Home, Local News

​ရန်ကုန်တွင် လျှပ်စစ်မီးမပြတ်စေရေး ကျပ်သန်းပေါင်း ၃သောင်းတန် ဓာတ်အားထုတ်စက် ဝယ်ယူရန် စီစဉ်

ဖယောင်းတိုင်မီး အသုံးပြုပြီး စာကျက်နေသည့် ကျောင်းသားတစ်ဦး(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၃ရက်၊ ၂ဝ၁၇ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျပ်ငွေ ၃ဝဘီလီယံ(ကျပ်သန်းပေါင်း သုံးသောင်း)ကျသင့်မည့် ဓာတ်အားထုတ်စက်တစ်လုံး ဝယ်ယူခွင့်ပြုရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ ၁၃ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြလိုက်သည်။
၂ဝ၁၆ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သီးသန့်ရံပုံငွေမှ ကျပ် ၃ဝ ဘီလီယံအား သုံးစွဲပြီး ဝယ်ယူမည့် အဆိုပါ ဓာတ်အားထုတ်စက်မှာ ၂၅ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ၂ဝဝ မဂ္ဂါဝပ် မဖြစ်မနေ လိုအပ်လျက် ရှိသည်။

ရန်ကုန်တိုင်း ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် ၂လုံးမှ သဘာဝဓာတ်ငွေ့ တိုးတက်ရရှိမှုအရ ထပ်မံထုတ်လုပ်နိုင်သည့် ပမာဏမှာ ၇ဝ မဂ္ဂါဝပ်ခန့် ဖြစ်ပြီး ယခု ဝယ်ယူမည့် ဓာတ်အားထုတ်စက်မှ ထွက်ရှိလာမည့် ၂၅မဂ္ဂါဝပ်နှင့် ပေါင်းပါက ၉၅ မဂ္ဂါဝပ်အထိသာ တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

“နွေရာသီပူပြင်းခြောက်သွေ့သည့် ကာလတွင် တိုးတက်လာသည့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိသေးသည့်အပြင် ပင်မဓာတ်အားခွဲရုံအချို့နှင့် မဟာဓာတ်အားလိုင်းအချို့တွင်လည်း ဝပ်အားပြည့်မီခြင်း၊ ဝပ်အားကို ကျော်လွန်သုံးစွဲနေရခြင်းတို့ ဖြစ်ပေါ်နေပါသည်” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။

လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် ၃ဝဝမဂ္ဂါဝပ် ဓာတ်အားထုတ်စက်များ အရေးပေါ်တည်ဆောက်ရန် စီမံခဲ့သော်လည်း ဘဏ္ဍာငွေ အခက်အခဲရှိခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အရေးပေါ် ဖြည့်ဆည်းနိုင်ရန် ၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားထုတ်စက် ဝယ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်အားပေးစက်မှာ သဘာဝဓာတ်ငွေ့နှင့်သော်လည်းကောင်း၊ ဒီဇယ်ဆီဖြင့်သော်လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်ပြီး ဒီဇယ်ဆီဖြင့် မောင်းနှင်ပါက ဒီဇယ်ဆီတစ်လီတာအတွက် ၆၉ဝကျပ် ဈေးဖြင့် တွက်ချက်ပါက ဓာတ်အားတစ်ယူနစ်အတွက် ဆီဖိုး နှစ်ရာကျပ်ခန့် ကုန်ကျမည် ဖြစ်ပါသည်။

ဓာတ်အားပေးစက်အား တစ်ရက်လျှင် ငါးနာရီခန့်မောင်းနှင်ရန် စီစဉ်ထားပြီး “ရွှေ့ပြောင်းဓာတ်အားထုတ်စက်ဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် အရေးပေါ်လိုအပ်သည့် မည်သည့်နေရာမဆို ရွှေ့ပြောင်းဓာတ်အားထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူရန် စီစဉ်ခြင်း ဖြစ်ပါသည်” ဟုလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

ကျပ်သန်းပေါင်း ၃သောင်း ကျသင့်မည့် အဆိုပါ ဓာတ်အားပေးစက် ဝယ်ယူရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁၅ရက်တွင် နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်၊ ညွှန်ကြားရေးချုပ်ထံ အမည်စာရင်း ပေးသွင်းကြရန် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်အစည်းအဝေးတွင် ကြေငြာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုပါက “သင်္ဘောတင်ကာလ ၃ဝရက်ခန့် ၊ ပစ္စည်းရောက်ရှိပြီးနောက် တပ်ဆင်ခြင်းလုပ်ငန်း ၁၅ရက်ခန့်ဖြစ်၍ စာချုပ်ချုပ်ဆိုပြီး၍ ၄၅ရက်ခန့်အတွင်း စတင် ဓာတ်အားထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်” ဟု ဒုဝန်ကြီးက ဆိုသည်။

#မဇ္ဈိမ

Leave a comment