အနုပညာသတင်း

​ရွှေကြိုဆိုတာ သရုပ်ဆောင်လိုင်းထဲဝင်ဖို့ တံခါးပေါက်တစ်ခု ဆိုတဲ့ သြဇာ

Fashion Week တို့ဘာတို့လည်း လျှောက်ဖူးတော့ Fashion Week နဲ့ သရုပ်ဆောင်တဲ့အပိုင်းနဲ့က မတူဘူးဗျ။ အများကြီး ကွဲထွက်တယ်။ ရွှေကြိုဆို ပိုဆိုးတယ်။ ကျွန်တော်တို့ အများဆုံးလျှောက်ရတာက Fashion Week။ Fashion Week ဆို ကျွန်တော်တို့က ချေတာတော့မဟုတ်ဘူး။ Don’t Smile လုံးဝ တည့်ပဲ။ ခေါင်းဆို တည့်တည့်၊ အဲဒီလိုပေါ့နော်။ ဟိုမှာကအတည်ပဲ။ ဒီမှာကြတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ All Smile ပြုံးရမယ်၊ ပြီးတော့ လက်လွှဲတာတွေကအစ ပြောင်းပြန်တွေဖြစ်ကုန်ရော၊ ပြောင်းပြန်တွေဖြစ်ကုန်တော့ ကျွန်တော်တို့ Training Day ဆို ဟေ့ရောင် သြဇာတဲ့ ဆရာချမ်းငြိမ်းဆို မင်းက တောင့်တောင့်ကြီး ဖြစ်နေတယ်တဲ့။

၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ရွှေကြိုမောင် သြဇာနှင့်တွေ့ဆုံခြင်း

Mizzima TV ကိုကြည့်ရှု့အားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျာ။

၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲဟာဆိုရင် တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာဆိုရင် အရင်တုန်းက အကယ်ဒမီဗန်းကိုင်တွေ   ခေတ်စားခဲ့ပေမယ့် အခုဆိုရင်တော့ ရွှေကြိုတွေရဲ့ အခန်းကဏ္ဍဟာအလွန်ပဲ အရေးကြီးလှပါတယ်။ ဒီနှစ်အတွက်လည်း အကဲဖြတ်အဖွဲ့တွေက ရွှေကြိုမောင်မယ်တွေကို စနစ်တကျ   ရွေးချယ်ပြီးသွားပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ ရွှေကြိုမောင်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ သြဇာ ဖြစ်ပါတယ်။  ရွှေကြိုမောင် သြဇာနဲ့တွေ့ဆုံပြီး အနုပညာလမ်းမှာ   လျှောက်လှမ်းဖြစ်ခဲ့ပုံနဲ့ ရွှေကြိုမောင် တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့ရပုံများကို တွေ့ဆုံမေးမြန်းထားပါတယ်။

ညီလေး သြဇာ မင်္ဂလာပါ

မင်္ဂလာပါဗျ။

မေး – ပထမဆုံးအနေနဲ့ ဒီနှစ် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံကို သိချင်ပါတယ်။

ဖြေ – ကျွန်တော်လျှောက်ချင်တာကတော့ မနှစ်ကတည်းကပေါ့နော်။ အဲဒီတုန်းကလည်း အနုပညာစလုပ်ကာစဆိုတော့ ရွှေကြိုက အနုပညာလမ်းကြောင်းမှာ တံခါးပေါက်တစ်ခုဆိုတာ နားမလည်ခဲ့ဘူး။ ဒီနောက်ပိုင်းမှာ သရုပ်ဆောင်လိုင်းထဲကိုဝင်ဖို့ တံခါးပေါက်တစ်ခုအနေနဲ့ သိရှိခဲ့ရတဲ့နောက် မနှစ်ကတည်းက လျှောက်ဖို့အားတင်းထားတာ။ အားတင်းထားပြီးတော့ ဆရာတွေက ဘယ်လိုဝတ်စားတာကြိုက်တယ်၊ ဘယ်လိုပြောဆိုတာကြိုက်တယ်၊ ဘယ်လို Talent မျိုးကို လိုအပ်တယ်။ စင် မကြောက်ရဘူး။ စကားပြောဆိုရာမှာ သိမ်သိမ်မွေ့မွေ့ပြောဆိုရမယ်။ အဲဒါတွေလေ့လာပြီးတော့ ပြိုင်ဖြစ်သွားတာပေါ့နော်။

