Home

​သစ်ခွဲသားများတင်ဆောင်လာသော ထော်လာဂျီတိမ်းမှောက်၍ ယာဥ်ပေါ်လိုက်ပါလာသူ သစ်တုံးပိ သေဆုံး


ပျဥ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအနောက်ပိုင်းရှိ လယ်ယာဆည်မြောင်းရေမြောင်း (DY- 1) ၊ ရေဆိုးထုတ်မြောင်းအတွင်း သစ်တင်ထော်လာဂျီတစီး ပြုတ်ကျတိမ်းမှောက်မှု မတ် ၆ ရက် နံနက် ၆ နာရီကဖြစ်ပွားခဲ့ရာမှ ၁၅ နှစ်အရွယ် လူငယ်တဦး သစ်တုံးပိ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ လယ်ဝေးမြို့နယ်၊ ဂွေးသုံးပင်ရွာမှ နိုင်းဝင်(၃၂ နှစ်) မောင်းနှင်လာသော ထော်လာဂျီယာဥ်အမှတ် (၉ဌ/၂၁၆၆၂) အပြာရောင်ယာဥ်သည် ပျဥ်းကတိုး ၁ဝ လက်မပတ်လည်ခန့်ရှိ ဆိုဒ်ဆုံ၊ အရှည် ၉ ပေရှိ ဘားတုံး ၁၂ တုံး၊ အခြားသစ် အရှည် ၁၅ ပေခန့်ရှိ ၄”-၂” ၊ ၄”- ၃” ပတ်လည်ခန့်ရှိ ဓါးခွဲသား ၂၅ ချောင်းကို တင်ဆောင်လာပြီး ပျဥ်းမနားမြို့နယ်၊ ဇီးကုန်းကျေးရွာမှ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာသို့ ညအချိန်တွင် ဆည်မြောင်းဘောင်အတိုင်း မောင်းနှင်လာစဥ် ဇီးဖြူပင်ကျေးရွာအနောက်ပိုင်းရှိ ရေဆိုးထုတ်မြောင်းအတွင်း တိမ်းမှောက်သွားခြင်းဖြစ်သည်။ ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသော အောင်သူဝင်း (၁၅ နှစ်)မှာ သစ်တုံးများပိကာ သေဆုံးခဲ့ပြီး ယာဥ်မောင်း နိုင်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ သစ်ပိုင်ရှင်အား သစ်တောဦးစီးဌာနကလည်းကောင်း၊ ယာဥ်တိမ်းမှောက်မှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ ယာဥ်မှုစစ်အဖွဲ့ကလည်းကောင်း ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

News Watch

Home

​၆၆ (ဃ) ပြင်ဆင်ဖို့အဆို တင်သွင်းခွင့်ကို NLD ပါတီတွင်းဆုံးဖြတ်ချက်နဲ့ ပယ်ချ

( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် ကို မတ်လ ၁ဝ ရက်နေ့က တွေ့ရစဥ် ) Photo: Win Naung Toe/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်၊ ဖျက်သိမ်းပေးဖို့ ရှိ မရှိကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က မေးခွန်းမေးဖို့ ကြိုးစားခဲ့ပေမယ့် ပါတီကခွင့်မပြုတဲ့အတွက် မေးမြန်းခွင့်မရရှိကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လကျော် ၃ လနီးပါက ပုဒ်မ ၆၆ ကို ပြင်ဆင်၊ ဖျက်သိမ်းဖို့ရှိ မရှိ မေးခွန်းမေးဖို့ပါတီတွင်း စိစစ်ရေးအဖွဲ့ကို တင်ခဲ့ပေမယ့် ခွင့်မပြုတာကြောင့် မေးခွန်းမေးမြန်းခွင့်မရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က ပြောပါတယ်။

ဒီလိုအရေးကြီးတဲ့မေးခွန်းတွေနဲ့ အဆိုတွေကို လွှတ်တော်မှာ မြန်မြန်ဆန်ဆန်နဲ့ မေးမြန်းခွင့်မရရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုံရိပ်ကိုထိခိုက်နိုင်ကြောင်း၊ ကိုယ်က ပါတီဝင်တစ်ယောက် ဖြစ်နေတဲ့အတွက် ပါတီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊အချိန်အခါအရ မေးမြန်းဖို့ မသင့်သေးဘူးလို့ ပါတီတာဝန်ရှိသူတွေက ဆုံးဖြတ်ထားတာကြောင့် နောက်ထပ်မေးခွန်းမေးမြန်ဖို့ ထပ်မံကြိုးစားသွားမှာဖြစ်ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် ၈၈ အရေးပုံတော်နဲ့ ပတ်သက်ပြီး ကျဆုံးခ့ဲတဲ့သူတွေအတွက်၊ ဂုဏ်ပြုဖို့အစီအစဥ်ရှိ မရှိနဲ့ သဘာဝပတ်ဝန်းကျင်၊ ကုန်စျေးနှုန်းကြီးမြင့်မှု စတာတွေနဲ့ ပတ်သက်ပြီးလွှတ်တော်မှာ မေးခွန်းမေးဖို့ ကြိုစားခဲ့ပေမယ့် ပါတီစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေက ဆန္ဒပြတောင်းဆိုထားကြပြီး ၆၆ ဃ နဲ့ တရားစွဲဆိုခံရသူတွေရဲ့ တရားရုံးချိန်းတွေမှာ လှုပ်ရှားမှုတွေလည်း ဆောင်ရွက်နေပါတယ်။

