Home

​လူတွေ အွန်လိုင်းလုံခြုံမှု နည်းလာလို့ အင်တာနက်ထောင်သူပြော

ကျင့်ဝတ်နဲ့ မညီတဲ့ နိုင်ငံရေးစည်းရုံးတဲ့ ကြော်ငြာတွေကိုလည်း ကြီးကြပ်ဖို့လိုမယ်လို့ သူက ပြော

ကိုယ်ရေးအချက်အလက်တွေ မလုံခြုံတော့တာ၊ သတင်းမှား ပျံ့နှံ့တာနဲ့ အွန်လိုင်းကို နိုင်ငံရေးအတွက် တလွဲ အသုံးချတာတွေ များနေတယ်လို့ နိုင်ငံတကာ အွန်လိုင်း ချိတ်ဆက်မှုကို ပထမဆုံးစလုပ်ခဲ့တဲ့ မစ္စတာ တင် ဘန်နာလီက အင်တာနက်ရဲ့ ၂၈နှစ်ပြည့် နေ့မှာ သတိပေးလိုက်ပါတယ်။
အချက်အလက်တွေကို အလွဲသုံးစား လုပ်တာနဲ့ သတင်းမှားတွေကို တိုက်ဖျက်ဖို့ အတွက် အစီအစဥ်တခု ဆွဲထားတယ်လို့လည်း ဆာဘွဲ့ရ ဗြိတိန် သိပ္ပံပညာရှင်လည်းဖြစ်တဲ့ မစ္စတာ ဘန်နာလီက ပြောခဲ့ပါတယ်။

အစိုးရပိုင်းက တကိုယ်ရေအချက်အလက်တွေကို ထောက်လှမ်းနေတာကိုလည်း တွန်းလှန်ဖို့လိုမှာဖြစ်ပြီး ကျင့်ဝတ်နဲ့ မညီတဲ့ နိုင်ငံရေးစည်းရုံးတဲ့ ကြော်ငြာတွေကိုလည်း ကြီးကြပ်ဖို့လိုမယ်လို့ သူက ပြောပါတယ်။

အွန်လိုင်းမှာ အသုံးပြုသူတွေက ဘယ်ကိုယ်ရေး အချက်တွေကို လူအများ မသိစေချင်သလဲဆိုတာကို ရွေးဖို့ အခွင့်အရေးနဲ့ မူပိုင်ခွင့် ဆုံးရှုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဖေ့စ်ဘွတ်မှာ တင်တဲ့ပုံကို ဖေ့ဘွတ်ကပဲ မူပိုင်ရသွားတဲ့ အချက်မျိုး ဖြစ်ပါတယ်။

လူတွေကို ခံစားမှုတခုခုနဲ့ ရုတ်တရက် ရိုက်ခတ်အောင်လုပ်ပြီး အဖြစ်မှန် မပါသလောက်ဖြစ်တဲ့ သတင်းတွေဟာ လူကြည့်များလေ ပြန့်နှံ့လေ ဖြစ်တာကြောင့် သတင်းမှားတွေ ပိုပြီး ပျံ့နှံ့နေရတယ်လို့ မစ္စတာ တင် က ပြောခဲ့ပါတယ်။

BBC Burmese

ပြည်ပသတင်းများ, Home

​အိမ်ဖြူတော်အတွင်း ကျူးကျော်ဝင်ရောက်သူ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

အိမ်ဖြူတော်အတွင်း လမ်းလျှောက်နေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
အိမ်ဖြူတော်အတွင်း မတ်လ ၁ဝ ရက် ညနေပိုင်းက ကျူးကျော်ဝင်ရောက်ခဲ့သည့် အမျိုးသား တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့ က မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အမည်မသိ အမျိုးသား တစ်ဦးသည် သမ္မတ အိမ်တော် တောင်ဘက် ဝင်ပေါက်အနီးတွင် အဖမ်းခံခဲ့ရပြီး ထိုအချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေချိန် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က သမ္မတ သူငယ်ချင်းပါ၊ သမ္မတနဲ့ ချိန်းထားလို့ ခြံစည်းရိုးကို ခုန်ဝင်လာတာ” ဟု အဆိုပါ သံသယရှိသူ၏ ပြောကြားချက်အား ကိုးကား၍ အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်း အမျိုးသားသည် ပြစ်မှု မှတ်တမ်းရော အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့၏ ယခင် မှတ်တမ်းတွင်ပါ  မပါရှိကြောင်း၊ ၎င်းသည် ကျောပိုးအိတ် တစ်လုံးလွယ်လာသော်လည်း အန္တရာယ်ရှိ ပစ္စည်းများ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

(Xinhua)

Home

​ဦးဝီရသူ ခွင့်ပြုချက်မရှိဘဲ သီးကွင်းကျေးရွာမှာ တရားပွဲ ကျင်းပခဲ့တာဖြစ်ကြောင်း တိုင်းဝန်ကြီးပြော

မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲတွင် တွေ့ရစဥ်။ Photo: Wira Thu/ Facebook

