Home

​ဆယ်တန်း သင်္ချာမေးခွန်း အားနည်းချက် ရှိမှရှိ အမှတ်ပေးစည်မျဉ်းရေးဆွဲပြီးမှ အတည်ပြုနိုင်မယ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာမေးခွန်းမှားယွင်းမှု ရှိ၊မရှိ ကို အမှတ်ပေးစည်းမျဥ်းရေးဆွဲပြီးချိန်မှသာ အတည်ပြုနိုင်မှာဖြစ်ပြီး အမှန်တကယ်မှားယွင်းမှု ရှိပါက ကျောင်းသားကျောင်းသူတွေ နစ်နာမှု မရှိအောင် ဆောင်ရွက်ပေးမယ် လို့ သိရပါတယ်။
မတ်လ ၁ဝ ရက်နေ့က ဖြေဆို ခဲ့တဲ့ သင်္ချာဘာသာရပ်မေးခွန်းမှာ ပါဝင်တဲ့ မေးခွန်းတချို့က လိုအပ်ချက် အနည်းငယ် ရှိခဲ့ပြီး ပုစ္ဆာမှာ ပေး ထားချက်တွေ မပြည့်စုံတာကြောင့် သင်္ချာဘာသာရပ် နည်းပြတွေ ကြားမှာ အမှားအမှန် အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

သင်္ချာဘာသာရပ်မေးခွန်း မှာ အမှတ် ၂ဝ ဖိုးခန့်က ပေးထားချက် မပြည့်စုံတာကြောင့် ကျောင်းသားအများစု မဖြေနိုင်ခဲ့ကြောင်း သင်္ချာဘာသာရပ် နည်းပြ ဆရာတချို့က ဆိုပါတယ်။

သင်္ချာမေးခွန်း လိုအပ်ချက် ရှိမရှိဆိုတာကို သက်ဆိုင်ရာ ဘာသာရပ် စာစစ်မှုးချုပ်တွေက ဆွေးနွေးဆုံးဖြတ်ပြီးမှသာ အတည်ပြုနိုင်မယ်လို့ အဆင့်မြင့် ပညာ ဦးစီးဌာန က သိရပါတယ်။

“ အတည်မပြုရသေးဘူး၊ အခု ဆယ်တန်းက စစ်နေတုန်း၊ ဘာသရပ်ကျွမ်းကျင်တာက ပါမောက္ခတွေ စာစစ်မှုးချုပ်တွေကပဲကျွမ်းကျင်တာ ၊ သူတို့ ကဆယ်တန်းစာမေးပွဲ ပြီးသွားပြီဆိုရင် ဒီ တစ်နိုင်ငံလုံး မေးခွန်းကတစ်ခုတည်းဆိုတော့ အမှတ်ပေးစည်းမျဥ်းဆွဲ တယ်၊ ဆွဲတဲ့ အချိန်ကြတော့မှ သူတို့ ဆုံးဖြတ်မှာပါ “ လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။

အမှတ်ပေးစည်းမျဥ်းစတင်ရေးဆွဲမှုတွေကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ စတင်ရေးဆွဲမှာဖြစ်ပြီး မေးခွန်း လိုအပ်ချက် ရှိမရှိ၊ မှားယွင်းမှု ရှိ၊မရှိ ဆိုတဲ့ အပေါ်မူတည်ပြီး အမှတ်ပေးစည်းမျဥ်းရေးဆွဲရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ သိန်းဝင်းကပဲ ဆက်ပြီး “ တနိုင်ငံလုံး အတိုင်းအတာရ စာစစ်မှုးချုပ် ဆယ်ယောက်ရှိတယ်၊ ဆယ်နေရာမှာ မေးခွန်းလုပ်တာကြောင့် သင်္ချာဘာသာရပ် စာစစ်မှုးချုပ် ဆယ်ယောက် ဖြစ်တဲ့ ပါမောက္ခဆယ်ယောက်ကနေ ပြန်သုံးသပ်ပြီး မှ ဘယ်လို အမှတ်ပေးစည်းမျဥ်း ကို ဆွဲမလဲဆိုတာ အဲဒိ အပေါ်မှာ သုံးသပ်ပြီးဆွဲမှာ၊ အခုဟာက မှား၏ မှန်၏ ဆိုတာကလည်းကျွန်တော်တို့ မပြောတတ်ဘူးဗျ၊ ကိုယ့် အပိုင်းမဟုတ်တော့ သူတို့ ဘာသာရပ်ဌာန မှုးတွေ စီစစ်ပြီးတော့မှ ဘယ်လို မှားတယ် ဒါ အတွက် ဘယ်လို ဝိတ်လျော့ ပေးရမှာဆိုတာ သူတို့ ဆုံးဖြတ်ပေးမှာ။ စာမေးပွဲပြီးမှ သူတို့ အမှတ်ပေးစည်းမျဉ်းစဆွဲမှာလို့ ဆိုပါတယ်။

သင်္ချာမေးခွန်း အမှန်တကယ်မှားယွင်းခဲ့ပါက ကျောင်းသားကျောင်းသူတွေ အတွက်နစ်နာမှု မရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်ရှိမှာ သင်္ချာမေးခွန်းနဲ့ ပတ်သတ်ပြီး အမှတ်(၁၅) မှတ်၊ တချို့က (၂၁) မှတ် ၊ တချို့က (၂၄) မှတ်ဖိုး စတဲ့ အငြင်းပွားမှုတွေ ရှိနေပြီး အတည်ပြုချက် မရှိသေးဘူးလို့ သိရပါတယ်။

“ တကယ်လို့ တစ်ခုခု မှားတယ် မှန်တယ် သေချာရင် နိုင်ငံပိုင် သတင်းစာကနေပြီး ရှင်းလင်းပါတယ်၊ နိုင်ငံတော် အဆင့်ဖြစ်တာကြောင့်စောင့်ကြည့်ဖို့တော့ လိုတာပေါ့၊ မနစ်နာအောင်တာဝန်ရှိတဲ့ လူကြီးတွေ ရှင်းပေးမှာပါ “ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန က ဒုတိယ ညွန်ကြားရေးမှုး အဆင့်ရှိ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြန်မာ တစ်နိင်ငံလုံးအတိုင်းအတာ အရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆိုသူဦးရေ (၇၁၄၅၂၁) ဦးရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။

မေသော်တာမောင်

Leave a comment