Uncategorized

​မန္တလေးတိုင်း အစိုးရအဖွဲ့တွင် E-Government ဌာနခွဲ ဖွဲ့စည်းမည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အွန်လိုင်းဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ရန် E-Government ဌာနခွဲတစ်ခုဖွဲ့စည်းကာ တိုင်းလွှတ်တော်ရုံးဟောင်းတွင် သီးသန့်ဌာနခွဲတစ်ခုအနေဖြင့် ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“E-Government နဲ့ပက်သက်တဲ့ ဖွဲ့စည်းပုံလည်း ချထားပြီးပါပြီ။ သူက E-Government ဝန်ထမ်းဖြစ်ခဲ့ရင် အခြားလုပ်ငန်းတွေ ဘာမှ လုပ်ကိုင်ခွင့် မရှိတော့ဘူးလေ။ ဒီဝန်ထမ်းက သီးသန့်ဝန်ထမ်းဖြစ်သွားမယ်။ ဌာနကလည်း မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ E-Government ဌာနဆိုပြီးတော့ ဖြစ်လာမှာပါ” ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။ 

မန္တလေးတိုင်း လွှတ်တော်ရုံးဟောင်းတွင် သီးသန့်ဖွဲ့စည်းမည့် E-Government ဌာန၌ ဝန်ထမ်းခန့်ထားမှုများအပြင် တိုင်းအစိုးရအဖွဲ့၏ အချက်အလက်များအားလုံးကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် E-Mandalay Web Portal နှင့် ဒေတာစင်တာတစ်ခုကိုလည်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။

“E-Mandalay Web Portal ကိုတော့ ဧပြီလဆန်းပိုင်းလောက်မှာ အများပြည်သူကို တရားဝင်မိတ်ဆက်သွားပါမယ်။ ဒေတာစင်တာအတွက်ကတော့ လက်ရှိတင်ဒါခေါ်ထားပြီး E-Government ဌာန ဖွဲ့စည်းပြီးတော့မှပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကတော့ ရှိတဲ့ဝန်ထမ်းတွေကို သင်တန်းပေးထားပါတယ်။ ကွန်ပြူတာတက္ကသိုလ်ကျောင်းဆင်းတွေကိုပဲ အဓိက စုထားပါတယ်” ဟု ဦးစိုင်းကျော်ဇောက ပြောသည်။ 

လက်ရှိတွင် E-Mandalay Web Portal ၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်းရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အချက်အလက်များကို ကနဦးအဆင့်အနေဖြင့် ဖော်ပြမည်ဖြစ်ပြီး ဒေတာစင်တာ တည်ဆောက်ပြီးပါက တိုင်းအစိုးရအဖွဲ့ တစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။