Uncategorized

တာမွေမြို့နယ် ဒုဦးစီးမှူးတစ်ဦး ကြိုးဆွဲချသေဆုံး

တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၂၇ နှစ်အရွယ် ဒုဦးစီးမှူးတစ်ဦး ယနေ့(မတ်လ ၁၅ ရက်) နံနက် ၁ဝ နာရီခန့်က ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ရောက်သွားတော့ သူကြိုးဆွဲချသေတဲ့နေရာနဲ့ ရှေ့နှစ်ပေသုံးပေလောက်မှာ သွေးအိုင်တစ်ကွက် တွေ့တယ်။ 

နောက်ပြီး သူ့နဖူးမှာလဲ ကွဲထားတဲ့ဒဏ်ရာတွေ့တယ်။ သူ့ဖုန်းကို ယူကြည့်လိုက်တော့ ဒီမနက် ၈ နာရီ ခွဲအထိ သူအပြင်နဲ့ဆက်သွယ်ထားတာတွေ့တယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဆိုသည်။တာမွေမြို့နယ်၊

 မေတ္တာညွှန့်ရပ်ကွက်၊ အဝေရာလမ်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနဝင်း အတွင်းရှိ လိုင်းခန်းအနောက်ဘက်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။

“ဘာလို့သေတာလဲ ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ။ သေဆုံးသူက ဒုဦးစီးမှူးနေမျိုးဆွေပါ။ အသေးစိတ်တော့မသိရသေးပါဘူး”ဟု ၎င်းကဆိုသည်။

#7DN

ပြည်ပသတင်းများ

​လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး၏ နားကြပ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဩစတြေးလျ ထုတ်ပြန်

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ သီချင်းနားထောင်သော နားကြပ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း Samsung ကုမ္ပဏီက ထုတ်လုပ်သည့် Galaxy Note 7 စမတ်ဖုန်းများ အပူလွန်ကဲပြီး မီးလောင်မှုကြောင့် လေယာဉ်ပေါ် ယူဆောင်ခွင့် ပိတ်ပင်ခံရဖူးပြီး ယခုအခါ အလားတူ ပြဿနာတစ်ရပ် ကြုံလာခြင်းဖြစ်သည်။

အဆိုပါ ခရီးသည် အမျိုးသမီးသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်နှင့် ဩစတြေးလျရှိ မဲလ်ဘုန်းတို့ကြား ပျံသန်းသည့် လေယာဉ်ပေါ်တွင် ရှိနေစဉ် ယခုဖြစ်ရပ်နှင့် ကြုံခဲ့ခြင်းဟု သိရသည်။ သူမက ဩစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန တာဝန်ရှိသူများကို ပြောကြားခဲ့ရာ၌ သီချင်းနားထောင်ရင်း အိပ်ပျော်သွားခဲ့ကြောင်း၊ နှစ်နာရီမျှ ကြာမြင့်ခဲ့သည်ဟု ခန့်မှန်းရကြောင်းနှင့် ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရကြောင်း ပါရှိသည်။

“ကျွန်မ အရမ်းလန့်သွားပြီး ခေါင်းကို လှည့်လိုက်တဲ့အချိန် မျက်နှာမှာ ပူနေတာကို ခံစားလိုက်မိတယ်”ဟုလည်း သူမက ဆိုသည်။ အမျိုးသမီး၏ မျက်နှာတွင် မီးဟပ်ပြီး မှိုင်းအမည်းများ စွဲသွားသလို သူမ၏ လက်တွင်လည်း အရည်ကြည်ဖုထသည့် ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။ လေကြောင်းလိုင်း တာဝန်ရှိသူများက ခရီးသည်များကို ယခုကိစ္စနှင့် ပတ်သက်၍ လိုက်လံ သတိပေးခဲ့ရသည်။

ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း ယခုပေါက်ကွဲမှုသည် နားကြပ်ကိုယ်တိုင်ထက် နားကြပ်တွင် ပါရှိသည့် ဘက်ထရီကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက မှတ်ချက်ပေးထားသည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှသာ ဩစတြေးလျ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်နားကြပ် အမျိုးအစားနှင့် ဘက်ထရီကြောင့်ပြဿနာ ဖြစ်ခဲ့သည်ကိုမူ ကြေညာသွားခြင်း မရှိချေ။