မေး –  ရွှေကြိုပြိုင်ပွဲမှာဆိုရင် အဆင့်သုံးဆင့်နဲ့ရွေးချယ်တာကို အစ်ကိုတို့သိရတယ်။ အဲဒီအဆင့် သုံးဆင့်ကို ဖြတ်ကျော်တဲ့နေရာမှာ ညီလေး တွေ့ကြုံရတဲ့ အခက်အခဲတွေဆိုရင် ဘာတွေဖြစ်မလဲ။

ဖြေ – အခက်အခဲကဘာတွေဖြစ်မလဲဆိုတော့ အဓိက,က သရုပ်ဆောင်တွေ အများစုပြိုင်တယ်။ အဓိက,က ဒီသရုပ်ဆောင်လောကထဲ ကိုသွားကြမယ်။ အဲဒီတော့ ကျွန်တော်က ဒိုင်ယာလော့တွေ မှတ်သွားတာပေါ့နော်။ စင်ပေါ်လည်းရောက်ရော ဆရာဦးမြတ်ခိုင်က သီချင်းဆိုခိုင်းတယ်။ ဆို ဆိုတော့လည်း ကိုယ်ရတဲ့ သီချင်းတစ်ပုဒ်ကို အကောင်းဆုံးဆိုခဲ့ပါတယ်။

မေး – ညီလေးအနေနဲ့ ရွှေကြိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သွားတဲ့ အရာတွေဆိုရင်ရော ဘာတွေဖြစ်မလဲ။

ပြင်ဆင်ရတာတော့ Alarm တွေ အများကြီးပေးရတယ်…။ ကျွန်တော်တို့ကို ၈နာရီ ၉ နာရီလောက်ချိန်းတော့ လူငယ်ဆိုတော့ အအိပ်မက်ကြတာပေါ့။ အအိပ်မက်တော့ Alarm ဆိုလည်း ၅ မိနစ်ခြားတစ်ခါ ညတည်းကပေးထားတယ်။ နောက် အင်း..အဲ..ဆိုပြီးထတယ်။ ဒါအခက်အခဲပေါ့နော်.. ဒါပေမယ့် ကြိုးစားမှုတစ်ခုပါပဲ။ ဝီရိယရှိရမှာပေါ့နော်။ ကိုယ့်ကိုကိုယ်တော့ နှိုးဆော်ရတာပေါ့။

မေး – နောက်မေးခွန်းတစ်ခုက ခုနကပြောသလို ညီလေးလေ့ကျင့်သွားတာက သရုပ်ဆောင်တာမျိုး စင်ပေါ်ရောက်တော့ သီချင်းဆိုခိုင်းတာတွေ နောက်အဲဒီရွှေကြိုနောက်ဆုံးရွေးတဲ့နေ့ကဆို အရင်တုန်းက ဇာတ်ကားတွေအကြောင်း ပြန်မေးတာမျိုးတွေ အခုဆန်ခါတင်ကားတွေထဲက ဇာတ်ဆောင်တွေ ဇာတ်ပို့တွေ ပြန်မေးတာမျိုးတွေ အဲဒါတွေအတွက်ရော ညီလေးအနေနဲ့ ဘယ်လိုမျိုးလေ့ကျင့်သွားလဲ။

