ဆောင်းပါး, မူလစာမျက်နှာ, အတွေးအမြင်

​မြစ်ချောင်းအင်းအိုင်တွေ နေထိုင်ကောင်းကြပါစ

(တစ်)
အပြည်ပြည်ဆိုင်ရာ မြစ် ချောင်းအင်းအိုင်များနေ့ကို ကချင်ပြည်နယ်ထဲက မေခနဲ့ မလိခတို့ ဆုံကြတဲ့နေရာမှာ ကျင်းပသွားတဲ့ အကြောင်း သတင်းတွေကို မြင်ရ၊ ကြားရတော့ မြစ်တွေ၊ ချောင်း တွေ၊ အင်းအိုင်တွေက စိတ်ထဲကို ရောက်လာသဗျ။ မြစ်တွေ၊ ချောင်းတွေ၊ အင်းအိုင်တွေလို့ ပေါင်းရုံးကာ ခေါ်လိုက်ရပေမယ့် အဓိကက မြစ်တွေပါ။

မြစ်တွေဟာ ဇာတ်လိုက်ကြီး တွေလို့ပဲ တင်စားလိုက်ချင်ပါရဲ့ ဗျာ။

ဆရာဒဂုန်တာရာ တရုတ် တို့၊ ရုရှားတို့ကို ခရီးထွက်ပြီး ပြန် လာတော့ ခရီးသွားစာအုပ်တစ် အုပ် ရေးပါတယ်။ ဧရာဝတီ၊ ယန် စီ၊ ဗော်လဂါတဲ့။ ဧရာဝတီက မြန်မာပြည်၊ ယန်စီက တရုတ်၊ ဗော်လဂါက ရုရှားက မြစ်တွေဖြစ် တာမို့ မြစ်ကြီးတွေဟာ နိုင်ငံရဲ့ သင်္ကေတလို့ဆိုရင် မမှားဘူးပေါ့။

 အိန္ဒိယ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းက ဝတ္ထုကြီး တစ်အုပ်ရေးဖူးပါတယ်။ From Volga to Ganges တဲ့။ ဗော်လဂါ မှ ဂင်္ဂါသို့ဆိုတာ မြန်မာဘာသာ ပြန်ရှိပြီးသား စာအုပ်ပေါ့။ ဒါက ကျတော့ လူရဲ့ ဆင့်ကဲတိုးတက် လာပုံ (Evoluation)ကို မြစ်ကြီး တွေနဲ့ ပြထားတာ။

ဂန္ဒီရုပ်ရှင်ဇာတ်ကားအဆုံး မှာ အလုပ်ကြံခံလိုက်ရတဲ့ ဂန္ဒီရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးတဲ့ နောက် အရိုးပြာတွေကို ဂင်္ဂါမြစ် ထဲ ဖြန့်ကြဲချနေပုံနဲ့ အဆုံးသတ် ထားတာကို ကြည့်ခဲ့ဖူးပါတယ်။ သည်လိုကျပြန်တော့ မြစ်တွေဟာ သမိုင်းရဲ့ ကြေကွဲစရာ ဇာတ်ဝင် ခန်းတွေနဲ့ ဆက်စပ်လို့။

ကျွန်တော်တို့ ပြန်လမ်းမရှိ တဲ့ မြစ်ကြီး (River of No Return)ရုပ်ရှင်နဲ့ သီချင်းထဲမှာ မစ္စစ္စပီ (Mississippi) မြစ်ကြီးကို ခံစားဖူး ခဲ့ပါတယ်။ မြစ်ဝါမြစ် (Yellow River) သီချင်းထဲမှာ မြစ်ဝါမြစ် ကြီးကို ထိတွေ့ဖူးပါတယ်။ ရုရှား စာရေးဆရာကြီး ရှိုလိုကော့ဗ် (Sholokhov)ရဲ့ And Quiet Flows the Don စာအုပ်ကြီးထဲမှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဒွန်မြစ် ကြီးအကြောင်းကို ရင်ခုန်ခဲ့ဖူးပါ တယ်။

ပီဠိယက္ခမင်းရဲ့ မြားချက်ထိ မှန်ကာ သုဝဏ္ဏသာမမင်းသားလဲ ကျခဲ့ရာ မိဂသမ္မတာမြစ်ကမ်းပါး ဟာ လွမ်းစရာပေါ့။

ရောဟိနီမြစ်ရေကို လုဖို့စစ် ရေးပြင်နေကြတဲ့ ကပိလဝတ်နဲ့ ကောလိယမြို့နှစ်မြို့ကြားမှာ ဗုဒ္ဓ ဘုရားရှင်ကြွလာပြီး တရားဟော ခဲ့လို့ ငြိမ်းချမ်းမှုရသွားတဲ့အခါ ရောဟိနီမြစ်ဟာ ငြိမ်းအေးလို့။

မြစ်တွေဟာ စိတ်လှုပ်ရှားမှု မှာ ပါရဂူပါ။

(နှစ်)