တရားဟောပြောခွင့် တစ်နှစ် အပိတ်ခံထားရတဲ့ မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ မနေ့ညက ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။
တိုင်းအစိုးရရဲ့ ပိတ်ပင်ချက်ဟာ အာဏာစက်သာဖြစ်ပြီး ဓမ္မစက်မဟုတ်တဲ့အတွက် တရားပွဲကို အစိုးရ ခွင့်ပြုချက်မရှိလည်း ဟောမှာဖြစ်ကြောင်း အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ကို ရဟန်းပျိုများအဖွဲ့က မနေ့က လာရောက်ပြောကြားပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။

သီးကွင်းကျေးရွာမှာ ကျင်းပတဲ့ တရားပွဲမှာ ဦးဝီရသူက တရားဟောစင်မှာ ပါးစပ်ကိုတိပ်နဲ့ပိတ်ပြီး နာရီဝက်ကြာ တရားခွေ ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီတရားပွဲကို တရားနာပရိသတ် တစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး အလှူငွေ သိန်းနဲ့ချီ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဦးဝီရသူဟာ ဧရာဝတီတိုင်းထဲမှာ ဟောပြောဖို့ လက်ခံထားတဲ့ တရားပွဲတွေလည်း ကျန်ရှိနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဦးဝီရသူကို တရားဟောခွင့်မပြုကြောင်း တိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁ဝရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဦးဝီရသူဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းတရားတွေပွားကာ ဘာသာရေးအဓိကရုဏ်း ဖြစ်စေ မယ့် ဟောပြောချက်တွေ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေမယ့် ဟောပြောချက်တွေ နဲ့ နိုင်ငံရေးပါတီတွေကြား ဘက်လိုက်ဝေဖန်ဟောပြောချက်တွေရှိတာကြောင့် တရားဟောခွင့် တစ်နှစ် ပိတ်လိုက်ကြောင်း မတ်လ ၉ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက (၄၇) ပါးစုံညီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ဦးဝီရသူအနေနဲ့ လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွေ၊ သတင်းမီဒီယာတွေ မှာ ဆန့်ကျင်ဝေဖန်ပြောဆိုတာတွေ လုပ်လာရင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခြင်း ခံရမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ် ပြန်ထားပါတယ်။

RFA Burmese

Home

​စနစ်တကျရေဆိုးမစွန့်ပစ်သလို စွန့်ပစ်မှုနည်းလမ်းမမှန်တဲ့ အရက်ချက်စက်ရုံ ၇ဝ နီးပါးရှိ

တစ်နိုင်ငံလုံးမှာရှိတဲ့ အရက်ချက်စက်ရုံ ၇၃ ရုံထဲမှာ စက်ရုံအများစုက ရေဆိုးစနစ်တကျစွန့်ပစ်မှု မရှိသလို စွန့်ပစ်မှုနည်းလမ်းမမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရေဆိုးစွန့်ပစ်မှုတွေကို လေ့လာနေတဲ့ မြန်မာအစိမ်းရောင်ပုံရိပ်များအဖွဲ့ရဲ့ တင်ပြချက်အရ လေးရုံသာ စနစ်တကျ လုပ်နေပြီး ကျန်တဲ့စက်ရုံတွေက နည်းလမ်းမှန်ကန်မှုမရှိဖြစ်နေတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

“အခုဒီလေးရုံပဲရှိသေးတယ်လို့သိရတယ်။ ဒါပေမယ့် ဘီယာစက်ရုံတွေလည်းရှိသေးတယ်လို့ပြောတယ် အဲ့ဒါ တွေက မသွားရသေးဘူး။ တချို့စက်ရုံတွေက လုပ်တယ် ဒါပေမယ့် နည်းလမ်းမမှန်ဘူးပေါ့ တချို့က ရေကို PH လျှော့ချဖို့ ထုံးတွေရောတာတို့ ကန်တွေနဲ့ လုပ်တာတို့ ဒလက်တွေနဲ့လုပ်တာတို့ နည်းစဥ် မမှန်ဘူးပေါ့ ”

ရန်ကုန်မြို့မှာရှိတဲ့ Grand Royal ၊ YD အရက်ချက်စက်ရုံ နဲ့ Heniken ဘီယာစက်ရုံ မန္တလေးမြို့က ရွှေမြင်းပျံ အရက်ချက်စက်ရုံတွေရဲ့ ရေဆိုးစနစ်တကျ စွန့်ပစ်နေတာကို သွားရောက် လေ့လာခဲ့တာဖြစ်ပြီး တချို့စက်ရုံတွေက စနစ်တကျ စွန့်ပစ်နေပြီဆိုပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်အထိ လျှော့ချနိုင်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။

ရေဆိုးထွက်ရှိတဲ့စက်ရုံတွေမှာ စနစ်တကျရေဆိုးစွန့်ပစ်ဖို့ကြပ်မတ်ပေးရေးအဆိုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု ခဲ့ပြီး အခုလို လိုက်လံလေ့လာနေတာ ဖြစ်ပါတယ်။

ရေဆိုးစွန့်ပစ်တဲ့စက်ရုံတွေ စနစ်တကျစွန့်ပစ်မှုရှိမရှိကို ကာလတစ်ခုအချိန်ပေးစောင့်ကြည့်ပြီး အရေးယူမှုတွေလုပ်ဆောင်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းသွားမယ် လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ရေဆိုးစွန့်ပစ်မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ကို အစိုးရအပြင် အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ ပါဝင်ဖွဲ့စည်းပြီး စဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်သွားနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

RFA Burmese