RFA Burmese

Uncategorized

​မြန်မာနိုင်ငံနဲ့ နိုင်ငံ ၇ ခု သံတမန်အဆက်အသွယ် ထပ်တိုးထူထောင်မည်

( ဓါတ်ပုံ – မြန်မာနိုင်ငံ အလံကို တွေ့ရစဥ် )

မြန်မာနိုင်ငံ နဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်ထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သဝဏ်လွှာပေးပို့ထားတာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မယ့်နိုင်ငံတွေ လိုက်ဘေးရီယား၊ ဂီနီ၊ ဗာတီကန်၊ အီကွေဒေါ၊ မော်လ်တာ စတဲ့ နိုင်ငံတွေဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုမှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံတမန်ဆက်သွယ်တဲ့အခါမှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအခြေအနေအရ နိုင်ငံအားလုံးမှာ သံရုံးတွေဖွင့်လှစ်သွားမှာ မဟုတ်ဘဲ နီးစပ်ရာ အဆင်ပြေတဲ့နိုင်ငံတွေမှာ သံအမတ်ကြီးတွေ ထားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

Uncategorized

​Max Myanmar ကုမ္ဗဏီကို အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲရန် စီစဥ်နေကြောင်း ဦးဇော်ဇော် ပြော

စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Max Myanmar ကုမ္ဗဏီက ပြည်ပစတော့အိတ်ချိန်းတခုခု၌ စားရင်းဝင်၍ အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲရန် စီစဥ်နေကြောင်း ကုမ္ဗဏီဥက္ကဌ ဦးဇော်ဇော်က ပြောသည်။

Max Myanmar ကုမ္ဗဏီကို ဟောင်ကောင်၊ စင်ကာပူ သို့မဟုတ် လန်ဒန်စတော့အိတ်ချိန်းစျေးကွက်သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှုဆိုင်ရာဥပဒေအပြောင်းအလဲကြောင့် နိုင်ငံတကာကုမ္ဗဏီများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ကြောင်း Bloomberg က ကျင်းပသော Invest Myanmar ဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

“ကျွန်တော့်လုပ်ငန်းတွေအားလုံးကို ပုဂ္ဂလိကပိုင်အနေနဲ့ မထားချင်ပါဘူး။ တနေ့နေ့တော့ စတော့အိတ်ချိန်းတင်ပြီး အများပိုင်အဖြစ် ပြောင်းချင်ပါတယ်။ မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ဝင်ဖို့အတွက်ကျတော့ ကျွန်တော်တို့ဆီက ရင်းနှီးမြှပ်နှံမှုစျေးကွက်က ဒီလောက် မရှိသေးတဲ့အတွက် လက်ရှိအနေအထားမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံစတော့အိတ်ချိန်းမှာ တင်ရောင်းလို့မဖြစ်သေးတဲ့အနေအထားပါ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ နိုင်ငံပြင်ပမှာ စာရင်းဝင်ဖို့ အစီအစဥ်ဆွဲထားပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ လန်ဒန် အိတ်ချိန်းတွေကို စဥ်းစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် စီးပွားရေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍ၌ အတူလက်တွဲလုပ်ကိုင်မည့် ပြည်ပမှ မိတ်ဖက်ကုမ္ဗဏီများကို ရှာဖွေနေကြောင်း၊ ဟိုတယ်လုပ်ငန်း တိုးချဲ့ လုပ်ကိုင်ရန်အတွက် ပြင်သစ်ကုမ္ဗဏီ Accor SA နှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း၊ Accor SA သည် Max Myanmar ပိုင် ဟိုတယ်သုံးခုအနက် နှစ်ခုကို စီမံခန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အသစ်ရေးဆွဲထားသော ရင်းနှီးမြှပ်နှံမှုဥပဒေသည် လာမည့် ဧပြီတွင် အသက်ဝင်လာမည်ဖြစ်ပြီး ယင်းဥပအေရ ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းမှစီးပွားရေးလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း ရှယ်ယာဝယ်ယူရောင်းချခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ပြည်ပလုပ်ငန်းများအား အခွန်သက်သာခွင့်ပေးရန် စီစဥ်ထားကြောင်းလည်း သိရသည်။

“အစိုးရအနေနဲ့ ပြည်ပကရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရင်းနီှးမြှပ်နှံသူများ အလွယ်တကူ သိလွယ်မြင်လွယ်တဲ့ ပေါ်လစီတွေ ဖောိဆောင်ဖို့လိုပါတယ်။ လမ်း၊ လျှပ်စစ်မီးစတဲ့ အခြေခံအဆောက်အဦတွေမှာလည်း ရင်းနှီးမြှပ်နှံဖို့လိုတယ်။ လက်ရှိ လျှပ်စစ်ဓါတ်အားပမာဏက နည်းနေသေးတယ်”ဟု ဦးဇော်ဇော်က ပြောသည်။

စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ ဦးဇော်ဇော်သည် တဦးတယောက်ချင်း ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့ခြင်းခံရသည့် လူပုဂ္ဂိုလ်မျာစားရင်းတွင် ပါဝင်ခဲ့သည်။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကြောင့် သမ္မတ အိုဘားမားလက်ထက် ၂ဝ၁၆ အောက်တိုဘာလတွင် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများ အပြီးသတ်ရုပ်သိမ်းခဲ့သည်။

မော်ရိုး

Ref;Bloomberg

News Watch