ကမ္ဘာပေါ်မှာ အပြည်ပြည် ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များ နေ့ (Internation Day of Action for Rivers) ရယ်လို့ ကျင်းပလာခဲ့ တာ အကြိမ်နှစ်ဆယ်ရှိသွားခဲ့ပါ ပြီ။ နှစ်တိုင်း နှစ်စဥ် မတ်လ ၁၄ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ပဲပေါ့။

လူတွေဟာ အထူးသဖြင့် ကျွန်တော်တို့ ဆီကလူတွေဟာ မြစ်ချောင်း အင်းအိုင်တွေကို တကယ်မှ ချစ်တတ်ကြရဲ့လားဆို တာ ကျွန်တော် သံသယဖြစ်ပါ တယ်။ မြစ်ချောင်းအင်းအိုင်တွေ အပေါ်မှာ ဘယ်လိုများ သဘော ထားကြပါလိမ့်။ မစင်တွင်းကြီး တွေလို၊ အမှိုက်ပုံကြီးတွေလိုများ သဘောထားနေကြလေရော့ သလား။

ကျွန်တော် မြန်မာနိုင်ငံအနှံ့ အပြားက မြို့အကြီးအသေး တော်တော်များကို ရောက်ဖူးပါတယ်။ နေလည်းနေခဲ့ဖူးပါတယ်။ မြစ် ချောင်းအင်းအိုင်ရဲ့ အစပ်မှာ တည်ထားတဲ့ မြို့ရွာဒေသ၊ မြစ် ချောင်းအင်းအိုင်တွေက သူ့ရဲ့ ဝမ်းဗိုက်သားထဲကနေ ဖြတ်သွားတဲ့၊ ရှိနေတဲ့ မြို့ရွာဒေသ၊ ဘယ်နေရာ မှာမှ ဂရုအစိုက်မခံကြရရှာပါဘူး။

လူတွေက အမှိုက်မှန်သမျှ ကို အဲသည့်မြစ်ချောင်းအင်းအိုင် တွေထဲ ပစ်ချလိုက်ကြတာပါ။ စပါးခွံတွေ၊ ထမင်းကျန်၊ ဟင်းကျန်တွေ၊ အဝတ်စုတ်တွေ၊ သစ်တိုသစ်စ၊ ဝါးဓနိ အဟောင်းအ မြင်း၊ ငါးခေါင်းဖားခေါင်း၊ သစ်သီးဝလံ အပုပ်အသိုး၊ အစေ့အခွံအရိုးအရွက်၊ လူသုံးပစ္စည်းအဟောင်း အနွမ်း၊ စက္ကူစုတ်၊ ဆီကျန်ရေကျန် အကုန်လုံး ရေရှိရာကိုလှမ်းသွန်လှမ်းပစ်ချလိုက်ကြတာပါ။ အမှိုက်ပေါင်းစုံ ပေါလောမျောနေ တဲ့ ရေပြင်၊ အဆီတွေ ဝေ့နေတဲ့ ရေပြင်နဲ့ မြို့တွေ၊ ရွာတွေဟာ အရုပ်ဆိုးလိုက်တာလေ။

ကျွန်တော် စိတ်အပျက်မိဆုံး က အိမ်တွေရဲ့ မျက်နှာစာနဲ့ အိမ်သာကိစ္စပါ။ မြစ်ချောင်းအင်းအိုင် တွေဟာ လူနဲ့ မျက်နှာချင်းဆိုင်ပြီး ရှုမျှော်ခံစားဖို့လား (ဒါမှမဟုတ်) ကျောခိုင်းထားဖို့လား။

ကျွန်တော် တွေ့မြင်ရသမျှ ကတော့ အများစုက ကျောခိုင်း ထားကြတာပါ။ မြစ်ချောင်းအင်း အိုင်တွေဟာ အိမ်တွေရဲ့ ကျော ဘက်မှာပါ။ လူတွေဟာ ရေပြင် ကို မရှုငေးပါဘူး။ မျက်နှာလွှဲထား ကြတာပါ။ မြန်မာတို့ရဲ့ အိမ်သာ အများစုဟာ ရေစပ်စပ်မှာ (ဒါမှ မဟုတ်) ရေထဲမှာပါ။ မြစ်တွေ၊ ချောင်းတွေပေါတဲ့ဒေသမှာ ရေ ကြောင်းကနေ ခရီးသွားတဲ့အခါ အင်းအိုင်ထူထပ်တဲ့အရပ်မှာ စက် လှေကလေးနဲ့ ခရီးနှင်တဲ့အခါ ရေ စပ်မှာ တန်းစီနေတဲ့ အိမ်သာ ကလေးတွေကို တွေ့ကြရမှာပါ။ တစ်မြို့လုံးကထွက်တဲ့ ရေဆိုး တွေကို မြစ်ထဲကို ချထားတာ၊ မြို့ လယ်က ကန်ကြီးထဲကို ချထား တာ ကျွန်တော်တို့ မမြင်ချင်အဆုံးပါ။

