တက်ရောက်သော မော်လဝီ အဒူလာမိန် (State Counsellor Office Information Committee)
ထို့နောက် မာဆောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူလူပါ လောင်ဒုက္ခသည်စခန်းတွင် နေ ထိုင်သူငါးဦးကို အကြမ်းဖက်သင် တန်းပို့ချရန် ၂ဝ၁၇ ဖေဖော်ဝါရီ ဒုတိယပတ်၌ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာသို့ ခေါ် ဆောင်ခဲ့သည်။

မာဆောင်းသည် တင်းမေ (၃)ရပ်ကွက်နေ ရော်ဖီး၊ ရှောင်ရှူး အာလောင်၊ မော်လဝီအဒူကော် ရိန်၊ မော်လဝီမာမောက် (ခ) အီ နုစ်တို့နှင့် တွေ့ဆုံပြီး ၎င်းတို့လူမျိုး များ၏ လူ့အခွင့်အရေးနှင့် ပြော ဆိုခွင့်များ ပြန်လည်ရရှိအောင် အ ကြမ်းဖက် တောင်းဆိုရမည်ဖြစ် ကြောင်း၊ တောင်းဆိုရာတွင် လူ တိုင်းပါဝင်ရန် တာဝန်ရှိကြောင်း စည်းရုံး ဟောပြောခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ယင်းသို့ စည်းရုံးမှုများဆောင်ရွက်ခဲ့သဖြင့် သင်တန်းသား ၃၆ ဦးရရှိကာ ၂ဝ၁၇ မတ်လ ၁ ရက်၌ အကြမ်းဖက်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အကြမ်းဖက်သင်တန်းတက် ရောက်နေသူများနှင့် ငွေကြေး ထောက်ပံ့သူများသည် တင်းမေ ရွာမြောက်ဘက်တစ်ဝိုက် တောင် ကုန်းများတွင် ရှောင်တိမ်းနေ ကြောင်း သတင်းအရ တပ်မ တော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီး ခဲ့ရာ မတ်လ ၁၉ ရက်၌ မသင်္ကာဖွယ်ရာ ဘင်္ဂါလီအမျိုးသား ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ များကို မတရားအသင်းအက်ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ စစ်ဆေး ရာ ၁၃ ဦးအနက် ခြောက်ဦးသည် အကြမ်းဖက်သင်တန်း တက် ရောက်နေသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်သင်တန်းတက် ရောက်သူများအား ကိုယ်ခံပညာ၊ အခြေခံစစ်ပညာ၊ အကြမ်းဖက် တိုက်ခိုက်နည်းသင်တန်းများ ပို့ချ ကြောင်း၊ သင်တန်းပြီးပါက ရွာအတွင်း ပြန်လည်နေထိုင်ပြီး လိုအပ် ပါက မာဆောင်း၏အစီအစဥ်ဖြင့် တစ်ဖက်နိုင်ငံမှ လက်နက်များ ယူ ဆောင်တပ်ဆင်ပေးကာ လုံခြုံရေး တပ်ဖွဲ့စခန်းများကို အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 အကြမ်းဖက်စီးနင်းတိုက် ခိုက်မှု ကြံစည်သူများ၏ ဝန်ခံပြောကြားချက်အရ အကြမ်းဖက် သင်တန်းလေ့ကျင့်ရာ Training Ground များကို တင်းမေ၊ ငမြင်းဘော်၊ ယင်းမကျောက်တော်နှင့် အင်းချောဘဒနာကျေးရွာတို့တွင် ဖွင့်လှစ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သင်တန်း ပထမဆုံးစတင်ဖွင့်လှစ်ခဲ့သည့် တင်းမေကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်တားဆီးနိုင်ခဲ့ သည်။ မောင်တောအခြေစိုက် နယ် ခြားစောင့်ရဲဌာနချုပ်နှင့် စခန်းနှစ် ခုသည် ၂ဝ၁၆ အောက်တိုဘာ ၉ ရက်က အကြမ်းဖက်သမားများ၏ စီးနင်းတိုက်ခိုက်မှုခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့သည်။