ဖြေ – ကျွန်တော်တို့ စာအုပ်တွေလှန်ရတာပေါ့။ ရုပ်ရှင်အစည်းအရုံးက စာအုပ်တွေဝယ်တယ်။ အထူကြီးတွေပဲ၊ သုံးလေးအုပ်ရှိတယ်။ အဓိက,က ကိုယ်လိုချင်တဲ့ List တွေကိုထုတ်တယ်။ စာရွက်နဲ့ပြန်ရေးတယ်။ ဦးညွန့်ဝင်း ဘယ်နှစ်ဆု၊ ဦးနေအောင် ဘယ်နှစ်ဆု၊ အဓိကအားဖြင့် မဆင့်ပေါ့နော်။ မဆင့်ဆို ရွှေကြိုဥက္ကဋ္ဌဗျာ။ မသိလို့မရတော့ဘူး။ ဦးလူမင်းတို့ဘာတို့ အဓိကအားဖြင့် ကျွန်တော်တို့က လူငယ်တွေလည်းဖြစ်တယ်၊ ဟိုးအရှည်ကိုသိပ်မတွေးရတော့ဘူး။ ရုပ်ရှင်ဥက္ကဋ္ဌ ဘယ်သူလဲ ဦးအုန်းမောင် အဲဒီလိုလေးတွေပေါ့နော်။ ဒါသိရမှာ ရုပ်ရှင် Day ဆိုရင် အောက်တိုဘာ ၁ဝ ရက်နေ့ အဲဒီလိုမျိုးတွေ အဲဒီလောက်ကတော့သိရမယ်။

မေး – ညီလေးအနေနဲ့ ရွှေကြိုပြိုင်ပွဲမတိုင်ခင်ကတည်းက အနုပညာနဲ့ပတ်သက်ပြီး ဒီဂျေတီးတာ တခြားအနုပညာ လှုပ်ရှားမှုတွေလည်းရှိနေတော့ အဲဒီအနုပညာလှုပ်ရှားမှုတွေက အခုရွှေကြိုပြိုင်ပွဲအတွက် ဘယ်လိုမျိုး အထောက်အကူဖြစ်လဲ။

ဖြေ – စင်မကြောက်တော့ဘူးပေါ့။ ဒီဂျေဆိုလည်း အုန်းဒိုင်း အုန်းဒိုင်း ၊ လူတွေ ရာဂဏန်း ထောင်ဂဏန်း ချီတဲ့ထဲမှာ MC တွေဘာတွေလဲအော်ပေါ့။ အဲဒါတွေက တကယ်တမ်းကျတော့ တစ်ခုနဲ့တစ်ခု Supporting ဖြစ်နေတယ်။ ရိုးရိုးစကားနဲ့ဆို စင်မကြောက်ဘူး။ ပြီးတော့ စကားပြောရဲဆိုရဲတယ်။ သိမ်သိမ်မွေ့မွေ့တော့ ရှိရမှာပေါ့နော်။ Fashion Week တို့ဘာတို့လည်းလျှောက်ဖူးတော့ Fashion Week နဲ့ သရုပ်ဆောင်တဲ့အပိုင်းနဲ့က မတူဘူးဗျ။ အများကြီးကွဲထွက်တယ်။ ရွှေကြိုဆို ပိုဆိုးတယ်။ ကျွန်တော်တို့ အများဆုံး လျှောက်ရတာက Fashion Week။ Fashion Week ဆို ကျွန်တော်တို့က ချေတာတော့မဟုတ်ဘူး။ Don’t Smile လုံးဝတည့်ပဲ။ ခေါင်းဆို တည့်တည့်၊ အဲဒီလိုပေါ့နော်။ ဟိုမှာကအတည်ပဲ။ ဒီမှာကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ All Smile ပြုံးရမယ်၊ ပြီးတော့ လက်လွှဲတာတွေကအစ ပြောင်းပြန်တွေ ဖြစ်ကုန်ရော၊ ပြောင်းပြန်တွေဖြစ်ကုန်တော့ ကျွန်တော်တို့ Training Day ဆို ဟေ့ရောင် သြဇာတဲ့ ဆရာချမ်းငြိမ်းဆို မင်းကတောင့်တောင့်ကြီးဖြစ်နေတယ်တဲ့။ ဒါပေမယ့် ကျွန်တော်တို့ကို ဆရာတို့ အပြည့်အစုံသင်ထားတဲ့အတွက် ထွေထွေထူးထူးတော့ မသင်ရဘူး ဆရာတို့က Edit လုပ်ပေးရုံပဲ။

