ပြည်ပသတင်းများ

​ဒေါ်လာ ရာဂဏန်းမျှ တန်သော ဒရုန်းကို ဒေါ်လာသန်းချီတန်သော Patriot ဒုံးကျည်ဖြင့် ပစ်ချ

စီးပွားဖြစ်သုံး အဝေးထိန်း လေယာဉ်ငယ်များကို Patriot ဒုံးကျည်များဖြင့် ပစ်ချရမည့် အခြေအနေကို အလေးအနက် ပြန်လည် စဉ်းစားသင့်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်၏ မဟာမိတ် နိုင်ငံတစ်ခုမှ စစ်တပ်သည် ဒေါ်လာ ရာဂဏန်းမျှသာ တန်ဖိုးရှိသည့် ပန်ကာလေးလုံးတပ် အဝေးထိန်း လေယာဉ်ငယ် (ဒရုန်း) တစ်စီးကို Patriot ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပါကင်းစ်က စစ်ဘက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ခုတွင် ပြောဆိုသွားခြင်း ဖြစ်သည်။

“Amazon အွန်လိုင်းစတိုးကနေ ဒေါ်လာ၂ဝဝ လောက်နဲ့ ဝယ်လို့ရတဲ့ ဒရုန်းမျိုးဗျာ။ အဲဒါကို Patriotနဲ့ ပစ်ချဖို့က သိပ်တော့ အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။ Patriot ဒုံးကျည်တစ်စင်း၏ တန်ဖိုးသည် ဒေါ်လာ သုံးသန်းဝန်းကျင် ကျသင့်သည်။ ပါကင်းစ်က မည်သည့် မဟာမိတ် နိုင်ငံက မည်သည့်နေရာတွင် ထိုကဲ့သို့ Patriot အသုံးပြုခဲ့သည် ဆိုခြင်းကိုမူ ပြောဆိုသွားခြင်း မရှိချေ။

ရေဒါဖြင့် ချိတ်ဆက်ပြီး ပစ်မှတ်ကို ခြေရာခံ ဖျက်ဆီးနိုင်သည့် Patriotများသည် ပုံမှန်အားဖြင့် ရန်သူ့ တိုက်ချင်းပစ် ဒုံးကျည်များနှင့် တိုက်လေယာဉ်များကို ပစ်ချရာတွင် အသုံးပြုလေ့ ရှိသည်။ “ဘာပဲဖြစ်ဖြစ် ဒီပစ်မှတ် သေးသေးလေးကိုပါ Patriotနဲ့ ပစ်ချလို့ရတာ သိလိုက်ရတာပေါ့။ Patriotကိုတော့ ပိုချစ်သွားပြီ”ဟုလည်း ပါကင်းစ်က အရွှန်းဖောက်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်မျိုးသည် စီးပွားရေးအရ တွက်ခြေကိုက်မည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

“အချိုးချကြည့်ရင် စီးပွားရေးအရတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူးလေ။ ကဲ၊ ဆိုပါစို့။ ကျွန်တော်က ရန်သူ့ဘက်က နေမယ်ဗျာ။ eBayတို့၊ Amzonတို့မှာ ဒေါ်လာ နှစ်ရာ၊ သုံးရာတန်လောက် ဒရုန်းလေးတွေ အများကြီးဝယ်ပြီး သုံးမယ်။ ဒါဆို အကုန်လုံးကို Patriotတွေနဲ့ ပစ်ချရင် ဘယ်လောက် အကုန်အကျ များလိုက်မလဲ။ ရန်သူ့ဘက်က အကြိုက်တွေ့မှာပေါ့”ဟု  ပါကင်းစ်က ပြောကြားသွားသည်။

လတ်တလောတွင် အိုင်အက်စ် စစ်သွေးကြွများက ဒရုန်းငယ်များပေါ်တွင် လက်ပစ်ဗုံးများ တင်ဆောင်ကြဲချသည့် ဗျူဟာမျိုး အသုံးပြုပြီး အမေရိကန်၏ မဟာမိတ်များကို တိုက်ခိုက်လျက် ရှိသည်။ ထိုသို့သော ဒရုန်းငယ်မျိုးကို Patriotဖြင့် ပစ်ချခဲ့သည်မှာ အမေရိကန်နှင့် အထူးနီးစပ်သည့် မဟာမိတ် တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်းလည်း ပါကင်းစ်က ဆိုသည်။

၁၉၈ဝ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် စတင်ထုတ်လုပ်ခဲ့သည့် Patriotများကို မျိုးဆက်အဆင့်ဆင့် မြှင့်တင်ခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ ခု၌ အသုံးပြုလျက် ရှိသည်။ ပုံမှန်အားဖြင့် ထိုဒုံးကျည်များသည် အသံ၏ မြန်နှုန်းထက် ငါးဆမျှထိ ပျံသန်းနိုင်သော်လည်း ပန်ကာလေးလုံးတပ် ဒရုန်းငယ်တစ်စီး၏ မြန်နှုန်းသည် တစ်နာရီ မိုင် ၅ဝ ထက် ပိုမည်မဟုတ်ချေ။

Ref: Business Insider

#7DN

Leave a comment