Uncategorized

​Max Myanmar ကုမ္ဗဏီကို အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲရန် စီစဥ်နေကြောင်း ဦးဇော်ဇော် ပြော

စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Max Myanmar ကုမ္ဗဏီက ပြည်ပစတော့အိတ်ချိန်းတခုခု၌ စားရင်းဝင်၍ အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲရန် စီစဥ်နေကြောင်း ကုမ္ဗဏီဥက္ကဌ ဦးဇော်ဇော်က ပြောသည်။

Max Myanmar ကုမ္ဗဏီကို ဟောင်ကောင်၊ စင်ကာပူ သို့မဟုတ် လန်ဒန်စတော့အိတ်ချိန်းစျေးကွက်သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှုဆိုင်ရာဥပဒေအပြောင်းအလဲကြောင့် နိုင်ငံတကာကုမ္ဗဏီများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ကြောင်း Bloomberg က ကျင်းပသော Invest Myanmar ဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

“ကျွန်တော့်လုပ်ငန်းတွေအားလုံးကို ပုဂ္ဂလိကပိုင်အနေနဲ့ မထားချင်ပါဘူး။ တနေ့နေ့တော့ စတော့အိတ်ချိန်းတင်ပြီး အများပိုင်အဖြစ် ပြောင်းချင်ပါတယ်။ မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ဝင်ဖို့အတွက်ကျတော့ ကျွန်တော်တို့ဆီက ရင်းနှီးမြှပ်နှံမှုစျေးကွက်က ဒီလောက် မရှိသေးတဲ့အတွက် လက်ရှိအနေအထားမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံစတော့အိတ်ချိန်းမှာ တင်ရောင်းလို့မဖြစ်သေးတဲ့အနေအထားပါ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ နိုင်ငံပြင်ပမှာ စာရင်းဝင်ဖို့ အစီအစဥ်ဆွဲထားပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ လန်ဒန် အိတ်ချိန်းတွေကို စဥ်းစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် စီးပွားရေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍ၌ အတူလက်တွဲလုပ်ကိုင်မည့် ပြည်ပမှ မိတ်ဖက်ကုမ္ဗဏီများကို ရှာဖွေနေကြောင်း၊ ဟိုတယ်လုပ်ငန်း တိုးချဲ့ လုပ်ကိုင်ရန်အတွက် ပြင်သစ်ကုမ္ဗဏီ Accor SA နှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း၊ Accor SA သည် Max Myanmar ပိုင် ဟိုတယ်သုံးခုအနက် နှစ်ခုကို စီမံခန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အသစ်ရေးဆွဲထားသော ရင်းနှီးမြှပ်နှံမှုဥပဒေသည် လာမည့် ဧပြီတွင် အသက်ဝင်လာမည်ဖြစ်ပြီး ယင်းဥပအေရ ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းမှစီးပွားရေးလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း ရှယ်ယာဝယ်ယူရောင်းချခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ပြည်ပလုပ်ငန်းများအား အခွန်သက်သာခွင့်ပေးရန် စီစဥ်ထားကြောင်းလည်း သိရသည်။

“အစိုးရအနေနဲ့ ပြည်ပကရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရင်းနီှးမြှပ်နှံသူများ အလွယ်တကူ သိလွယ်မြင်လွယ်တဲ့ ပေါ်လစီတွေ ဖောိဆောင်ဖို့လိုပါတယ်။ လမ်း၊ လျှပ်စစ်မီးစတဲ့ အခြေခံအဆောက်အဦတွေမှာလည်း ရင်းနှီးမြှပ်နှံဖို့လိုတယ်။ လက်ရှိ လျှပ်စစ်ဓါတ်အားပမာဏက နည်းနေသေးတယ်”ဟု ဦးဇော်ဇော်က ပြောသည်။

စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ ဦးဇော်ဇော်သည် တဦးတယောက်ချင်း ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့ခြင်းခံရသည့် လူပုဂ္ဂိုလ်မျာစားရင်းတွင် ပါဝင်ခဲ့သည်။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကြောင့် သမ္မတ အိုဘားမားလက်ထက် ၂ဝ၁၆ အောက်တိုဘာလတွင် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများ အပြီးသတ်ရုပ်သိမ်းခဲ့သည်။

မော်ရိုး

Ref;Bloomberg

News Watch

Leave a comment