မေး – ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ အနုပညာလှုပ်ရှားမှု ရှိသူနဲ့ မရှိသူ ကွဲပြားခြားနားချက်တွေဆိုရင် ဘာတွေဖြစ်မလဲ။

ဖြေ – ပြောရမယ်ဆိုရင် အနုပညာလောကထဲမှာရှိတဲ့သူက အနုပညာသမားတွေ ဘယ်လိုကြိုက်တယ်၊ ပြောတာ နေတာ ထိုင်တာ သူတို့မှာ အိုင်ဒီယာတွေရှိတယ်။ အစိမ်းသက်သက်ကြတော့ ဘာလုပ်ရမှာလဲ။ ဘာကျက်ရမှာလဲ ဘယ်သူကဘယ်လိုလဲ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင်အစည်းအရုံး သင်တန်းဆင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း ခုနကပြောသလို List တွေထုတ်ရတယ်။ အစိမ်းသက်သက်ကြတော့ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ဒါကြီးက ငါတို့က ဘယ်လိုသိမှာလဲ၊ ဒါမျိုးတွေရှိတယ်။ တစ်ချို့တွေလည်းရှိတယ် ဒါပေမယ့် လေ့လာရမယ်ပေါ့နော်။ ကိုယ်က စာအုပ်တွေထဲကနေလည်း လေ့လာရမယ်။ သူငယ်ချင်းတွေလည်း မေးရမယ်။ အနုပညာနဲ့စိမ်းတဲ့သူကြတော့လည်း ဥပမာအားဖြင့် ကျွန်တော်ကိုယ်တိုင်ကလည်း ဒုတိယနေ့မှာ ပထမနေ့က အဲဒီလိုမဟုတ်ဘူး ပေါ့ပေါ့ပါးပါးပဲ။ ဒုတိယနေ့ အမေးအဖြေမေးတော့မယ်လည်းကျရော တုန်နေတယ်။ ဟာ ငါဘာတွေဖြစ်နေတာလဲပေါ့နော်၊ စင်လည်းမကြောက်ပါဘူး။ ဘာတွေဖြစ်နေတာလဲမသိဘူးဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင်ပြန်ထား ပြီးတော့ ဆရာမေးတာကို တစ်လုံးချင်းနားေထာင်ပြီးတော့ သေချာပြန်ဖြေရတယ်။

မေး – အခုလိုရွှေကြိုပြိုင်ပွဲမှာ ညီလေးရွေးချယ်ခံရတဲ့အတွက် ညီလေးရှေ့ဆက်လျောက်မယ့် အနုပညာခရီးမှာ ဘယ်လိုအထောက်အကူဖြစ်မယ်ထင်သလဲ။

ဖြေ – ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ အနုပညာတစ်လောကလုံးက ရွှေကြိုကို ကောင်းသည်ပဲမြင်မြင် ဆိုးသည်ပဲမြင်မြင် ဘာကြီးပဲဖြစ်နေဖြစ်နေ စိတ်ဝင်စားသွားပြီ။ ဒီကောင်လေး ချောလား ဒီကောင်မလေးချောလား။ Talent ရှိလား ၊ Talent မရှိဘူးလား။ Producer တွေရော ဒါရိုက်တာတွေရော နည်းနည်းတော့ စိတ်ဝင်စားသွားပြီ။ အဓိက,က ကျွန်တော်တို့က အဲဒီစိတ်ဝင်စားမှုလေးပဲ လိုချင်တာပါ။

