ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​ပို့ကုန်မြှင့်တင်ရန် စီစဥ်ရာတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက စိန်ခေါ်မှုများရှိဟု စီးပွားကူးသန်းဝန်ကြီးပြော

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွင် အဓိကကျသော ကုန်သေတ္တာများကို ဆိပ်ကမ်းတစ်ခု၌ တွေ့ရစဥ် (ဓာတ်ပုံ − စိုင်းဇော်)

လယ်ယာထွက်ကုန်များနှင့် အသေးစားနှင့် အလတ်စား (SME) ထုတ်ကုန်များဖြင့် ပို့ကုန် ကဏ္ဍကို တိုးမြှင့်ရန် စီစဥ်ခဲ့သော် လည်း စျေးနှုန်းနှင့် အရည်အသွေး က အဓိကစိန်ခေါ်မှုဖြစ်လာသည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။
ပြည်ပသို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့အပါအဝင် တွင်းထွက် သယံဇာတများ တန်ဖိုးလျော့ကျ ခြင်းကြောင့် လယ်ယာထွက်ကုန် များနှင့် အသေးစားနှင့် အလတ် စားထုတ်ကုန်များကို အစားထိုး၍ တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်မြှင့်တင်ရန် အစိုးရက စီစဥ်သော်လည်း အခက်အခဲများစွာရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

လယ်ယာထွက်ကုန်ကဏ္ဍ တိုးမြှင့်နိုင်ရန် အထွက်နှုန်းလျော့နည်းမှု၊ တစ်ဧကအတွက် စိုက်ပျိုးစရိတ်ကြီးမားမှုစသည်တို့က အာဆီယံဒေသ အတွင်းရှိ လာအို၊ ကမေ္ဘာဒီးယားနိုင်ငံများနှင့် နှိုင်းယှဥ်ပါက ကုန်ကျစရိတ်ပိုများနေခြင်းသည် အစိုးရ၏ ပို့ကုန်မြှင့်တင်ရေးတွင် အခက်အခဲဖြစ်နေသည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထို့အပြင် အသေးစား၊ အ လတ်စားလုပ်ငန်းများမှ ထုတ်ကုန်များတိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန် ကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရန် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ပြီး၊ အရည်အသွေးပိုင်း ယှဥ်ပြိုင်ရန် အားနည်းချက်များရှိနေကာ နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းယှဥ်ပြိုင်ရောင်းချရန် အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

‘‘လယ်ယာကဏ္ဍနဲ့ SME တွေကိုပဲ အဓိကထားအားကိုးဖို့ရှိ ပေမယ့် အခက်အခဲ စိန်ခေါ်မှု တော့ရှိတယ်။ ဒါတွေကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဖြေရှင်းသွားနိုင် မယ်လို့ ထင်ပါတယ်’’ဟု ဦးသန်းမြင့်က မတ်လ ၁၆ ရက်တွင် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့စျေးနှုန်းကျဆင်းမှုကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ဝင်ငွေကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလျော့ကျခဲ့ပြီး၊ သစ်တောထုတ်ကုန်များ၊ ကျောက်စိမ်းထုတ်လုပ်မှု လျော့ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထို့ကြောင့် ဒီချုပ်အစိုးရ လက်ထက် ၁၁ လအတွင်း ကုန် သွယ်ရေးကဏ္ဍတွင် လိုငွေပမာ ဏသည် ကန်ဒေါ်လာ ငါးဘီလီယံခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

#7DN

Leave a comment