#7DN

ပြည်တွင်းသတင်းများ

​ဦးသိန်းစိန်က အစိုးရအဖွဲ့ဝင်ဟောင်းများကို တွေ့ဆုံကာ ဂုဏ်ပြုဧည့်ခံပွဲပြုလုပ်မည်

အာရှနှင့် အရှေ့ အာရှစီးပွားရေးဆိုင်ရာ သုတေသနဌာန (ERIA)မှ ဆုရရှိခဲ့ခြင်း ကြောင့် သမ္မတဟောင်း ဦးသိန်း စိန်က ၎င်း၏အစိုးရအဖွဲ့ဝင် အ ငြိမ်းစားဝန်ကြီးနှင့် ဒုဝန်ကြီးများ ကို မတ်လ ၁၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကာ ဂုဏ်ပြုဧည့်ခံပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)မှ သတင်းရရှိသည်။
“ဒါကတော့ သမ္မတကြီး ဟောင်း ဦးသိန်းစိန်က သူ သမ္မတ တာဝန်ထမ်းဆောင်စဉ်က သူနဲ့ အတူတူလက်တွဲဆောင်ရွက်ခဲ့တဲ့ အငြိမ်းစားဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပူး ပေါင်းဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တွေကို ဂုဏ်ပြုတဲ့ ညစာစားပွဲ လေ”ဟု ပြည်ခိုင်ဖြိုးပါတီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးပိုက်ထွေးက ပြောသည်။

ERIA က ပေးအပ်သော ဆုကို လက်ခံရရှိခြင်းသည် ၎င်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဟောင်းများ ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရရှိခဲ့သဖြင့် လက်တွဲဆောင်ရွက် ခဲ့သူများကို ဂုဏ်ပြုခြင်းဖြစ်သည် ဟု ဦးပိုက်ထွေးကဆိုသည်။

“ကျွန်တော်တို့ သမ္မတကြီး ကတော့ဗျ၊ သူရတဲ့ ဆုအပေါ်မှာ သူတစ်ယောက်တည်းကောင်းလို့ မဟုတ်ဘူး။ အများကောင်းလို့ဆို ပြီးတော့ ဒါတကယ်ကို လုပ်ဖော် ကိုင်ဖက်တွေအပေါ်မှာ အေးအတူ ပူအမျှ လက်ရည်တစ်ပြင် တည်း ဒီစိတ်ဓာတ်နဲ့ ဆောင်ရွက် တာပဲ” ဟု ၎င်းကပြောသည်။

ဦးသိန်းစိန်အား မြန်မာနိုင်ငံ ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအားထုတ်မှုတွင် ဦးဆောင်ခဲ့ သူတစ်ဦးအဖြစ် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးဆိုင်ရာ သုတေသန (ERIA) က ၂ဝ၁၇ ဇန်နဝါရီအတွင်းက ဆုချီးမြှင့်ခြင်းဖြစ်ကာ ဆုသုံးမျိုးအနက် အထူးဆု (The Grand Prize)ကို ရရှိခဲ့ သည်။

အဆိုပါဂုဏ်ပြုဧည့်ခံပွဲတွင် ဦးသိန်းစိန်က နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးဝဏ္ဏမောင်လွင်က ဆုအကြောင်းရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်မည်ဟု ပြည်ခိုင် ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိအစိုးရအဖွဲ့က သူ တွေတော့ မပါဘူးဗျ။ သူနဲ့ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန် ကြီးတွေ၊ ဗဟိုအာဏာပိုင်အဖွဲ့ အစည်းတွေ၊ ရွေးကောက်ပွဲကော် မရှင်တို့လို၊ အဂတိလိုက်စားရေး ကော်မရှင်တို့လို၊ တရားရေးဘက် က ဒါမျိုးလေးတွေပါမယ်။ လက် ရှိအစိုးရထဲကတော့ ဖိတ်ကြား ခြင်းမခံရပါဘူးခင်ဗျ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်း က ဦးသိန်းစိန်သည် ERIA ကပေးအပ်သော ဆုကို ဂျပန်နိုင်ငံသို့ သွားရောက်ကာ လက်ခံရယူခဲ့ပြီး နေပြည်တော်၌ ၎င်းကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဂုဏ်ပြုပွဲတစ် ရပ်ပြုလုပ်ခ့ဲသည်။ အဆိုပါ ဂုဏ်ပြုပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရအဖွဲ့ ဝင်ဟောင်းများလည်း တက် ရောက်ခဲ့ကြသည်။