မေး – ညီလေးရည်မှန်းထားတဲ့ အနုပညာပန်းတိုင်က ဘယ်လောက်လောက်အထိဖြစ်မလဲ။

ဖြေ – ကျွန်တော်အမှန်အတိုင်းပြောရရင် ခေါင်းဆောင်မင်းသား။ ခေါင်းဆောင်မင်းသားဆိုတာ ကျွန်တော်လိုချင်တဲ့ ပုံစံက သဘာဝမင်းသား၊ အက်ရှင်မင်းသား။ ကိုယ်ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝအောင် ကြိုးစားနေမှာပါ။

မေး – နောက်ထပ်ကတော့ လူငယ်တစ်ယောက်အနေနဲ့ ညီလေးဆို အနုပညာလမ်းပေါ် လျောက်လှမ်းလာတယ်၊ ဒီအချိန်မှာ လမ်းမှားရောက်ဖို့ အခွင့်အရေးတွေက ပိုများတယ်။ ဥပမာ၊ မူးယစ်ဆေးဝါး တို့ဘာတို့။ တစ်ခြားအကြောင်းအရာတွေ အဲဒီလိုလမ်းမှားရောက်အောင် ကိုယ့်ကိုကိုယ် ဘယ်လိုစောင့်ထိန်းလဲ။

ဖြေ – ကျွန်တော်ကိုယ်တိုင်က ဆေးလိပ်တောင်မသောက်ပါဘူး။ ကျွန်တော်လည်း မကြိုက်လို့ပါ၊ မူးယစ်ဆေးဝါးဆိုရင် ငယ်ငယ်ကတည်းက ဆရာတွေဆရာမတွေ မူလတန်းကတည်းက သင်တယ်။ လုံးဝအဲဒါကို မစမ်းဖို့။ ကျွန်တော့်မျက်စိရှေ့မှာမြင်နေရပါတယ်။ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ။ ဒါပေမယ့် သူတို့လုပ်ပေမယ့်လည်း ကိုယ်မလုပ်ပါဘူး။

မေး – အချစ်ဆိုတဲ့အပေါ် ညီလေးခံယူထားတဲ့ ခံယူချက်ဆိုရင်ရော ဘာဖြစ်မလဲ။

ဖြေ – အချစ်နဲ့ပတ်သက်ရင် ကျွန်တော့်ကိုယ်ကျွန်တော်ခံယူထားတာ တစ်ခုပဲ၊ အချစ်ရေးကံမကောင်းဘူး။ ဘယ်လိုပြောရမလဲ သူငယ်ချင်းတွေပြောသလိုပေါ့။ ကြိုက်ပါသွား ၊ ကိုယ်ကကြိုက်လိုက်ရင် နောက်တစ်ယောက်နောက်ပါသွားရော။

မေး – ဒီနေ့အစီအစဥ်ရဲ့နောက်ဆုံးမေးခွန်းလေးအနေနဲ့ အနုပညာကို ဝါသနာပါပြီး လျောက်လှမ်းချင်တဲ့ လူငယ်တွေအတွက် ညီလေးဘာပြောချင်လဲ။

ဖြေ – သူတို့ကိုပြောချင်တာကတော့ ကိုယ်ကိုယ်တိုင် အရည်အချင်းရှိအောင် ကြိုးစားပါ။ ကျွန်တော်တို့လည်း ကျွန်တော်သိတဲ့ပညာဆိုရင် ဆရာကြီးမလုပ်ဘူး သင်ပေးတယ်။ ကိုယ်ကခံယူတတ်မှရတာလေ၊ ခံယူတက်ရမယ်။ ပြီးတော့ ကျွန်တော်ပြောသလိုပေါ့ ပွဲတစ်ပွဲပြိုင်တယ်ဆိုရင် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ အကျယ်တဝင့်ပြောမယ်ဆိုရင်တော့ အများကြီးပေါ့။ အကုန်လုံးကို List နဲ့ ငါပြည့်စုံပြီလား ပြည့်စုံပြီလား သေချာကြည့်။ Confident ရှိအောင် အကြိမ်ကြိမ် Rehearsal လုပ်။ ပွဲတစ်ပွဲပြိုင်ရင် အဆင်ပြေပြေ ချောချောမွေ့မွေ့တော့ ပြီးသွားမှာ။ ဒါပေမယ့် ပွဲတစ်ပွဲကလည်း စန်းဆိုတာလိုတယ်။ စန်းက လုပ်ယူလို့မရဘူးဗျ။ ကိုယ်ကိုယ်တိုင်က အရင်ကတည်းက လူချစ်လူခင်ပေါများအောင် ကြိုးစားရမယ်။ စန်းဆိုတာ ကြိုးစားမှုတစ်ခုပါပဲ အဲဒီတော့ ကြိုတင်ပြင်ဆင်ပါပေါ့နော်။

