Home, Local News

​KNU ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီ

ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြုံရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ်။ ဓာတ်ပုံ – ဘိုဘို

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ၁၃ ။             ။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌသစ် ရွေးချယ်မည့် ၁၆ ကြိမ်မြောက် ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန် အဆင်သင့်ဖြစ်နေပြီး တက်ရောက်မည့် ကိုယ်စားလှယ် ၂ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 
လေးနှစ်တစ်ကြိမ် ကျင်းပသော ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲချိန်တွင် စတင်မည်ဖြစ်ပြီး KNU ၏ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခုမှ တာဝန်ရှိသူများ၊ ကရင်နိုင်ငံရေးပါတီများ  ၊ ပြည်တွင်း ပြည်ပ ကရင်အမျိုးသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ယနေ့ထိ လူဦးရေ ၂ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့က ပြောသည်။ 

“အဆင့်သင့်ဖြစ်ပြီ။ ရောက်နေတဲ့ကိုယ်စားလှယ်က စုံသလောက်ရှိနေပါပြီ။ တက်ခွင့်ရကိုယ်စားလှယ် ၂၂ဝ လောက်ရှိတယ်။ တခြားကိုယ်စားလှယ်တွေလည်း ရောက်နေပါပြီ။ တောထဲမှာ ဖြစ်တဲ့အတွက် သူတို့ ကြိုတင်ပြီးတော့ ရောက်ရမှာဖြစ်တယ်။ မနက်ဖြန် ကရင်စံတော်ချိန် ၈ နာရီခွဲစမယ်”ဟု ပဒိုစောသောသီဘွဲက မဇ္စျိမကို ပြောသည်။ 

ညီလာခံတွင် KNU ၏ ၄ နှစ်တာကာလအတွင်း လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိ နိုင်ငံရေး အခြေအနေများ သုံးသပ်ခြင်းများနှင့် KNU ၏ ၁ဝ ဦးမြောက် ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့် ဗဟိုအမြဲတမ်း ကော်မတီ ၄၅ ဦးတို့ကိုလည်း ရွေးချယ်သွားမည် ဖြစ်သည်။

ညီလာခံကို မနက်ဖြန် မတ် ၁၄ ရက်မှစတင်ကာ ရက်သတ္တပတ် သုံးပတ်ကြာ ကျင်းပမည် ဖြစ်သည်။ 

KNU သည် အစောပိုင်းက မတ်လအတွင်း ညီလာခံ ကျင်းပရန် ရှိသဖြင့် မတ်လတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

သို့သော် အစိုးရဘက်ကလည်း ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပရန် ရက်ရွှေ့ဆိုင်းထားသည်။

KNU သည် ၂ဝ၁၆ ခုနှစ်က ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA)ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။ 

#မဇ္ဈိမ

Home, Local News

​ရန်ကုန်တွင် လျှပ်စစ်မီးမပြတ်စေရေး ကျပ်သန်းပေါင်း ၃သောင်းတန် ဓာတ်အားထုတ်စက် ဝယ်ယူရန် စီစဉ်

ဖယောင်းတိုင်မီး အသုံးပြုပြီး စာကျက်နေသည့် ကျောင်းသားတစ်ဦး(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၃ရက်၊ ၂ဝ၁၇ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျပ်ငွေ ၃ဝဘီလီယံ(ကျပ်သန်းပေါင်း သုံးသောင်း)ကျသင့်မည့် ဓာတ်အားထုတ်စက်တစ်လုံး ဝယ်ယူခွင့်ပြုရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ ၁၃ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြလိုက်သည်။
၂ဝ၁၆ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သီးသန့်ရံပုံငွေမှ ကျပ် ၃ဝ ဘီလီယံအား သုံးစွဲပြီး ဝယ်ယူမည့် အဆိုပါ ဓာတ်အားထုတ်စက်မှာ ၂၅ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ၂ဝဝ မဂ္ဂါဝပ် မဖြစ်မနေ လိုအပ်လျက် ရှိသည်။

ရန်ကုန်တိုင်း ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် ၂လုံးမှ သဘာဝဓာတ်ငွေ့ တိုးတက်ရရှိမှုအရ ထပ်မံထုတ်လုပ်နိုင်သည့် ပမာဏမှာ ၇ဝ မဂ္ဂါဝပ်ခန့် ဖြစ်ပြီး ယခု ဝယ်ယူမည့် ဓာတ်အားထုတ်စက်မှ ထွက်ရှိလာမည့် ၂၅မဂ္ဂါဝပ်နှင့် ပေါင်းပါက ၉၅ မဂ္ဂါဝပ်အထိသာ တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