ဦးသိန်းစိန်သည် ပြည်ခိုင် ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ နာယကအဖြစ် တာဝန်ယူထားပြီး ပါတီဥက္ကဋ္ဌမှာ ရထားပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဟောင်း ဦးသန်းဌေးဖြစ် သည်။ ဦးသိန်းစိန်ကို လေးစား ကြည်ညိုသော မြန်မာနိုင်ငံတစ် ဝန်းရှိ လူငယ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော် တွင် ဂါရဝပြုပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ထို့အပြင် ဦးသိန်းစိန်သည် မတ်လ ၁၆ ရက်က မန္တလေးမြို့၌ တိုင်းခရိုင်အဆင့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လတ်တလော ဖြစ်ပျက်နေ သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးရေး စသည့် နယ်ပယ်အသီးသီးတွင် အခြေအနေ အရပ်ရပ်ကို နိုင်ငံတကာနှင့် နှိုင်းယှဥ်သုံးသပ်ရန် ထည့်သွင်းပြော ကြားခဲ့သည်။ ထို့အပြင် ပြည်သူ များ လက်ငင်းရင်ဆိုင်နေရသည့် ပြဿနာများ ရင်ဆိုင်ဖြေရှင်း ကူညီခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှု တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဟောင်း ဦးအုန်းမြင့်၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

#7DN

ပြည်တွင်းသတင်းများ

​သူနာပြုများ၏ တောင်းဆိုချက် နှစ်ဖက်တွေ့ဆုံညှိနှိုင်း သဘောတူညီချက်ရ

ဌာနက ဖွဲ့စည်းပေးထားသော တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

သူနာပြု ကျောင်းသူ၊ ကျောင်းသားများ၏ တောင်းဆို ချက်များနှင့်ပတ်သက်၍ မတ်လ ၁၇ရက်တွင် ဝန်ကြီးဌာနနှင့် သူ နာပြုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကာ သဘောတူညီချက်ရရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
“နားလည်မှုလွဲတာပါ။ အား လုံးအဆင်ပြေတယ်။ ကျွန်တော် တို့က နှစ်ဦးနှစ်ဖက် အကုန်ပေါင်း လုပ်ရမှာဖြစ်ပါတယ်။ ဟိုဘက် အမြင်၊ ဒီဘက်အမြင်အကုန်စဉ်း စားရမှာပါ။ အကုန်အဆင်ပြေ အောင်လုပ်ပေးမယ်”ဟု ရန်ကုန် သူနာပြုတက္ကသိုလ်၌ ဝန်ကြီးဌာန နှင့် သူနာပြုတက္ကသိုလ် ကျောင်း သားများ တွေ့ဆုံပွဲအပြီးတွင် ဝန်ကြီးက ပြောသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးကုသရေးဦးစီးဌာနက ပုဂ္ဂလိကဆေးရုံများတွင် သူနာပြုနှင့် သားဖွားတက္ကသိုလ်၊ သင်တန်းကျောင်းများနှင့်သဘောတူစာချုပ်ချုပ်ဆိုထားသည့် စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများအား ခန့်အပ်တာဝန်မပေးစေရေး ကြပ်မတ်ဆောင်ရွက်ရန်ဟူသော ညွှန်ကြားချက် ကို ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ မတ်လ ၁၅ ရက်က သူနာပြုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် နှစ်ရက်အကြာ၌ ဝန်ကြီးဌာနနှင့် သူနာပြုတက္ကသိုလ် ကျောင်းသားများ နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းခဲ့သည်။

သူနာပြု/သားဖွားကိစ္စရပ် များအတွက် ဆက်သွယ်ဆောင် ရွက်ရန် မတ်လ ၁၆ရက်က နေ ပြည်တော်ကုသရေးဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သော  အဖွဲ့ဝင် ခုနစ်ဦးပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၁၇ ရက်၌ အဆိုပါအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် သူနာပြုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် နှစ်နာရီကျော်ကြာ ထပ်မံတွေ့ဆုံ၍ သဘောတူညီချက်ရရှိခဲ့သည်။