နိုင်ငံတကာ ခရီးသွားတွေက အဲဒါကို အံ့ဩကြပါလေသတဲ့။

(သုံး)

တရုတ်တို့၊ ထိုင်းတို့၊ လာအို တို့၊ ကမ္ဘောဒီးယားတို့၊ မြန်မာတို့ ကို ဖြတ်သွားတဲ့ မဲခေါင်မြစ်ကြီး ထဲမှာ ရေစူးနက်တဲ့ သင်္ဘောကြီး တွေ သွားလာနိုင်ဖို့ တရုတ်က သောင်တူးစက်ကြီးတွေနဲ့ တူးတဲ့ အခါ ထိုင်းက ပွက်ညံပွက်ညံနဲ့ အသံတွေထွက်ပါတယ်။

မလေးရှားနဲ့ စင်ကာပူကြား က ရေပြင်ကို သူ့ဘက်ကိုယ့်ဘက် အပြိုင် မြေတွေဖို့ကြတော့ နှစ် နိုင်ငံစလုံး ပူညံပူညံပြောလာကြ ရာက အခုတော့ ရပ်ထားရပါ တယ်။

မြစ်ချောင်းအင်းအိုင်တွေ ဟာ သဘာဝကပေးထားတဲ့ ရတနာတွေပါ။ ထိန်းသိမ်းစောင့် ရှောက် ဂရုတစိုက်ရှိအပ်တဲ့ အရာတွေပါ။ ပစ်ချင်ရာပစ်ချလိုက်ရ တဲ့ အမှိုက်ပုံးကြီးတွေမဟုတ်ပါ ဘူး။

 ကျင်ကြီးကျင်ငယ် စွန့်ချရာ မိလ္လာကန်ကြီးတွေ မဟုတ်ပါဘူး။ စီးဆင်းလို့ပဲ သွားသွား၊ ငြိမ်သက် လို့ပဲနေနေ ကျွန်တော်တို့တစ်တွေ စောင့်ရှောက်ထိန်းသိမ်းအပ်တဲ့ အရာတွေပါ။

မြစ်ချောင်းအင်းအိုင်တွေကို ချစ်တဲ့စိတ် နိုင်ငံသားတိုင်းမှာ ရှိသင့်ရှိအပ်ကြောင်းပါ။  ။

#7DN

ဆောင်းပါး, ပြည်တွင်းသတင်းများ, မူလစာမျက်နှာ, အင်တာဗျူး

​ခရီးသည်တွေကို လိုရာခရီးပို့ပေးမယ့်သူ

မမြတ်ရည်မွန်သည် YBS ခရီးသည်တင်ယာဥ်ကို မောင်းနှင်သူ ပထမဆုံးအမျိုးသမီးဖြစ်သည်။

YBS အမှတ်(၂၁) ယာဥ်ကို မောင်းနှင်နေသော မမြတ်ရည်မွန် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

သမိုင်းလမ်းဆုံ ဘတ်စ်ကားမှတ်တိုင်သို့ (၂၁) ယာဥ်လိုင်းမှ ကားတစ်စီးအသာအယာ ထိုးဆိုက်လာသည်။ ဘတ်စ်ကားထိုးရပ်လိုက်သည်နှင့် ခရီးသည်အချို့၏ အမြင်အာရုံက ကားခေါင်းခန်းသို့ ရုတ်ခြည်းရောက်သွားသည်။  ခရီးသည်အချို့က အနီးရှိသူကို လက်တို့တီးတိုးပြောဆိုကြသလို အချို့ကတော့ ရယ်ကျဲကျဲ ဖြစ်သွားကြသည်။ ခရီးသည်မဟုတ်သည့် လမ်းသွားလမ်းလာ အချို့ကလည်း ကားခေါင်းခန်းသို့ အကြည့်ရောက်ပြီးနောက် တအံ့တသြဖြစ်သွားသည်။
မှတ်တိုင်မှ ဘတ်စ်ကားထွက်ခွာလာခဲ့ရာ ယှဥ်မောင်းလာသော အခြားဘတ်စ်ကားတစ်စီးက ကျော်တက်ရန် လက်မထောင်၍ လမ်းတောင်းသည်။ ယာဥ်နောက်လိုက်၏အကြည့်က ယာဥ်မောင်းနေရာသို့ အရောက်တွင်တော့ ယာဥ်နောက်လိုက်၏ မျက်ခုံးအစုံ မြင့်တက်သွားကာ သူ့ကားဆရာကို တစ်စုံတစ်ခုလှမ်းပြောလိုက်သည်။ ထိုကားက စိတ်ကူးပြောင်းသွားပြီး တောင်းထားသည့်လမ်းသို့ မဝင်တော့ဘဲ ဆက်မောင်းသွားတော့သည်။