ဟုတ်ကဲ့ပါ။ အခုလိုဖြေကြားပေးလို့ အစ်ကိုတို့ Mizzima TV အဖွဲ့သားတွေက ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ညီလေးလည်း ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ဒီ့ထက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဟုတ်ကဲ့၊ အခုလို ကျွန်တော့်လိုသရုပ်ဆောင်သစ် အနုပညာသမားအသစ်ကို ခေါ်ပြီးမေးမြန်းပေးလို့ မဇ္စျိမ မီဒီယာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုဆိုရင်တော့ ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ့်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင် တစ်ယောက်အဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ သြဇာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဥ်လေးကို ကြည့်ရှု့ရင်းနဲ့ အနုပညာကို ဝါသနာပါတဲ့ ညီငယ်ညီမငယ်တွေအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအစီအစဥ်ကို ကြည့်ရှု့အားပေးကြတဲ့ Mizzima TV ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။

#မဇ္ဈိမ

ပြည်တွင်းသတင်းများ

​ပခုက္ကူခရိုင်အတွင်း သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာအချို့အား ရေလှူဒါန်းမှုများ စတင်

ပခုက္ကူ မတ် ၁၅ ။             ။ ပခုက္ကူခရိုင်အတွင်း နွေရာသီကာလ သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာအချို့အတွက် ရေစတင်လှူဒါန်းနေရပြီ ဖြစ်ကြောင်း ပခုက္ကူ ရေအလှူတော်အဖွဲ့ထံမှ သိရသည်။
ယခုနှစ် နွေရာသီ ဝင်လာချိန်တွင် ရေဂါလံ သုံးသောင်းကျော်အထိ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ပခုက္ကူရေအလှူတော်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဇော်ထွေးက ဆိုသည်။

“လှူဒါန်းနေရတာက သောက်သုံးရေ အခက်အခဲရှိတဲ့ကျေးရွာတွေကို လှူဒါန်းပေးရတယ်။ ပြီးတော့ စက်ရေတွင်းပျက်လို့ အခက်အခဲဖြစ်နေတဲ့ နေရာတွေလည်း လှူဒါန်းနေပါတယ်”ဟု ပခုက္ကူရေအလှူတော်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဇော်ထွေးက ပြောသည်။

ယခုကဲ့သို့ သောက်သုံးရေ လှူဒါန်းသည့်အခါတွင် အလှူရှင်များနှင့် ပူးပေါင်းကာ လှူဒါန်းနေရကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်းရှိကျေးရွာ အချို့သည် နွေရာသီကာလတွ ရေရှားပါးမှုပြဿနာများသည် နှစ်စဥ် ကြုံတွေနေရပြီး ဆက်လက်လှူဒါန်းရန် အလှူရှင်များလိုအပ်နေသည်။

“နှစ်စဥ်နွေရာသီမှာ ရေလှူနေရတဲ့အတွက်တော့ အလှူရှင်များ လိုအပ်နေတယ်။အဓိက ကတော့ ရေသယ်ယာဥ်အတွက် ပြင်ဆင်ထိန်းသိမ်းမှုနဲ့ ကျေးရွာတွေသွားရောက်လှူဒါန်းတဲ့ အခါ စက်သုံးဆီအတွက် လှူဒါန်းမယ့် အလှူရှင်လိုအပ်နေတာပါ”ဟု ဦးမျိုးဇော်ထွေးက ပြောသည်။