ညှိနှိုင်းရာတွင် ဝန်ကြီး ဌာနဘက်က သူနာပြုများတောင်း ဆိုသည့် ကျောင်းပြီးပါက ယခင် ထုတ်ပေးနေကျ ယာယီလိုင်စင် မ ဟုတ်ဘဲ အမြဲတမ်းလိုင်စင်ထုတ် ပေးရန်ဟူသောအချက်ကို လိုက် လျောပြီး သူနာပြုများဘက်က ကျောင်းပြီးပါက သူနာပြုတက္က သိုလ်ဝင်ရောက်စဉ်စာချုပ်ချုပ်ဆို ခဲ့သည့်အတိုင်း နိုင်ငံ့တာဝန်ကို ၃ နှစ် မပျက်မကွက် ထမ်းဆောင်ပေးရန်ဟူသော အချက်ကို သဘောတူခဲ့သည်။

“လက်ရှိသူနာပြုတွေအနေ နဲ့ ကျောင်းပြီးလို့ နိုင်ငံ့တာဝန်ထမ်း ရင် လိုင်စင်လိုမျိုးအကျိုးသက် ရောက်မှုရှိတဲ့ ယာယီလိုင်စင်ကို ထုတ်ပေးတယ်။ အခုညိှနှိုင်းတဲ့အ ခါကျတော့ ယာယီလိုင်စင်မဟုတ် ဘဲ လိုင်စင်စာအုပ်ကိုပေးမယ်။ ဒါပေမဲ့ သူနာပြုတွေအနေနဲ့က တော့ ကျောင်းပြီးရင် နိုင်ငံ့တာဝန် ကို ထမ်းကိုထမ်းရပါမယ်။မထမ်း ရင် လိုင်စင်ပေးမှာမဟုတ်ဘူး။ အရင်လို နိုင်ငံ့တာဝန် မထမ်းရင် လျော်ကြေးပေးမလားဆိုတာမျိုး မဟုတ်တော့ဘူး။ အခုလာမယ့် ၂ဝ၁၈မှာ စတက်မယ့်သူနာပြုတ က္ကသိုလ်ကျောင်းသားတွေက စပြီး လျော်ကြေးစနစ်ကို ပယ်ဖျက် မယ်။ အရင်လို လျော်ကြေးမရှိ တော့ဘူး။ ကျောင်းပြီးရင် သုံးနှစ် နိုင်ငံ့တာဝန်ထမ်းဆောင်၊ လိုင် စင်ထုတ်ပေးမယ်”ဟု သူနာပြု/ သားဖွား ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ရန် တာ ဝန်ပေးအပ်ထားသည့်အဖွဲ့ ဒုတိယခေါင်းဆောင်ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။

ထို့အပြင် ဆန္ဒထုတ်ဖော်ရာ တွင် ပါဝင်ခဲ့သည့် သူနာပြုတက္က သိုလ်ကျောင်းသူ၊ ကျောင်းသား များအားအရေးယူမည်ဟု ဝန် ကြီးဌာနဘက်က သတင်းထွက် ပေါ်နေမှုအပေါ်၌လည်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ဘက်က အရေးယူမည် မဟုတ်တော့ပေ။

ထို့အပြင် လိုင်စင်ကိစ္စ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် အချက်များအပါအဝင် သူနာပြုနှင့် သားဖွားများသည် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီဥပဒေနှင့် ချမှတ်ထားသော ကျင့်ဝတ်၊ စည်းမျဥ်းစည်းကမ်းများ လိုက်နာရန်၊ နောက်နောင်အလားတူအရေး ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဌာနတွင်းမိသားစုသဖွယ် ညိှနှိုင်းဆွေး နွေးအဖြေရှာ ဆောင်ရွက်ရန်နှင့်  ဝန်ကြီးဌာနက သူနာပြုသားဖွား များ၏ လုပ်ငန်းခွင်ပျော်ရွှင်သာ ယာရေးနှင့် ဘဝတိုးတက်ရေးအ တွက် ဆောင်ရွက်ပေးနေပြီး ဦး စားပေးအနေဖြင့် ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါညှိနှိုင်းသဘောတူ ထားသည့်ကိစ္စရပ်နှင့်ပတ်သက်၍ “ကျေနပ်တယ်။ အားလုံးညှိနှိုင်း ပြီးလုပ်ထားတဲ့ဟာပဲ ကျေနပ်ပါ တယ်”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် သူနာပြုတက္ကသိုလ် ကျောင်းသူ မကေခိုင်ထွန်းက ပြောသည်။