(၂၁) ဘတ်စ်ကား၏ ယာဥ်မောင်းနေရာတွင် ထိုင်နေသူက ကျောလယ်ခန့်ရှိသည့် ဆံပင်ကို နောက်ပြန်စည်းနှောင်ထားသော အသက်(၂၇)နှစ်အရွယ် မမြတ်ရည်မွန်ပင်ဖြစ်သည်။ နှုတ်ခမ်းနီပန်းရောင် ခပ်ပါးပါးဆိုးထားသော သူက ယာဥ်၏ ဘေးဘယ်ညာကိုကြည့်ကာ အာရုံစိုက်မောင်းနှင်နေသည်။ သူကတော့ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဘတ်စ်ကားမောင်းနှင်သူအဖြစ် မှတ်တမ်းဝင်မည့်သူဖြစ်သည်။

မမြတ်ရည်မွန်၏ ဘတ်စ်ကားဒရိုင်ဘာဘဝကို မတ်လ ၄ ရက်က စတင်ခဲ့သည်။ ဘတ်စ်ကားများက သူနှင့်မစိမ်းပေ။ လွန်ခဲ့သောသုံးနှစ်က  အမျိုးသမီးယာဥ်နောက်လိုက်တစ်ဦးအဖြစ် (၄၈) အဲကွန်းဘတ်စ်ကားပေါ်တွင် ကျင် လည်ခဲ့ဖူးသည်။

ယခုတော့ ခရီးသည်များကို ဝန်ဆောင်မှုပေးရာမှနေ၍  ခရီး သည်များ လိုရာခရီးရောက်အောင် မောင်းနှင်ပို့ဆောင်ပေးသူအဖြစ် တာဝန်ထမ်းဆောင်နေလေပြီ။

‘‘လိုင်းကားစမောင်းတဲ့ နေ့ကတည်းက လမ်းသွားလမ်းလာတွေရော၊ တခြားကားက လူတွေရောက အထူးအဆန်းနဲ့ ဒီလိုပဲ ကြည့်ကြည့်သွားကြတာ’’ ဟု ယာဥ်မောင်းသက် တစ်ပတ်ကျော် ပြီဖြစ်သော မမြတ်ရည်မွန်က သူ၏အတွေ့အကြုံကို ဝေမျှသည်။

နံနက်ဝေလီဝေလင်း ၅ နာရီခွဲပြီဆိုသည်နှင့် သူအိမ်က စတင်ထွက်ခွာလေပြီ။ လုပ်ငန်းခွင် တူညီဝတ်စုံဖြစ်သည့် အစိမ်းပုပ်ရောင် အကင်္ျီခပ်ပွပွနှင့် ဘောင်းဘီအရှည်ကို ဝတ်ဆင်ကာ ၁ဝ မိနစ်ခန့် လမ်းလျှောက်ရုံမျှဖြင့် ရောက်သော အင်းစိန်၊ ဘိုခြံဘတ်စ်ကား မှတ်တိုင်သို့ သူသွားရသည်။ သူမောင်းရမည့်ကားက Isuzu အမျိုးအစား ဂျပန်ထုတ်ဘတ်စ်ကားဖြစ်သည်။ ထိုမှတ်တိုင်မှာ (၂၁)ယာဥ်လိုင်းကားအချို့ ဂိတ်အစလိုင်း ပြေးဆွဲသည့် နေရာလည်းဖြစ်သည်။

(၂၁)ယာဥ်လိုင်းက အင်းစိန်လမ်းအတိုင်းမှသည် ပြည်လမ်းကြောင်းတစ်လျှောက်၊ ထိုမှသည် မော်တင်တွင် ဂိတ်ဆုံးသည်။ တစ်ဖန်ထိုဂိတ်မှသည် လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်သို့တိုင် မောင်းနှင်ရသည်။ မမြတ်ရည်မွန် က တစ်နေ့လျှင် လမ်းကြောင်းသုံးကြောင်း (သို့မဟုတ်) လေးကြောင်း ပုံမှန်မောင်းနှင်ရသည်။

 ဘတ်စ်ကားမောင်းနှင်သူနေရာတွင် အမျိုးသားများသာ နေရာယူထားသည့် အစဥ်အလာကို မမြတ်ရည်မွန်က စတင်ချိုးဖျက်ခဲ့သည်။ မြန်မာနိုင်ငံတွင် အိမ်စီးကားများနှင့် တက္ကစီယာဥ်အချို့ကို အမျိုးသမီးများ မောင်းနှင်ခြင်းများ ရှိသော်လည်း ဘတ်စ်ကားအကြီးစားများကို မောင်းနှင်သည့် ရှားရှားပါးပါး အမျိုးသမီးခရီးသည် တင်ယာဥ်မောင်းအဖြစ် မမြတ်ရည်မွန်က ကျေကျေနပ်နပ်ကြီး ခံယူခဲ့သည်။

Scania ဘတ်စ်ကားများကို မောင်းနှင်ရသည့် နည်းစနစ် ပြသရသူ အမျိုးသမီးတစ်ဦးတော့ ရှိခဲ့ဖူးသည်။ ဒေါ်ရှမ်းမဆိုသူက ကုမ္ပဏီမှဝယ်ယူသော ဘတ်စ်ကားများကို မောင်းနှင်သည့် နည်းစနစ် ပြသရသူတစ်ဦးဖြစ်သည်ဟု Scania ကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ ဦးသွင်ထူးကျော်ကပြောကြားသည်။