“နွေရာသီပူပြင်းခြောက်သွေ့သည့် ကာလတွင် တိုးတက်လာသည့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိသေးသည့်အပြင် ပင်မဓာတ်အားခွဲရုံအချို့နှင့် မဟာဓာတ်အားလိုင်းအချို့တွင်လည်း ဝပ်အားပြည့်မီခြင်း၊ ဝပ်အားကို ကျော်လွန်သုံးစွဲနေရခြင်းတို့ ဖြစ်ပေါ်နေပါသည်” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။

လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် ၃ဝဝမဂ္ဂါဝပ် ဓာတ်အားထုတ်စက်များ အရေးပေါ်တည်ဆောက်ရန် စီမံခဲ့သော်လည်း ဘဏ္ဍာငွေ အခက်အခဲရှိခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အရေးပေါ် ဖြည့်ဆည်းနိုင်ရန် ၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားထုတ်စက် ဝယ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်အားပေးစက်မှာ သဘာဝဓာတ်ငွေ့နှင့်သော်လည်းကောင်း၊ ဒီဇယ်ဆီဖြင့်သော်လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်ပြီး ဒီဇယ်ဆီဖြင့် မောင်းနှင်ပါက ဒီဇယ်ဆီတစ်လီတာအတွက် ၆၉ဝကျပ် ဈေးဖြင့် တွက်ချက်ပါက ဓာတ်အားတစ်ယူနစ်အတွက် ဆီဖိုး နှစ်ရာကျပ်ခန့် ကုန်ကျမည် ဖြစ်ပါသည်။

ဓာတ်အားပေးစက်အား တစ်ရက်လျှင် ငါးနာရီခန့်မောင်းနှင်ရန် စီစဉ်ထားပြီး “ရွှေ့ပြောင်းဓာတ်အားထုတ်စက်ဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် အရေးပေါ်လိုအပ်သည့် မည်သည့်နေရာမဆို ရွှေ့ပြောင်းဓာတ်အားထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူရန် စီစဉ်ခြင်း ဖြစ်ပါသည်” ဟုလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

ကျပ်သန်းပေါင်း ၃သောင်း ကျသင့်မည့် အဆိုပါ ဓာတ်အားပေးစက် ဝယ်ယူရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁၅ရက်တွင် နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်၊ ညွှန်ကြားရေးချုပ်ထံ အမည်စာရင်း ပေးသွင်းကြရန် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်အစည်းအဝေးတွင် ကြေငြာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုပါက “သင်္ဘောတင်ကာလ ၃ဝရက်ခန့် ၊ ပစ္စည်းရောက်ရှိပြီးနောက် တပ်ဆင်ခြင်းလုပ်ငန်း ၁၅ရက်ခန့်ဖြစ်၍ စာချုပ်ချုပ်ဆိုပြီး၍ ၄၅ရက်ခန့်အတွင်း စတင် ဓာတ်အားထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်” ဟု ဒုဝန်ကြီးက ဆိုသည်။

#မဇ္ဈိမ

အတွေးအမြင်, Home

​စာမေးပွဲနတ် ဖမ်းစားခြင်းဒုက္ခမှ ကင်းဝေးကြပါစေ

ယခုရက်အတောအတွင်း အခြေခံပညာ အထက်တန်းစာမေးပွဲ စာမေးပွဲဖြေဆိုကြတဲ့သတင်းက သတင်းစာမျက်နှာများပေါ်တွင် နေ့စဉ်လိုပင် မြင်နေကြားနေကြရပါသည်။
စာမေးပွဲဖြေဆိုနေကြသည့်ကျောင်းသားများရဲ့အသံ၊ ကျောင်းသားမိဘများရဲ့အသံနှင့် စာမေးပွဲသတင်းအပေါ်စိတ်ဝင်စားသည့် ပုဂ္ဂိုလ်အသီးသီးတို့ရဲ့အသံများကိုလည်း နေ့စဥ်ရက်ဆက် ကြားနေကြရပါသည်။

မဇ္စျိမနေ့စဉ် အွန်လိုင်းသတင်းတွင် အောင်သပြေပန်းပန်လျက်၊ အောင်သပြေပန်းကိုင်လျက် စာမေးပွဲခန်းမတွေဆီ ရောက်လာကြသည့် ကျောင်းသားများရဲ့ စိတ်လှုပ်ရှားနေသည့့် သတင်းဓါတ်ပုံများကိုလည်း တွေ့ခဲ့ကြရသည်။ တခြားသတင်းဌာနတစ်ခုပေါ်တွင်မူ စာမေးပွဲဖြေဆိုသည့် ကျောင်းသားတစ်ဦး၏ မိခင်က သူတို့တမိသားစုလုံးအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် သားသမီးအတွက် ကောင်းမွန်စွာပင် မအိပ်စက်နိုင်ဘဲ သောကများနေကြရကြောင်း ထုတ်ဖေါ်ပြောပြသည်ကိုလည်း ဖတ်ကြရ သိကြရပါသည်။