#7DN

ဆောင်းပါး, မူလစာမျက်နှာ, အတွေးအမြင်

​မြစ်ချောင်းအင်းအိုင်တွေ နေထိုင်ကောင်းကြပါစ

(တစ်)
အပြည်ပြည်ဆိုင်ရာ မြစ် ချောင်းအင်းအိုင်များနေ့ကို ကချင်ပြည်နယ်ထဲက မေခနဲ့ မလိခတို့ ဆုံကြတဲ့နေရာမှာ ကျင်းပသွားတဲ့ အကြောင်း သတင်းတွေကို မြင်ရ၊ ကြားရတော့ မြစ်တွေ၊ ချောင်း တွေ၊ အင်းအိုင်တွေက စိတ်ထဲကို ရောက်လာသဗျ။ မြစ်တွေ၊ ချောင်းတွေ၊ အင်းအိုင်တွေလို့ ပေါင်းရုံးကာ ခေါ်လိုက်ရပေမယ့် အဓိကက မြစ်တွေပါ။

မြစ်တွေဟာ ဇာတ်လိုက်ကြီး တွေလို့ပဲ တင်စားလိုက်ချင်ပါရဲ့ ဗျာ။

ဆရာဒဂုန်တာရာ တရုတ် တို့၊ ရုရှားတို့ကို ခရီးထွက်ပြီး ပြန် လာတော့ ခရီးသွားစာအုပ်တစ် အုပ် ရေးပါတယ်။ ဧရာဝတီ၊ ယန် စီ၊ ဗော်လဂါတဲ့။ ဧရာဝတီက မြန်မာပြည်၊ ယန်စီက တရုတ်၊ ဗော်လဂါက ရုရှားက မြစ်တွေဖြစ် တာမို့ မြစ်ကြီးတွေဟာ နိုင်ငံရဲ့ သင်္ကေတလို့ဆိုရင် မမှားဘူးပေါ့။

 အိန္ဒိယ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းက ဝတ္ထုကြီး တစ်အုပ်ရေးဖူးပါတယ်။ From Volga to Ganges တဲ့။ ဗော်လဂါ မှ ဂင်္ဂါသို့ဆိုတာ မြန်မာဘာသာ ပြန်ရှိပြီးသား စာအုပ်ပေါ့။ ဒါက ကျတော့ လူရဲ့ ဆင့်ကဲတိုးတက် လာပုံ (Evoluation)ကို မြစ်ကြီး တွေနဲ့ ပြထားတာ။

ဂန္ဒီရုပ်ရှင်ဇာတ်ကားအဆုံး မှာ အလုပ်ကြံခံလိုက်ရတဲ့ ဂန္ဒီရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးတဲ့ နောက် အရိုးပြာတွေကို ဂင်္ဂါမြစ် ထဲ ဖြန့်ကြဲချနေပုံနဲ့ အဆုံးသတ် ထားတာကို ကြည့်ခဲ့ဖူးပါတယ်။ သည်လိုကျပြန်တော့ မြစ်တွေဟာ သမိုင်းရဲ့ ကြေကွဲစရာ ဇာတ်ဝင် ခန်းတွေနဲ့ ဆက်စပ်လို့။

ကျွန်တော်တို့ ပြန်လမ်းမရှိ တဲ့ မြစ်ကြီး (River of No Return)ရုပ်ရှင်နဲ့ သီချင်းထဲမှာ မစ္စစ္စပီ (Mississippi) မြစ်ကြီးကို ခံစားဖူး ခဲ့ပါတယ်။ မြစ်ဝါမြစ် (Yellow River) သီချင်းထဲမှာ မြစ်ဝါမြစ် ကြီးကို ထိတွေ့ဖူးပါတယ်။ ရုရှား စာရေးဆရာကြီး ရှိုလိုကော့ဗ် (Sholokhov)ရဲ့ And Quiet Flows the Don စာအုပ်ကြီးထဲမှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဒွန်မြစ် ကြီးအကြောင်းကို ရင်ခုန်ခဲ့ဖူးပါ တယ်။