YBS အမျိုးသမီးယာဥ်မောင်း မမြတ်ရည်မွန်ကိုကြည့်၍ ခရီးသည်များ အံ့အားသင့်လေ့ရှိသည်။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ထို့ကြောင့် မမြတ်ရည်မွန်သည် ပထမဆုံး ဘတ်စ်ကားမောင်း အမျိုးသမီးဟု မဆိုနိုင်သော်လည်း အများပြည်သူကို ဝန်ဆောင်မှုပေးသည့် ဘတ်စ်ကားလိုင်းတွင် ပထမဆုံး အမျိုးသမီးယာဥ်မောင်းသူဟု ဆိုရပေမည်။

 အမျိုးသမီး ဘတ်စ်ကားယာဥ်မောင်းတစ်ဦး ဖြစ်လာရန် သူ့ကို စေ့ဆော်ပေးခဲ့သည်ကလည်း အမျိုးသမီးတစ်ဦးပင် ဖြစ်ခဲ့သည်။ အမျိုးသမီးယာဥ်နောက်လိုက်အဖြစ် တာဝန်ထမ်းစဥ်က တစ်နေ့တွင် လှည်းတန်းမီးပွိုင့်တွင် တက္ကစီတစ်စီးက သူတို့ ဘတ်စ်ကားနှင့် ဘေးချင်းယှဥ်ထိုးဆိုက်လာသည်။ ယာဥ်မောင်းနေရာတွင် နေရာယူထားသူက အမျိုးသမီးကြီးတစ်ဦး ဖြစ်နေသည်။ ထိုမြင်ကွင်းကပင် သူ့ကို ယာဥ်မောင်းတစ်ဦးဖြစ်လာရန် တွန်းပို့ခဲ့သည်ဟု မမြတ်ရည်မွန်က ဆိုသည်။

ထိုအချိန်ကစတင်ကာ ဘတ်စ်ကားများကို ကိုယ်တိုင်မောင်းနှင်လိုကြောင်း လုပ်ဖော်ကိုင်ဖက်များအား ပြောပြသောအခါ သူပြန်ရခဲ့သည်က မဖြစ်နိုင်ဘူးဆိုသည့် တုံ့ပြန်မှုများပင်ဖြစ်သည်။ မခံချင်စိတ်ကြောင့် သူကြိုးစားခဲ့သည်ဟုဆိုသည်။

‘‘ဒီခန္ဓာကိုယ်နဲ့ ဘတ်စ်ကား စီတီယာရင်ကိုင်လို့တော့ မရဘူး။ တက္ကစီမောင်းစားရင်တော့ ဖြစ်နိုင်မယ်လို့ ပြောတဲ့သူတွေရှိတယ်’’

ထိုသို့ ပြောဆိုခံရခြင်းကပင် သူ့အား မခံချင်စိတ်ဖြင့် ဘတ်စ်ကားယာဥ်မောင်းမဖြစ်ဖြစ်အောင်လုပ်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

သုံးနှစ်အကြာတွင်တော့ သူ၏ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

သာမန်အိမ်စီးကား မောင်းနှင်တတ်ရုံမျှဖြင့် ဘတ်စ်ကားကြီးကိုမောင်းနှင်ရန်မှာ အမျိုးသားများအတွက်ပင် ခက်ခဲသော အလုပ်တစ်ခုကို မမြတ်ရည်မွန်က အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။  

မမြတ်ရည်မွန်သည် ယခင်က အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားကြီးကြပ်ရေး အရာရှိ (supervisor) အဖြစ် နှစ်အတန်အကြာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ခဲ့ဘဲ တက္က သိုလ်ဝင်တန်းအဆင့်မှာပင် ရပ်နားခဲ့ရသည်။

သူ့ကို အောင်လံမြို့တွင် မွေးဖွားခဲ့ပြီး ဖခင်က တပ်မတော်သားတစ်ဦးဖြစ်၍ သူတို့မိသားစုသည် ဖခင်တာဝန်ကျရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည် ။

သူငယ်တန်းကျောင်းသူဘဝမှ ကိုးတန်းအထိကို ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ပြီး ဖခင်ပင်စင်ယူသည့် လွန်ခဲ့သော ၁ဝ နှစ်ခန့်ကမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ထိုစဥ်က မိသားစုစားဝတ်နေရေးအတွက် ကျောင်းဆက်တက်ရန် အခက်အခဲရှိသောကြောင့် ကျောင်းထွက်ခဲ့ရပြီး အထည်ချုပ်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေစတင်ရှာဖွေခဲ့သည်။ အထည်ချုပ်စက်ရုံတွင် သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။