ပခုက္ကူရေအလှူတော်အဖွဲ့ အနေဖြင့် လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲဖြစ်ခဲ့သည့် ကျေးရွာပေါင်း ၄၄ ရွာအတွက် ရေဂါလံစုစုပေါင်း ၁ဝသိန်းကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။

#မဇ္ဈိမ

ပြည်တွင်းသတင်းများ

​ခြိမ်းခြောက်ရန်ပြုမှုအား မြန်မာနောင်းသတင်းထောက်ချုပ်က စမ်းချောင်းတရားရုံး ဦးတိုက်လျှောက်ထား

ရန်ကုန်၊ မတ်လ ၁၅ ။          ။ ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၉နာရီခန့်က လူသုံးဦးမှ  ရန်ပြုခဲ့သောကြောင့် ယနေ့ မတ်လ ၁၅ ရက်တွင် စမ်းချောင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စမ်းချောင်းမြို့နယ်တွင် မြန်မာနောင်းသတင်း ထောက်ချုပ် ကိုဆွေဝင်းအား “ဟေ့ကောင် မင်း ဆွေဝင်းမလား” ဟု ဆိုကာ လူ ၃ ဦးက လက်သီးလက်မောင်း တန်း၍ ရန်ပြုခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော့်ကို အသက်အန္တရာယ် ပြုမယ့်ပုံစံမျိုးတွေ တွေ့ရတယ်။ လွယ်အိတ်ထဲမှာ ပစ္စည်းလေးတစ်ခု ကိုင်ထားပြီးတော့မှ ချဥ်းကပ်လာတယ်” ဟု ကိုဆွေဝင်းက မတ်လ ၁၅ ရက်၊ နေ့လည် ၁၂နာရီ ၃မိနစ်က မဇ္စျိမသို့ ပြောသည်။

ယင်းဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေးကြောင့်ဖြစ်ရခြင်းမဟုတ်သကဲ့သို့၊ မူးယစ်ယမ်းကားသောကြောင့်လည်း ဖြစ်ရခြင်းမဟုတ်ဘဲ အခုဖြစ်ပျက်နေသော အစွန်းရောက်ဝါဒီများနှင့် ပတ်သက်၍   ရေးသားခြင်းကြောင့်  ဖြစ်ပေါ်လာသောအကျိုးဆက်ဖြစ်သည်ဟု ဦးဆွေဝင်းက ပြောသည်။

“ဒီဟာက စမ်းချောင်းတင်မက ဘယ်နေရာမဆိုဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီဟာက ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်ဦးမှုရယူပြီး အမြန်ဆုံးဖြေရှင်းနိုင်အောင် နောက်ထပ်အလားတူမဖြစ်နိုင်အောင် ဆိုပြီးတော့ ဥပဒေအကြောင်းအရ လာအရေးယူတာပါ” ဟု ဆိုသည်။

အမေရိကန်သံအမတ်ကြီးအိမ်မှ ဒင်နာအပြီး နေအိမ်သို့ ပြန်လာချိန်တွင် ဗဟိုလမ်းနှင့် မြောင်းမြလမ်းထိပ်၌ အသိမိတ်ဆွေတစ်ယောက်နှင့် စကားပြောနေစဥ် ယင်းအချင်းအရာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူ သုံးဦးမှာ ရန်မပြုခင် အနီးရှိဘီယာဆိုင်၌ ထိုင်ခဲ့သောကြောင့် CCTV ကို ပြန်စစ်ရာ အဆိုပါသူများ၏ ရုပ်ပုံများကို ဖမ်းမိခဲ့ပြီး သုံးဦးအနက် တစ်ဦးမှာ စမ်းချောင်းမြို့နယ် ဖျာပုံလမ်းတွင်   နေထိုင်ကြောင်းသိရ၍ ယင်းနေအိမ်သို့ သက်ဆိုင်ရာများနှင့်တကွ သွားရောက်ခဲ့ရာ အဆိုပါလူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