ပီဠိယက္ခမင်းရဲ့ မြားချက်ထိ မှန်ကာ သုဝဏ္ဏသာမမင်းသားလဲ ကျခဲ့ရာ မိဂသမ္မတာမြစ်ကမ်းပါး ဟာ လွမ်းစရာပေါ့။

ရောဟိနီမြစ်ရေကို လုဖို့စစ် ရေးပြင်နေကြတဲ့ ကပိလဝတ်နဲ့ ကောလိယမြို့နှစ်မြို့ကြားမှာ ဗုဒ္ဓ ဘုရားရှင်ကြွလာပြီး တရားဟော ခဲ့လို့ ငြိမ်းချမ်းမှုရသွားတဲ့အခါ ရောဟိနီမြစ်ဟာ ငြိမ်းအေးလို့။

မြစ်တွေဟာ စိတ်လှုပ်ရှားမှု မှာ ပါရဂူပါ။

(နှစ်)

ကမ္ဘာပေါ်မှာ အပြည်ပြည် ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များ နေ့ (Internation Day of Action for Rivers) ရယ်လို့ ကျင်းပလာခဲ့ တာ အကြိမ်နှစ်ဆယ်ရှိသွားခဲ့ပါ ပြီ။ နှစ်တိုင်း နှစ်စဥ် မတ်လ ၁၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ပဲပေါ့။

လူတွေဟာ အထူးသဖြင့် ကျွန်တော်တို့ ဆီကလူတွေဟာ မြစ်ချောင်း အင်းအိုင်တွေကို တကယ်မှ ချစ်တတ်ကြရဲ့လားဆို တာ ကျွန်တော် သံသယဖြစ်ပါ တယ်။ မြစ်ချောင်းအင်းအိုင်တွေ အပေါ်မှာ ဘယ်လိုများ သဘော ထားကြပါလိမ့်။ မစင်တွင်းကြီး တွေလို၊ အမှိုက်ပုံကြီးတွေလိုများ သဘောထားနေကြလေရော့ သလား။

ကျွန်တော် မြန်မာနိုင်ငံအနှံ့ အပြားက မြို့အကြီးအသေး တော်တော်များကို ရောက်ဖူးပါတယ်။ နေလည်းနေခဲ့ဖူးပါတယ်။ မြစ် ချောင်းအင်းအိုင်ရဲ့ အစပ်မှာ တည်ထားတဲ့ မြို့ရွာဒေသ၊ မြစ် ချောင်းအင်းအိုင်တွေက သူ့ရဲ့ ဝမ်းဗိုက်သားထဲကနေ ဖြတ်သွားတဲ့၊ ရှိနေတဲ့ မြို့ရွာဒေသ၊ ဘယ်နေရာ မှာမှ ဂရုအစိုက်မခံကြရရှာပါဘူး။

လူတွေက အမှိုက်မှန်သမျှ ကို အဲသည့်မြစ်ချောင်းအင်းအိုင် တွေထဲ ပစ်ချလိုက်ကြတာပါ။ စပါးခွံတွေ၊ ထမင်းကျန်၊ ဟင်းကျန်တွေ၊ အဝတ်စုတ်တွေ၊ သစ်တိုသစ်စ၊ ဝါးဓနိ အဟောင်းအ မြင်း၊ ငါးခေါင်းဖားခေါင်း၊ သစ်သီးဝလံ အပုပ်အသိုး၊ အစေ့အခွံအရိုးအရွက်၊ လူသုံးပစ္စည်းအဟောင်း အနွမ်း၊ စက္ကူစုတ်၊ ဆီကျန်ရေကျန် အကုန်လုံး ရေရှိရာကိုလှမ်းသွန်လှမ်းပစ်ချလိုက်ကြတာပါ။ အမှိုက်ပေါင်းစုံ ပေါလောမျောနေ တဲ့ ရေပြင်၊ အဆီတွေ ဝေ့နေတဲ့ ရေပြင်နဲ့ မြို့တွေ၊ ရွာတွေဟာ အရုပ်ဆိုးလိုက်တာလေ။