သတင်းဌာနတစ်ခုတွင်မူ စာမေးပွဲဖြေဆိုသည့် ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းရာ၌ ကျောင်းသားတစ်ဦးက သူ့အနေနှင့် အောင်ရန် မအောင်ရန် အသေအချာမပြောနိုင်ကြောင်း၊ တစ်နှစ်လုံးနေလာ သင်လာခဲ့သမျှ နာရီပိုင်းအတွင်း ဖြေဆိုသည့် ဖြေဆိုချက်ဖြင့် အောင်ရှုံးဆုံးဖြတ်ခြင်းကို မနှစ်သက်သည့်အကြောင်း၊ ဥပမာ စာမေးပွဲဖြေဆိုမည့်ရက်ကြကာမှ ကျန်းမာရေးမကောင်း၍ စာမေးပွဲမဖြေလိုက်ရလျင် တစ်နှစ်လုံး ကြိုးစားထားခဲ့ရသမျှ သဲထဲရေသွန်သလို ဖြစ်မှာသေချာကြောင်း၊ ထို့ကြောင့် သူ့အနေနှင့် စာမေးပွဲကို ပျော်ရွင်တက်ကြွစွာ မဖြေဆိုနိုင်ဘဲ ကံကြမ္မာနှင့်လောင်းကြေးထပ်ပြီးမှ ဖြေဆိုရသည့်သဘောမို့ စိတ်ပျက်မိကြောင်း ထုတ်ဖေါ်ပြောဆိုသွားခဲ့၏။

သည်ကြားထဲ စာမေးပွဲမေးခွန်း မှားသည့်သတင်းကလည်း ထွက်လာခဲ့ပြန်သေးသည်။ ယင်းသတင်းသာ မှန်ကန်ပါက မီးလောင်ရာလေပင့်ဆိုသလို ကျောင်းသားများ၊ ကျောင်းသားမိဘများရဲ့သောကမှာ ပိုလို့သာ မြင့်တက်လာမည်မှာ သေချာနေပြန်သည်။ တစ်နှစ်တာလုံး ပညာရေးကို ငွေနှင့်ချိန်ဆက်ပြီး ရင်းနီးလာခဲ့ပြီးမှ သည်လိုသာ မေးခွန်းအမှားနှင့်ဖြေကြရမည်ဆိုလျင် အတိုင်းအဆမရှိ နစ်နာကြရမည်မှာ သေချာနေပြန်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပညာရေးစနစ်ကတော့ မလွဲမသွေ အနှေးနှင့်အမြန် ပြောင်းလဲဖို့ လိုအပ်ပါသည်။ အဖက်ဖက်မှ ချို့ယွင်းလျက်ရှိသော ပညာရေးစနစ်ကို ပညာရှင်များ၊   ကျောင်းသားများ၊   ကျောင်းသားမိဘများ စုပေါင်းအဖြေရှာ ပြုပြင်မှဖြစ်တော့မည်မှာလည်း အသေအချာပင်ဖြစ်သည်။

လောလောဆယ်တွင်မတော့ ကျောင်းသားမိဘများနှင့် ကျောင်းသားများအနေဖြင့် စာမေးပွဲနတ် ဖမ်းစားနှိပ်စက်မှုဒဏ်မှ လျော့ပါးကင်းလွတ်နိုင်ပါစေကြောင်းနှင့် ကျောင်းသားများအနေဖြင့်လည်း   အောင်မြင်အောင် ဖြေဆိုနိုင်ကြပါစေကြောင်း မဇ္ဈိမက ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

#မဇ္ဈိမ

Breaking News, Home

​သင်္ကြန် ရုံးပိတ်ရက် ၁ဝ ရက် ဆက်တိုက် ပြန်ဖြစ်မယ်

ဌာနဆိုင်ရာ ဝန်ထမ်းများကို ယခင်အတိုင်း သင်္ကြန် ရုံးပိတ်ရက်(၁ဝ) ရက် ဆက်တိုက်ပိတ်ရက် ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ယာယီညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ပြောသည်။
” သင်္ကြန်ပိတ်ရက်က ၅ ရက်ပဲ။  ဌာနဆိုင်ရာ အစီစဥ်နဲ့ လုပ်တာက ၅ရက်ပေးမယ်။ အဲ့တော့ ဝန်ထမ်းတွေက ၁ဝ ရက် ရမယ်။ ပုဂ္ဂလိက ဝန်ထမ်းတွေရှိတယ် စက်ရုံ အလုပ်သမားတွေ အဲ့တာတွေ ကိုလည်း ဒီနေ့ UMFCCI မှာ ညှိတယ်။ သူတို့လည်း ၁ဝ ရက်ရအောင် လုပ်ပေးနေတယ်။ တရာဝင် ရုံးပိတ်ရက်ကတော့ ၅ရက်ပဲ။ ဌာနဆိုင်ရာတွေ (ဝန်ထမ်းများ)  ဆက်တိုက် နားလို့ရအောင် လုပ်ပေးမယ်” ဟု ပြောသည်။