‘‘ကြာတော့ အဲဒီအလုပ်လုပ်ရတာ ငြီးငွေ့လာတော့ မလုပ်ချင်တော့လို့ ထွက်လိုက်တယ်။ ဆရာကိုတရုတ်လေး (လက်ရှိသူမောင်းနေသည့် ဘတ်စ်ကားပိုင်ရှင်)နဲ့ တွေ့ပြီး ယာဥ်မယ်လုပ်ဖို့ခေါ်တာနဲ့ ယာဥ်မယ်ဘဝကို စခဲ့တယ်’’ ဟု မမြတ်ရည်မွန်က သူ့ဘဝ အချိုးအကွေ့တစ်ခုကို ပြန်လည်ပြောပြသည်။

ယာဥ်နောက်လိုက်အလုပ်လုပ်ကိုင်စဥ်ကလည်း အရာရာ ချောမွေ့သည်တော့ မဟုတ်။ အရက်သေစာ သောက်စားထားသော ခရီးသည်အချို့၏ ထိကပါးရိကပါး စနောက်မှုများကြောင့် ဆက်လက်လုပ်ကိုင်လိုစိတ် မရှိ တော့သည်အထိ စိတ်ညစ်ရသော နေ့ရက်များကို ဖြတ်သန်းခဲ့ရသည်ဟု သူကဆိုသည်။

ခရီးသည်တင် ယာဥ်မောင်းဖြစ်လိုစိတ် ပြင်းပြလာပြီးနောက်တွင်တော့ သူ့မိတ်ဆွေ အမျိုးသားယာဥ်မောင်းများအား ယာဥ်မောင်းသင်ပေးရန် အကူညီတောင်းခဲ့သည်။ လွန်ခဲ့သော နှစ်လခန့်က စတင်ကာ မိတ်ဆွေယာဥ်မောင်းသုံးဦး အကူအညီရယူပြီး အားလပ်ရက်များတွင် လူရှင်းသော စက်မှုဇုန်လမ်းမများထက်တွင် အမောင်းသင်ယူခဲ့သည်။ ကားသိမ်းပြီးနောက် ဂက်စ်ဆိုင်သို့ ဂက်စ်ဖြည့်ရန်သွားသည့် အခါမျိုးများတွင် စမ်းသပ်မောင်းနှင်သည့် အခွင့်အရေးများကို ရရှိခဲ့သည်။  

သူ၏ စိတ်အားထက်သန်မှုကြောင့် ကာလတိုအတွင်းမှာပင် ဘတ်စ်ကားအကြီးစားများကို  ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်လာနိုင်ခဲ့သည်။  သူ့ကိုယာဥ်မောင်းသင်ပေးခဲ့သော မိတ်ဆွေများ၏ ထောက်ခံပေးမှုဖြင့်ပင် ပထမအဆင့်အနေနှင့် စီးပွားရေးတက္ကသိုလ် ကျောင်းကြိုပို့ကားကို မောင်းနှင်ခွင့်ရခဲ့သည်။ ထိုသည်ကပင် သူယာဥ်မောင်းဘဝအစ ဖြစ်ခဲ့သည်။

သူ၏ ယာဥ်မောင်းဘဝအစပြုချိန်တွင်တော့ သူနှင့်အတူ ယာဥ်နောက်လိုက်အဖြစ် အလုပ်လုပ်ခဲ့ကြသော ယာဥ်နောက်လိုက်အမျိုးသမီးအများစုကတော့ လုပ်ငန်းခွင်၌ မရှိကြတော့ပေ။ သူနှင့်အတူ အလုပ်ဝင်သည့် ယာဥ်အကူအမျိုးသမီး ၂ဝ ဦးရှိခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် အခြားလုပ်ငန်းခွင်များသို့ ပြောင်းရွှေ့ကုန်ပြီး မမြတ်ရည်မွန်တစ် ဦးတည်းသာ ယာဥ်မောင်းအဖြစ် ကျန်ခဲ့သည်။

ကျောင်းဖယ်ရီကားကို နှစ်ပတ်ခန့်မောင်းပြီးနောက် သူ့ဘဝအချိုးအကွေ့အဖြစ် ရန်ကုန်မြို့တွင်း ဘတ်စ်ကားမောင်းရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတော့သည်။

ဘတ်စ်ကားနှင့် မစိမ်းသူဆိုသော်လည်း ကိုယ်တိုင်ကိုယ် ကျ ခရီးသည်များ တင်ဆောင်မောင်းနှင်ရတော့မည်ဆိုသည်နှင့် စိုးရိမ်စိတ်တော့ ဝင်မိသည်ဟု မမြတ်ရည်မွန်ကဆိုသည်။

 ‘‘စမောင်းတဲ့ နေ့ကဆိုရင် အရမ်းကို စိုးရိမ်စိတ်များနေခဲ့တယ်။ ကားအဝင်/အထွက်၊ မီးပွိုင့်တိုးရတာမျိုးတွေဆိုရင် မရဲမတင်းနဲ့မောင်းရတာ။ လှည်းတန်းလိုနေရာက အဆိုးဆုံးပဲ’’ ဟု သူ က စိတ်လှုပ်ရှားဟန်အမူအရာနှင့် ပြန်လည်ပြောပြသည်။

