ပြည်တွင်းသတင်းများ, မူလစာမျက်နှာ, မှုခင်းရေးရာ

​နယ်ထိန်းကိုကားဖြင့် တိုက်သတ်သူအား လူသတ်မှုအပါအဝင် ပုဒ်မသုံးခုဖြင့်တရားစွဲ

ရန်ကုန် မတ် ၁၄
မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း၌ ဆိုင်ကယ် ဖြင့် လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းကိုကားဖြင့်တိုက်သတ် သူအား လူသတ်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုလိုက်ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၁၂ နာရီကျော်က ပြစ်မှုကျူးလွန်သူ ဇော်သန့်အပါအဝင် သူငယ်ချင်းနှစ်ဦးဖြင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ လမ်းဘေးအုတ်ခုံပေါ်တွင် အရက်သေစာသောက်စားပြီး အော်ဟစ်ဆူညံနေသောကြောင့် လှည့်ကင်းတာဝန်ကိုထမ်းဆောင်နေသော ရဲအရာရှိများက သွားရောက်ထိန်းသိမ်းခဲ့ရပြီး ထိုကဲ့သို့ထိန်းသိမ်းသည်ကို မကျေနပ်သောကြောင့် နောက်မှလိုက်၍ စူပါကာစတန်ယာဥ်ဖြင့် တိုက်ခဲ့သောကြောင့် နယ်ထိန်းရဲတပ်ကြပ်ညီညီထွေးမှာ ယာဥ်တိုက်ခံရ သည့်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

”ပထမကတော့ ပြစ်မှုကျူးလွန်သူကို ယာဥ်မတော်တဆမှုနဲ့ပဲ ဖွင့်ထားတာပါ။ ခုတရားရုံးရောက်တော့ တရားရုံးဆုံးဖြတ်ချက်အရ လူသတ်မှု၊လူသတ်မှုကျူးလွန်ရန်အားထုတ်မှု၊ ပြည်သူ့ဝန်ထမ်းကို တာဝန် ထမ်းဆောင်စဥ် ဟန့်တားနာကျင်စေမှုတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်” ဟု မြောက်ဥက္ကလာပရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ပုဒ်မ-၃ဝ၂/ ၃ဝ၇/၃၃၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အုတ်ကျော်ဟိန်း

The Union Daily

ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​ကိုးကန့်နဲ့ ကွတ်ခိုင်မှာ တိုက်ပွဲတွေဆက်

တရုတ်ဘက်ကို လူထောင်ချီ ထွက်ပြေးနေရ

ရှမ်းမြောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမဘေး နမ့်ဖက်ကာမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။
အစိုးရဘက်က(၁ဝ) ဦး ကျဆုံးပြီး အများအပြားဒဏ်ရာရတယ်၊ နှစ်ဘက် ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောဆိုပါတယ် ။

ကွတ်ခိုင်မြို့နားက ဗျူဟာအမှတ်(၅)တပ်စခန်း အနီးမှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ သိရပါတယ်။

အစိုးရတပ်က ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်တွေ ထိခိုက် ဒဏ်ရာရတာ သေဆုံးတာတွေ ရှိတယ် လို့လည်း ဆိုပါတယ်။

ရခိုင်ဒေသမှာလည်း စစ်ကားကြီး (၆ဝ) ကျော်ပါ စစ်အင်အားတိုးချဲ့နေမှုများကို တွေ့မြင်နေရပြီး စစ်ရေးပြင်ဆင်မှုတွေရှိလာနေတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ ရှမ်းမြောက်တိုက်ပွဲမှာ အစိုးရဘက်က အကျအဆုံးကို ချက်ချင်း ထုတ်ပြန်လေ့မရှိဘူးလို့ဆိုပါတယ်။

ကိုးကန့် MNDAA နဲ့ တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားရာမှာ ဒါဇင်နဲ့ချီတဲ့ အစိုးရ တပ်သားတွေ ကျတယ်လို့ပဲ အစိုးရ ဘက်က ထုတ်ပြန်ပါတယ်။