Ref: CNN

#7DN

ပြည်တွင်းသတင်းများ

​ဟင်္သာတမြို့နယ် ဥတိုကျေးရွာတွင် နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အိမ် (၃) လုံး မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွား

ဟင်္သာတ ၊ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် တံတားဦးကျေးရွာ အုပ်စု ဥတိုကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင် ကျွမ်းခဲ့သည်။

ဖြစ်စဥ်မှာ ဥတိုကျေးရွာနေ ဦးသိန်းလှိုင် အသက် (၄၄) နှစ် (ဘ) ဦးအောင်သန်း သည် လယ်ထဲသို့ ပဲနှုတ် သွားနေစဉ် ၎င်း၏နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင်မှ လူနေအိမ် (၃)လုံးအား ဆက်လက်ကူးစက်လောင် ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် တပ်ဖွဲ့ဝင်(၁၅)ဦး ၊ မီးငြိမ်းသတ်ယာဥ်(၂)စီး ၊ ရေသယ်ယာဥ် (၁)စီး၊ ဟင်္သာတနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဥ်(၁)စီး ၊ နိဗ္ဗာန်နယ်မြေ မှ မီးသတ်ယာဥ် (၁)စီးတို့နှင့်အတူ ဒေသခံကျေးရွာ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး ကျေးရွာ သူ ကျေးရွာသားများ စုပေါင်း၍ ကျေးရွာပိုင် အပေါ့စားမီးသတ်စက်များအား အသုံးပြု၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မူကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း၊ ဝါးတိုင် (၁၇)ပေပတ်လည် ရှိ နေအိမ် သုံးလုံး မီးလောင်ခဲ့ပြီး မီးစတင်လောင်ကျွမ်း ခဲ့သော နေအိမ်ပိုင်ရှင် ဦးသိန်းလှိုင်အား နိဗ္ဗာန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ပ-၂၆/၂ဝ၁၇ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ မီးလောင်မူကြောင့် လူနှင့်တိရိစာ္ဆန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိသည်။

ဟင်္သာတခရိုင် (ပြန်/ဆက်)

MOI Webportal Myanmar

#သစ်ထူးလွင်

မူလစာမျက်နှာ, အင်တာဗျူး

​ပခုက္ကူမြို့က အမျိုးသမီး သုဘရာဇာ ဒေါ်ကြည်ကြည်ဝင်း

မြန်မာနိုင်ငံမှာက သုဘရာဇာဆိုတဲ့ အသုံးအနှုန်းကို မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာ အတိတ်နိမိတ် မကောင်းတဲ့လက္ခဏာ၊ မကောင်းတဲ့အရာ၊ စကားတွေကနေ ထည့်မပြောကောင်းတဲ့ အရာတွေလို့တောင် သတ်မှတ်မှုတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားတွေပဲ သုဘရာဇာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်လည်း မကွေးတိုင်း ပခုက္ကူမြို့က ဒေါ်ကြည်ကြည်ဝင်းကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်  သုဘရာဇာလုပ်ငန်းကို လုပ်ကိုင်လာတာ အခုဆို ၁ဝ နှစ်တောင်ကျော်လာပါပြီ။ သူ့အနေနဲ့ ဘာ့ကြောင့် သုဘရာဇာလုပ်ငန်း လုပ်ကိုင်လာရတယ် သုဘရာဇာတစ်ယောက်ရဲ့  အမြင်အယူအဆတွေကို အောက်ပါအတိုင်း ပြောဆိုသွားတာ တွေ့ကြရပါတယ်။
ဒေါ်ကြည်ကြည်ဝင်း

အမျိုးသား ဆုံးသွားကတည်းက ဒီလုပ်ငန်းထဲကို ဝင်လိုက်တာ အလုပ်ကိုလည်း သူများတွေလုပ်တာလည်း အားမရဘူးပေါ့နော်။ အဲလိုတွေ အားမရတော့ သူများ လုပ်တာကိုင်တာ အားမရတော့ ကိုယ့်ဘာသာကိုယ် ဝင်လုပ် ကိုယ့်ဘာသာကိုယ်ပဲ ဒီလုပ်ငန်းကို လုပ်လိုက်တော့ စိတ်ဝင်စားတာလည်း ပါတာပေါ့။ ဒီလုပ်ငန်းက ဘာပဲဖြစ်ဖြစ် ကုသိုလ်လည်းရတယ်ပေါ့။