‘‘နောက်တော့ ဆရာသမားတွေကလည်းမှာတယ်။ စိတ်မလှုပ်ရှားနဲ့ တည်တည်ငြိမ်ငြိမ်မောင်းဖို့၊ စိတ်လူပ်ရှားရင် အန္တရာယ်ပိုများတယ်လို့ မှာတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ကိုယ်တင်းပြီး ငါရအောင်လုပ်မယ်၊ ဘာမှမဖြစ်ဘူး ဆိုပြီး စိတ်တည်ငြိမ်အောင်လုပ်မောင်းတာ အခုတော့ အေးဆေး ဖြစ်သွားတယ်’’ဟု ၎င်းက ရယ်မောပြီးပြောသည်။

သူမောင်းရသည့် ဘတ်စ်ကားမှာ ယာဥ်အကူအဖြစ်လိုက်ပါစဥ်က ကားဖြစ်သဖြင့်လည်း သူ နှင့် ရင်းနှီးပြီးသားဖြစ်သည်။

‘‘ဒီကားအထာကို တော်တော်သိထားပြီး ဖြစ်တာကြောင့်ပိုအဆင်ပြေတာ။ တခြားကားမောင်းရမယ်ဆိုရင်တော့ ဘယ်လိုနေမယ်မသိဘူး’’ ဟုဆိုသည်။

ယာဥ်အကူအဖြစ်မှ ယာဥ်မောင်းအဖြစ်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခဲ့သည့်အတွက် တစ်နေ့တာ ၎င်း၏ဝင်ငွေမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

ယာဥ်အကူအဖြစ် လုပ်ကိုင်စဥ်က တစ်ရက်လျှင် ၆,ဝဝဝ ကျပ်၊ ၇,ဝဝဝ ကျပ်သာ ဝင်ငွေရှိခဲ့ရာမှ ယခုတော့ သူ၏ဝင်ငွေမှာ ၁၅,ဝဝဝ ဝန်းကျင် ရှိလာလေသည်။ တစ်ပတ်လျှင် တစ်ရက်နားခွင့်ရမည်ဟုဆိုသည်။

ယာဥ်မောင်းအလုပ်မှာ အလုပ်ချိန်သက်မှတ်ချက် သီးခြားမရှိခြင်းက အမျိုးသမီးတစ်ဦးဖြစ်သည့် သူ့အတွက် အဓိကအခက်အခဲဖြစ်သည်။

နံနက် ၆ နာရီခန့်က စတင်လိုက်သည့် ဘတ်စ်ကားပေါ်မှ သူ့အလုပ်ချိန်သည် ည ၁ဝ နာရီခန့်အထိဖြစ်ပြီး အိမ်ပြန်ရောက်၍ အနားယူရမည့်အချိန်မှာ ည ၁၁ နာရီကျော်နေပြီဖြစ်သည်။

နေ့လယ်စာ ထမင်းစားချိန်မှာ များသောအားဖြင့် အချိန်မှန်မှုမရှိဘဲ နေ့လယ်စာနှင့် ညစာပေါင်းစားလိုက်ရသည့် အချိန်ပေါင်းလည်းမနည်းပေ။

သူ အိမ်ပြန်ရောက်ချိန်နှင့် အလုပ်ပြန်သွားချိန်တို့မှာ မိသားစု ဝင်များ အိပ်မောကျနေချိန် များ နေခြင်းကြောင့် မိသားစုနှင့်အတူ စကားပြောခွင့်ရမည့် အချိန်များ ရှားပါးလွန်းသည်။

‘‘တစ်ခါတလေ ကိုယ့်ဘာသာ တီဗီကြည့်အပန်းဖြေရင်း တစ်နေကုန်ပင်ပန်းခဲ့တာကြောင့် တီဗီဖွင့်လျက်နဲ့ အိပ်ပျော်သွားတာတွေလည်းရှိတယ်’’ ဟု မမြတ်ရည်မွန်ကဆိုသည်။

သူမောင်းနှင်ရာ ဘတ်စ်ကား၏ယာဥ်မောင်းခုံအပေါ်ဘက်တွင် အမွေးပွရုပ်တစ်ခု ချိတ်ဆွဲထားသည်။ သူ့ထိုင်ခုံ မလှမ်းမကမ်းတွင် ရေသန့်ဘူးတစ်ဘူးအတွင်း နှင်းဆီပန်းအနီရောင် ငါးပွင့်ကို ထိုးစိုက်ထားသည်။ သူမ၏ သူငယ်ချင်းများက လာထိုးစိုက်ပေးခြင်းဖြစ်ကြောင်း သူက ပြုံးရွှင်စွာ ပြောသည်။

အမျိုးသမီး ခရီးသည်တင် ယာဥ်မောင်းအဖြစ် လုပ်ကိုင်သူကို အားတက်သရော အားပေးကြသူများရှိသလို စိုးရိမ်ပူပန်သဖြင့် ကန့်ကွက်သူများလည်းရှိသည်။

