Home

​စနစ်တကျရေဆိုးမစွန့်ပစ်သလို စွန့်ပစ်မှုနည်းလမ်းမမှန်တဲ့ အရက်ချက်စက်ရုံ ၇ဝ နီးပါးရှိ

တစ်နိုင်ငံလုံးမှာရှိတဲ့ အရက်ချက်စက်ရုံ ၇၃ ရုံထဲမှာ စက်ရုံအများစုက ရေဆိုးစနစ်တကျစွန့်ပစ်မှု မရှိသလို စွန့်ပစ်မှုနည်းလမ်းမမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရေဆိုးစွန့်ပစ်မှုတွေကို လေ့လာနေတဲ့ မြန်မာအစိမ်းရောင်ပုံရိပ်များအဖွဲ့ရဲ့ တင်ပြချက်အရ လေးရုံသာ စနစ်တကျ လုပ်နေပြီး ကျန်တဲ့စက်ရုံတွေက နည်းလမ်းမှန်ကန်မှုမရှိဖြစ်နေတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

“အခုဒီလေးရုံပဲရှိသေးတယ်လို့သိရတယ်။ ဒါပေမယ့် ဘီယာစက်ရုံတွေလည်းရှိသေးတယ်လို့ပြောတယ် အဲ့ဒါ တွေက မသွားရသေးဘူး။ တချို့စက်ရုံတွေက လုပ်တယ် ဒါပေမယ့် နည်းလမ်းမမှန်ဘူးပေါ့ တချို့က ရေကို PH လျှော့ချဖို့ ထုံးတွေရောတာတို့ ကန်တွေနဲ့ လုပ်တာတို့ ဒလက်တွေနဲ့လုပ်တာတို့ နည်းစဥ် မမှန်ဘူးပေါ့ ”

ရန်ကုန်မြို့မှာရှိတဲ့ Grand Royal ၊ YD အရက်ချက်စက်ရုံ နဲ့ Heniken ဘီယာစက်ရုံ မန္တလေးမြို့က ရွှေမြင်းပျံ အရက်ချက်စက်ရုံတွေရဲ့ ရေဆိုးစနစ်တကျ စွန့်ပစ်နေတာကို သွားရောက် လေ့လာခဲ့တာဖြစ်ပြီး တချို့စက်ရုံတွေက စနစ်တကျ စွန့်ပစ်နေပြီဆိုပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်အထိ လျှော့ချနိုင်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။

ရေဆိုးထွက်ရှိတဲ့စက်ရုံတွေမှာ စနစ်တကျရေဆိုးစွန့်ပစ်ဖို့ကြပ်မတ်ပေးရေးအဆိုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြု ခဲ့ပြီး အခုလို လိုက်လံလေ့လာနေတာ ဖြစ်ပါတယ်။

ရေဆိုးစွန့်ပစ်တဲ့စက်ရုံတွေ စနစ်တကျစွန့်ပစ်မှုရှိမရှိကို ကာလတစ်ခုအချိန်ပေးစောင့်ကြည့်ပြီး အရေးယူမှုတွေလုပ်ဆောင်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းသွားမယ် လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ရေဆိုးစွန့်ပစ်မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ကို အစိုးရအပြင် အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ ပါဝင်ဖွဲ့စည်းပြီး စဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်သွားနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

RFA Burmese

Leave a comment