#မဇ္ဈိမ

ပြည်တွင်းသတင်းများ

​တနင်္သာရီမြစ်ဖျားဒေသတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ မြစ်ချောင်းများနေ့ကျင်းပ

တနင်္သာရီမြစ်ဖျား မရုန်းကျေးရွာအနီး မြစ်ကြောင်းတစ်နေရာ၌ No Dam ဆိုသည့်စာသားကိုတွေ့ရစဥ်။ (ဓာတ်ပုံ- ဇော်နီ)

မြိတ်၊ မတ်-၁၅ ။            ။ တနင်္သာရီတိုင်းဒေသကြီးရှိ  တနင်္သာရီမြစ်ဖျားတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုကို မတ်လ ၁၄ ရက်က ကျင်းပခဲ့သည်။
တနင်္သာရီမြစ်ဖျားသည် တနင်္သာရီမြို့နယ် ကျောက်လုံးကြီးတိုက်နယ် မရုန်းကျေးရွာအနီး၌ တည်ရှိခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြစ်ဖျားဒေသရှိ ကျေးရွာအချို့မှ ဒေသခံများလည်း တက်ရောက်ခဲ့ကြပြီး တနင်္သာရီချောင်းမကြီးအဖွဲ့၊ Southem Youth အဖွဲ့နှင့် ခိုင်မြဲသစ္စာအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ဖျား မရုန်းကျေးရွာအနီး နဂါးချောင်းနှင့် တနင်္သာရီမြစ်မကြီးဆုံရာ နဂါးအိုင်နေရာတွင် မြစ်ကြောင်းကိုပိတ်ပြီး ရေကာတာတည်ဆောက်မည့်သတင်းများထွက်ပေါ်နေသည့် အခြေအနေအချို့ကြုံတွေ့ နေရသည့်အပြင် ဒေသတွင်း မြစ်ကြောင်းများ၌ ခဲသတ္တုတူးဖော်မှုစသည့် အခြေအနေများကို ဒေသခံများက မလိုလားသည့်အတွက် ပူးပေါင်းအဖြေရှာနိုင်ရန် ယခုကဲ့သို့ နိုင်ငံတကာမြစ်ချောင်းများနေ့ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း တနင်္သာရီချောင်းမကြီးအဖွဲ့၏ အတွင်းရေးမှူးကပြောသည်။

“ဒီမရုန်းကျေးရွာနားက နဂါးအိုင်မှာ ရေကာတာဆောက်မယ်ဆိုတဲ့ အခြေအနေတွေ ကြားထားတယ်။ ဒီနေရာမှာဆောက်မယ်ဆိုရင် အပေါ်မှာရှိတဲ့ ရွာတွေမြှုပ်မယ်။ ဒေသခံတွေအတွက် မလိုလားအပ်တဲ့ ပြသ၁နာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် ရေကာတာမဆောက်အောင် ဒီနေရာမှာ နိုင်ငံတကာမြစ်ချောင်းများနေ့ကို ပထမဆုံးအနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် သဘာဝသယံဇာတများ စည်းကမ်းတကျ ထုတ်ယူသုံးစွဲနိုင်မှာသာ နောင်အနာဂတ်မျိုးဆက်အတွက် ဘိုးဘွားအမွေတွေကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း သယံဇာတများမကုန်ဆုံး မပျက်စီးစေရန် စည်းကမ်းတကျထုတ်ယူသုံးစွဲတတ်အောင် ပူးပေါင်းအဖြေရှာပေးကြရန်ကိုလည်း ခိုင်မြဲသစ္စာအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးစောအဲဖရက်က တိုက်တွန်းပြောကြားသည်။

#မဇ္ဈိမ