ရခိုင်ဘက်မှာ စစ်ရေးပြင်တယ်ဆိုတာလည်း မောင်တော အကြမ်းဖက်မှုတွေ အတွက် နယ်မြေလုံခြုံရေး ပြင်ဆင်တာဖြစ်တယ်၊ မြောက်ပိုင်းကိစ္စနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။

BBC Burmese

ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​စင်္ကာပူ ဝါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံရောက်ရှိ

စင်္ကာပူ ဝါရင့်ဝန်ကြီး Goh Chok Tong

စင်္ကာပူ ဝါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဥ်ကို ဒီကနေ့ စတင်ပါတယ်။
မတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိကြာမြင့်မယ့် ခရီးစဥ် အတွင်း နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ နာယက သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အကြီးအကဲ သူရ ဦးရွှေမန်း၊ အရင် သမ္မတရုံး ဝန်ကြီးဟောင်း လက်ရှိ လွှတ်တော် အမတ် ဦးစိုးသိန်းတို့နဲ့လည်း တွေ့ဆုံမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

စင်္ကာပူက ဖွင့်လှစ်မယ့် သက်မွေးပညာသင်တန်းကျောင်း ဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကိုလည်း သမ္မတ ဦးထင်ကျော်နဲ့ စကင်္ာပူ ဝါရင့်ဝန်ကြီး ဂိုချောက်တောင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည့် ကဗျာကို အခြေခံပညာကျောင်းများတွင် သင်ကြားရန် အကြံပြု

နေပြည်တော်၊ မတ် ၁၄။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပြန်ထားသည့် IF (အကယ်၍) ကဗျာသည် ကိုယ်ကျင့်တရားစောင့်ထိန်းအပ်သည့် အတွေးအခေါ်အယူအဆများရရှိစေခြင်းကြောင့် ကလေးသူငယ်​များကို သင်ကြားပေးရန် အစီရင်ခံစာတွင် အကြံပြုထားကြောင်း သိရှိရသည်။

“လူတို့၏ စိတ်ဓါတ်ကို မြှင့်တင်ပေးပြီး ကိုယ်ကျင့်တရားကို စောင့်ထိန်းအပ်သော အထွေးအခေါ် အယူအဆများ ရစေခြင်းအလို့ငှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုထားသော (အကယ်၍) ကဗျာကို ကျောင်းသင် ဘာသာရပ်အဖြစ် ပြဌာန်း ပေးသင့်တယ်”ဟု ကျန်းမာရေး အားကစားနှင့် ယဥ်ကျေးမှုဆိုင်ရာ ကော်မတီမှ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်က အစီရင်ခံစာအကြံပြုထားမှုကို ဖတ်ကြားခဲ့သည်။

အစီရင်ခံစာသည် မတ်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်၌ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးကာလအထိ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို တင်သွင်းခြင်းဖြစ်သည်။

ကျန်းမာရေး အားကစားနှင့် ယဥ်ကျေးမှုဆိုင်ရာ ကော်မတီ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီးသည်။

ယဥ်ကျေးမှုဖြင့် ပတ်သက်၍ ကယားမျိုးနွယ်စုဖြစ်သည့် ကယော/ပရဲ့ လူမျိုးများ၏ တစ်ကိုယ်တော် ဟန်ပန်အမူအရာနှင့် အေးဆေးစွာကပြသော ယဥ်ကျေးမှုအကများနှင့် အီရိုးခေါ် တေးကဗျာနှင့် အိဟယ်ခေါ် ငိုချင်းတေးကဗျာများကို လူငယ်များအား သင်ကြားပေး သင့်ကြောင်းကိုလဲ အစီရင်ခံစာတွင်အကြံပြုထားသည်။

မတ်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်တွင် ကော်မတီ အချို့၏ လုပ်ငန်း ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြသည့် အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။

#Central News Myanmar