ပြည်ထောင်စု အစိုးရက မတ်လ ၁ဝ ရက်တွင် ၃၁/၂ဝ၁၇ ဖြင့် ထုတ်ပြန်သည့် အမိန့်တွင် သင်္ကြန်ပိတ်ရက်ကို ၅ ရက်သတ်မှတ်ထားသည်။ သို့သော် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မိမိတို့ အစီအစဥ်ဖြင့် ပိတ်ရက် ၅ ရက် သတ်မှတ်ရမည်ဖြစ်သည်။ ထို့ကြောင့် စုစုပေါင် သင်္ကြန်ပိတ်ရက် ၁ဝ ရက် ရရှိမည်ဖြစ်သည်။

ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း မိသားစုတွေများနှင့် ပြန်လည်တွေ့ဆုံခြင်း၊ အလှူအတန်း ဘာသာရေးကိစ္စများ ပြုလုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ အပန်းဖြေခရီး သွားရောက်ရန် ကြိုတင် စီစဥ်ထားခြင်းတို့ကြောင့် မူလက ခံစားခွင့်ပြုထားသော မဟာသင်္ကြန် ရုံးပိတ်ရက်(၁ဝ)ရက်အတိုင်း ခံစားခွင့်ရရှိရေး သက်ဆိုင်ရာဌာန အစီအစဥ်ဖြင့် စီစဥ်ဆောင်ရွက်ခြင်းဖြစ်သည်။

သင်္ကြန်ပိတ်ရက် ၁ဝ ရက်ဆက်တိုက် အနားယူနိုင်ရန် စီစဥ်ပေးမည်ဖြစ်သော်လည်း ဝန်ကြီးဌာနအလိုက်  ပိတ်ရက်ပေးမှုမှာ ကွဲပြားနိုင်သည်ဟု  နိုင်ငံတော်သမ္မတ ဦးဇော်ဌေးကပြောသည်။

” ရုံးပိတ်ရက် ၅ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ ဌာနဆိုရင် အလုပ်တွေလုပ်ရမယ်။ တချို့လုပ်ရမယ့် ဌာနတွေလည်း လုပ်ရမယ်။ အဲ့တာ ဌာနအစီစဥ်နဲ့လုပ်ရမှာ။ သူ့ဟာသူ လုပ်လိမ့်မယ် နှစ်သုတ်ခွဲရင် ခွဲမယ် ၃ သုတ်ခွဲရင်ခွဲမယ် ဒါကတော့ သက်ဆိုင်ရာဝန်ကြီးဌာနလုပ်လိမ့်မယ် ” ဟု ပြောသည်။

ယခုနှစ် သင်္ကြန် ပိတ်ရက် ၅ရက်အစား ကိုယ့်အစီစဥ်ဖြင့်ကို ၁ဝရက်ပိတ်ပေးနိုင်ရန် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် လုပ်ငန်းရှင်များ မတ် ၆ ရက်တွင်တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုအစိုးရမှ  “နှစ်သစ်ကူးရုံးပိတ်ရက်များအား မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်မှစ၍ ၁ဝရက်တိတိ သတ်မှတ်ခဲ့သည့်အတွက် ရက်ရှည်ကာလရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည် ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း” ကြောင့်ဟုဆိုက မတ် ၁ဝ ရက် အမိန့်ကြော်ငြာစာတွင် ရေးသားထားသည်။

ထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာတွင် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၁ဝရက်အစား မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။ ကျန်ရှိသည့် ရုံးပိတ်ရက် ၅ရက်အား သီတင်းကျွတ်ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဖြည့်တင်း၍ ပြင်ဆင်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

ဖြည့်တင်းသတ်မှတ်လိုက်သည့် ပိတ်ရက်များမှာ သီတင်းကျွတ်ရုံးပိတ်ရက် ၃ရက်၊ တန်ဆောင်တိုင် ရုံးပိတ်ရက် ၂ရက်နှင့် နိုင််ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်  ၂ရက် ဖြစ်ကြောင်းလည်း အမိန့်ကြော်ငြာစာတွင် ဆိုထားသည်။

#မဇ္ဈိမ