Home

​ဦးဝီရသူ ခွင့်ပြုချက်မရှိဘဲ သီးကွင်းကျေးရွာမှာ တရားပွဲ ကျင်းပခဲ့တာဖြစ်ကြောင်း တိုင်းဝန်ကြီးပြော

မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲတွင် တွေ့ရစဥ်။ Photo: Wira Thu/ Facebook

တရားဟောပြောခွင့် တစ်နှစ် အပိတ်ခံထားရတဲ့ မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ မနေ့ညက ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သီးကွင်းကျေးရွာမှာ ကျင်းပခဲ့တဲ့ တရားပွဲဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။
တိုင်းအစိုးရရဲ့ ပိတ်ပင်ချက်ဟာ အာဏာစက်သာဖြစ်ပြီး ဓမ္မစက်မဟုတ်တဲ့အတွက် တရားပွဲကို အစိုးရ ခွင့်ပြုချက်မရှိလည်း ဟောမှာဖြစ်ကြောင်း အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ကို ရဟန်းပျိုများအဖွဲ့က မနေ့က လာရောက်ပြောကြားပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။

သီးကွင်းကျေးရွာမှာ ကျင်းပတဲ့ တရားပွဲမှာ ဦးဝီရသူက တရားဟောစင်မှာ ပါးစပ်ကိုတိပ်နဲ့ပိတ်ပြီး နာရီဝက်ကြာ တရားခွေ ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီတရားပွဲကို တရားနာပရိသတ် တစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး အလှူငွေ သိန်းနဲ့ချီ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဦးဝီရသူဟာ ဧရာဝတီတိုင်းထဲမှာ ဟောပြောဖို့ လက်ခံထားတဲ့ တရားပွဲတွေလည်း ကျန်ရှိနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဦးဝီရသူကို တရားဟောခွင့်မပြုကြောင်း တိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁ဝရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဦးဝီရသူဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းတရားတွေပွားကာ ဘာသာရေးအဓိကရုဏ်း ဖြစ်စေ မယ့် ဟောပြောချက်တွေ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေမယ့် ဟောပြောချက်တွေ နဲ့ နိုင်ငံရေးပါတီတွေကြား ဘက်လိုက်ဝေဖန်ဟောပြောချက်တွေရှိတာကြောင့် တရားဟောခွင့် တစ်နှစ် ပိတ်လိုက်ကြောင်း မတ်လ ၉ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက (၄၇) ပါးစုံညီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ဦးဝီရသူအနေနဲ့ လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွေ၊ သတင်းမီဒီယာတွေ မှာ ဆန့်ကျင်ဝေဖန်ပြောဆိုတာတွေ လုပ်လာရင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခြင်း ခံရမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ် ပြန်ထားပါတယ်။

RFA Burmese

Leave a comment