စပြီးတော့ လုပ်ခါစက ကျွန်မအမျိုးသားရှိစဥ်တုန်းက နည်းနည်း အခက်အခဲလေးတွေတော့ တွေ့တာပေါ့။ သူက ဒီမှာနေရတာကျတော့လည်း သူတစ်ယောက်တည်းလည်း မနေရဲဘူး။ နောက်ပြီးတော့ ကျွန်မတို့ မိသားစုကြတော့လည်း ဒီမှာ သူက ခေါ်ထားပေမယ့်လည်း လုပ်ငန်းအတိုင်းအတာတွေကျတော့ သူက ဒီလိုတွေ ထွက်လုပ်တာတွေလည်း မကြိုက်ဘူး။ အဲလိုမျိုး သူလုပ်တဲ့အခါမျိုးတွေ ကျမဝင်ပြီးတော့ ကူလုပ်တာတွေ သူက မကြိုက်ဘူး။ ကလေးတွေနဲ့ ဘာတွေနဲ့ဆိုတော့လည်း နည်းနည်း အခက်အခဲလေးတွေတော့ ရှိတာပေါ့။

မဇ္ဈိမ

ဝင်ငွေရရှိမှုမမှန်တဲ့ သူ့အဖို့ အခက်အခဲတွေကတော့ ကြီးမားပုံရပါတယ်။ သူ့မိသားစု အခြေအနေကို ဒေါ်ကြည်ကြည်ဝင်းက အခုလို ရှင်းပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အဲဒီတုန်းက အခြေအနေကလည်း ဒီလောက်ကြီးတော့ မကြပ်တည်းဘူး။ ကလေးတွေပညာရေး အကြီးကောင်လေးနှစ်ယောက်ဆိုရင် ဒီလုပ်ငန်း သူ့အဖေဆုံးသွားတော့ ကျောင်းထွက်ပေးတယ်လေ။ သူ့အဖေမဆုံးခင်ကတော့ ကလေးတွေက ကျောင်းက ၅ ယောက်ပဲ ပြောပါတော့။ အဲဒီတုန်းက ၅ ယောက်ရှိခဲ့တာ၊ ခုတော့ ကျောင်းကိုလည်း အခက်အခဲလေးတွေ ရှိတဲ့အခါကျတော့ သိပ်ပြီးတော့ မထားနိုင်ဘူး။

မဇ္ဈိမ

အခြေအနေတွေ ကြပ်တည်းခက်ခဲပေမယ့်လည်း မိသားစုရဲ့ စားဝတ်နေရေး ခက်ခဲပေမယ့်လည်း သားသမီးတွေရဲ့ ပညာရေးကို ဆုံးခမ်းတိုင်အောင် ရောက်အောင်ပို့မယ့်သူလည်း ဖြစ်တယ်ဆိုတာနဲ့ မိသားစုကို ဦးဆောင်နေသူဖြစ်တယ်ဆိုတာကို သူပြောပြထားတဲ့စကားထဲမှာ တွေ့ကြရပါတယ်။  

ဒေါ်ကြည်ကြည်ဝင်း

အခု မိသားစုကတော့ ၇ ယောက်ရှိတယ်။ သားအကြီးတွေကလည်း အိမ်ထောင်သည်တွေလို့သာပြောတာ ကျွန်မကပဲ ကျွေးရတယ်။ ကျွန်မကပဲ အကုန်ခံပြီးတော့ လုပ်ကိုင်ကျွေးရတယ်။ အပြင်ကိုလဲ ခွဲမထုတ်တော့ဘူး။ သူများဆီမှာလည်း ထည့်မလုပ်ခိုင်းဘူး။ လုပ်ငန်းတွေဘာတွေရှိလဲ သူတို့ နည်းနည်းပါးပါး ကူခိုင်းရတာပေါ့။ ကျောင်းတက်တဲ့သူကလည်း တက်ပေါ့။ အဲလိုမျိုး လုပ်ရတာပေါ့။ မိသားစု ၇ ယောက်ရှိတာ ဒီမှာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ကိုင်ရတာပေါ့။

