ပြည်ပသတင်းများ

​လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး၏ နားကြပ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဩစတြေးလျ ထုတ်ပြန်

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ သီချင်းနားထောင်သော နားကြပ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း Samsung ကုမ္ပဏီက ထုတ်လုပ်သည့် Galaxy Note 7 စမတ်ဖုန်းများ အပူလွန်ကဲပြီး မီးလောင်မှုကြောင့် လေယာဉ်ပေါ် ယူဆောင်ခွင့် ပိတ်ပင်ခံရဖူးပြီး ယခုအခါ အလားတူ ပြဿနာတစ်ရပ် ကြုံလာခြင်းဖြစ်သည်။

အဆိုပါ ခရီးသည် အမျိုးသမီးသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်နှင့် ဩစတြေးလျရှိ မဲလ်ဘုန်းတို့ကြား ပျံသန်းသည့် လေယာဉ်ပေါ်တွင် ရှိနေစဉ် ယခုဖြစ်ရပ်နှင့် ကြုံခဲ့ခြင်းဟု သိရသည်။ သူမက ဩစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန တာဝန်ရှိသူများကို ပြောကြားခဲ့ရာ၌ သီချင်းနားထောင်ရင်း အိပ်ပျော်သွားခဲ့ကြောင်း၊ နှစ်နာရီမျှ ကြာမြင့်ခဲ့သည်ဟု ခန့်မှန်းရကြောင်းနှင့် ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရကြောင်း ပါရှိသည်။

“ကျွန်မ အရမ်းလန့်သွားပြီး ခေါင်းကို လှည့်လိုက်တဲ့အချိန် မျက်နှာမှာ ပူနေတာကို ခံစားလိုက်မိတယ်”ဟုလည်း သူမက ဆိုသည်။ အမျိုးသမီး၏ မျက်နှာတွင် မီးဟပ်ပြီး မှိုင်းအမည်းများ စွဲသွားသလို သူမ၏ လက်တွင်လည်း အရည်ကြည်ဖုထသည့် ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။ လေကြောင်းလိုင်း တာဝန်ရှိသူများက ခရီးသည်များကို ယခုကိစ္စနှင့် ပတ်သက်၍ လိုက်လံ သတိပေးခဲ့ရသည်။

ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း ယခုပေါက်ကွဲမှုသည် နားကြပ်ကိုယ်တိုင်ထက် နားကြပ်တွင် ပါရှိသည့် ဘက်ထရီကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက မှတ်ချက်ပေးထားသည်။ အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှသာ ဩစတြေးလျ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်နားကြပ် အမျိုးအစားနှင့် ဘက်ထရီကြောင့်ပြဿနာ ဖြစ်ခဲ့သည်ကိုမူ ကြေညာသွားခြင်း မရှိချေ။

Ref: CNN

#7DN

Leave a comment