ကျွန်တော် စိတ်အပျက်မိဆုံး က အိမ်တွေရဲ့ မျက်နှာစာနဲ့ အိမ်သာကိစ္စပါ။ မြစ်ချောင်းအင်းအိုင် တွေဟာ လူနဲ့ မျက်နှာချင်းဆိုင်ပြီး ရှုမျှော်ခံစားဖို့လား (ဒါမှမဟုတ်) ကျောခိုင်းထားဖို့လား။

ကျွန်တော် တွေ့မြင်ရသမျှ ကတော့ အများစုက ကျောခိုင်း ထားကြတာပါ။ မြစ်ချောင်းအင်း အိုင်တွေဟာ အိမ်တွေရဲ့ ကျော ဘက်မှာပါ။ လူတွေဟာ ရေပြင် ကို မရှုငေးပါဘူး။ မျက်နှာလွှဲထား ကြတာပါ။ မြန်မာတို့ရဲ့ အိမ်သာ အများစုဟာ ရေစပ်စပ်မှာ (ဒါမှ မဟုတ်) ရေထဲမှာပါ။ မြစ်တွေ၊ ချောင်းတွေပေါတဲ့ဒေသမှာ ရေ ကြောင်းကနေ ခရီးသွားတဲ့အခါ အင်းအိုင်ထူထပ်တဲ့အရပ်မှာ စက် လှေကလေးနဲ့ ခရီးနှင်တဲ့အခါ ရေ စပ်မှာ တန်းစီနေတဲ့ အိမ်သာ ကလေးတွေကို တွေ့ကြရမှာပါ။ တစ်မြို့လုံးကထွက်တဲ့ ရေဆိုး တွေကို မြစ်ထဲကို ချထားတာ၊ မြို့ လယ်က ကန်ကြီးထဲကို ချထား တာ ကျွန်တော်တို့ မမြင်ချင်အဆုံးပါ။

နိုင်ငံတကာ ခရီးသွားတွေက အဲဒါကို အံ့ဩကြပါလေသတဲ့။

(သုံး)

တရုတ်တို့၊ ထိုင်းတို့၊ လာအို တို့၊ ကမ္ဘောဒီးယားတို့၊ မြန်မာတို့ ကို ဖြတ်သွားတဲ့ မဲခေါင်မြစ်ကြီး ထဲမှာ ရေစူးနက်တဲ့ သင်္ဘောကြီး တွေ သွားလာနိုင်ဖို့ တရုတ်က သောင်တူးစက်ကြီးတွေနဲ့ တူးတဲ့ အခါ ထိုင်းက ပွက်ညံပွက်ညံနဲ့ အသံတွေထွက်ပါတယ်။

မလေးရှားနဲ့ စင်ကာပူကြား က ရေပြင်ကို သူ့ဘက်ကိုယ့်ဘက် အပြိုင် မြေတွေဖို့ကြတော့ နှစ် နိုင်ငံစလုံး ပူညံပူညံပြောလာကြ ရာက အခုတော့ ရပ်ထားရပါ တယ်။

မြစ်ချောင်းအင်းအိုင်တွေ ဟာ သဘာဝကပေးထားတဲ့ ရတနာတွေပါ။ ထိန်းသိမ်းစောင့် ရှောက် ဂရုတစိုက်ရှိအပ်တဲ့ အရာတွေပါ။ ပစ်ချင်ရာပစ်ချလိုက်ရ တဲ့ အမှိုက်ပုံးကြီးတွေမဟုတ်ပါ ဘူး။

 ကျင်ကြီးကျင်ငယ် စွန့်ချရာ မိလ္လာကန်ကြီးတွေ မဟုတ်ပါဘူး။ စီးဆင်းလို့ပဲ သွားသွား၊ ငြိမ်သက် လို့ပဲနေနေ ကျွန်တော်တို့တစ်တွေ စောင့်ရှောက်ထိန်းသိမ်းအပ်တဲ့ အရာတွေပါ။

မြစ်ချောင်းအင်းအိုင်တွေကို ချစ်တဲ့စိတ် နိုင်ငံသားတိုင်းမှာ ရှိသင့်ရှိအပ်ကြောင်းပါ။  ။

#7DN