မဇ္ဈိမ

သုဘရာဇာဆိုတဲ့ အလုပ်ကြောင့် ခင်ပွန်းဖြစ်သူရှိတဲ့အချိန်က ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက ရှောင်ဖယ်မှုတွေ ရှိနေပေမယ့် အခုချိန်မှာ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အရင် ကျွန်မအမျိုးသားတုန်းကတော့ သူတို့နဲ့တုန်းကတော့ ဘာပဲဖြစ်နေနေ လူတွေက ရွေးချင်ကြတယ်။ သာရေးနာရေးတွေ ဘာတွေလည်း သွားတော့သွားတယ် ဖိတ်တော့ မဖိတ်ဘူးပေါ့။ အခုကျတော့ လူမှုရေးလေးတွေ ဘာတွေ ရှိလာတယ်။ ဘယ်သူကမှမရွေးဘူး။ အတူတူပဲ။ ကုသိုလ်လုပ်တဲ့အခါပဲဖြစ်ဖြစ် သာရေးနာရေးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဝိုင်းဝန်းပြီး လုပ်ပြီးတော့ အတူတူပဲ စားကြတာ။ ဟာ ဒါ သုဘရာဇာစားနေလို့ ဒီနေရာကနေ ရှောင်သွားပါမယ်ဆိုတဲ့သူ မရှိဘူး။ ဒီပခုက္ကူမှာတော့ အဲလိုတော့ မတွေ့ဘူး။

ကျွန်မရဲ့ဝင်ငွေကတော့ လုပ်ငန်းပေါ် မူတည်တယ်။ လုပ်ငန်းက သုံးခုရှိတယ်ဆိုရင် တစ်နေ့မှ ကျွန်မတို့က ကျင်းတစ်ကျင်းမှ ၂၅ဝဝ ပဲရတယ်။ ဒါပေမယ့်လည်း အမြဲတမ်းရယ်လို့ လုပ်ငန်းက မရှိဘူး။ မီးသဂြိုလ်စက်မှာဆိုလို့ရှိရင်လည်း ကျွန်မတို့က လုပ်အားခက ၃ဝဝဝ ပဲရတာ။ လူတစ်ယောက်ကို ရွေ့လိုက်လို့ရှိရင်ပေါ့။ အဲမှာ သူတို့က ၂ ယောက်ငှားခိုင်းတာဆိုတော့ ကျွန်မက ၂ ယောက်စာကို ၆ဝဝဝ ပေါ့။ ကျွန်မ လုပ်ငန်းလုပ်လိုက်တယ်။ ဘယ်သူမှလည်း မခေါ်တော့ဘူး။

မဇ္စျိမ

သုဿာန်ထဲမှာ အလုပ်လုပ်ခြင်းဟာ သူများတကာရဲ့အဆင်မပြေမှုတွေကိုက အဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ လုပ်ငန်းအပေါ် လေးစားလို့ လုပ်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေါ်ကြည်ကြည်ဝင်းက နိဂုံးချုပ်အနေနဲ့ ရှင်းပြသွားပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

ကျွန်မ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ မသေမချင်းလုပ်မယ်လို့တော့ စဥ်းစားထားတယ်။ လုပ်ငန်းကို ကိုယ်က သဂြိုလ်တဲ့အခါမျိုးမှာ အမျိုးမျိုးတွေ တချို့က သူတို့က ဘယ်လိုခေါ်မလဲ နာရေးနဲ့လာတာဆိုတော့လေ  အပူနဲ့လာတာမျိုးကို အခက်မသင့်လို့ အဆင်မပြေမှာမျိုးတွေပေါ့နော်။ ဆင်မပြေမှာမျိုးတွေ အခက်အခဲတွေနဲ့ ဒီလိုမျိုး လာတဲ့အခါမျိုး ကိုယ်ရှိနေတဲ့အခါကျတော့ လုပ်ငန်းအပေါ်ကိုလည်း လေးစားတဲ့အပိုင်း ပါတာပေါ့။ လုပ်ငန်းကို လေးစားတဲ့အပိုင်းပါတာ ကိုယ်ရတာ မရတာအသာထား လုပ်ငန်းအဆင်ပြေသွားရင် ကိုယ်က စိတ်ချမ်းသာတယ်လေ။

#မဇ္ဈိမ