မိခင်နှင့် အစ်ကိုတို့က ကန့်ကွက်သူများတွင် ထိပ်ဆုံးက ပါဝင်သည်။

မိန်းကလေးတစ်ဦးအနေဖြင့် ဘတ်စ်ကားမောင်းသည့် အလုပ်မှာ အန္တရာယ်များသောကြောင့် မူလအလုပ်ဖြစ်သည့် အထည်ချုပ်စက်ရုံတွင်သာ ပြန်လည်လုပ်ကိုင်ရန် မိခင်က ဖျောင်းဖျသည်။

အစ်ကိုသည်လည်း လက်ရှိအမှတ်(၄ဝ)ဘတ်စ်ကားလိုင်းတွင် ကားမောင်းနေသူတစ်ဦးဖြစ်၍ ညီမကို အန္တရာယ်များသော ယာဥ်မောင်းအလုပ်ကို မလုပ်စေလို။ သို့သော် မမြတ်ရည်မွန် ကိုယ်တိုင်က စိတ်အားတက်ကြွနေသဖြင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။

ဘတ်စ်ကားယာဥ်မောင်း ဘဝအစရက်ပိုင်းများတွင် အခြားယာဥ်မောင်းအချို့က အမျိုးသမီးတစ်ဦးမောင်းနေမှန်းသိ၍ နောက်မှကပ်လိုက်၍လည်းကောင်း၊ ဘေးချင်းယှဥ်ကပ်လိုက်၍လည်းကောင်း စနောက်ခြင်းများ ကြုံခဲ့ ရသည်ဟုဆိုသည်။

ထိုသို့အပြုအမူမျိုးကို အနည်းကျဥ်းမျှသာ ကြုံရပြီး ယာဥ်မောင်းအများစုက ဝိုင်းဝန်းကူညီဖေးမကြသည်ဟုဆိုသည်။

‘‘ယောက်ျားလေးမောင်းတဲ့ ကားတွေဆိုရင် လမ်းကြောင်းတူရင် ပြိုင်လိုက်မောင်းတာ၊ ညစ်မောင်းတာမျိုးတွေရှိပေမယ့် ညီမကိုတော့ လိုင်းမတူတဲ့ဘတ်စ်ကားယာဥ်မောင်းတွေ ကိုယ်တိုင်က ကားအဝင်အထွက် ဦးစားပေးတာ။ ကူညီပေးတာမျိုးတွေ လုပ်ကြတယ်။ အဲဒီအတွက် အခက်အခဲ ကြီးကြီးမားမားမရှိတာလို့ ပြောလို့ရတယ်’’ ဟု သူက ပြောသည်။

သူမောင်းနှင်သည့် (၂၁) ယာဥ်လိုင်းက ဘတ််စ်ကားများ မောင်းနှင်ရမည့်မြန်နှုန်းကို ကီလို မီတာ ၅ဝ အထိသာ ခွင့်ပြုထားပြီး ယင်းသတ်မှတ်ချက်ထက်ပိုပါက ကားတွင်တပ်ဆင်ထားသော GPS က အသံဖြင့် အချက်ပေးလေ့ရှိသည်။

သူမောင်းသည့် မြန်နှုန်းက သက်မှတ်ချက်အထိပင် ရောက်ရှိလေ့မရှိဘဲ အများဆုံးကီလိုမီတာ  ၄ဝ ခန့်သာ ရှိနေတတ်သည်။

ထို့အပြင် ဘတ်စ်ကားမှတ်တိုင်မဟုတ်ဘဲ မရပ်ရန် ညွှန်ကြားထားခြင်းကြောင့် လမ်းတွင် စီးနင်းရန်တားနေသည့်သူများကို ကားမောင်းနေရင်းဖြင့်ပင် ပြုံးရယ်လျက် လက်ခါပြပြီးရပ်မရကြောင်း တုံ့ပြန်ရသေးသည်။

ခရီးသွားများကလည်း အမျိုးသမီးတစ်ဦးက စတီယာရင်တိုင်၊ ထိုင်ခုံနှင့်မမျှသော ခန္ဓာကိုယ်ဖြင့် ဘတ်စ်ကားမောင်းနေသည်ကို မြင်တွေ့ရသောအခါ အံသြသည့် အမူအရာများ ချက်ချင်းပြောင်းသွားသည်။

 လမ်းပေါ်မှ ဘတ်စ်ကားစောင့်နေသူများ၊ ဘေးချင်းယှဥ်လျက်ကားများ ခရီးသွားများ၊ ယာဥ်လုပ်သားများက သူ့ကိုတွေ့သောအခါ ပြုံးရယ်သွားခြင်း၊ အချင်းချင်းလက်တို့၍ တီးတိုးပြောဆိုခြင်းများကိုလည်း မကြာခဏ တွေ့မြင်ရသည်။

အချို့ခရီးသွားများက ကားစီးနေရင်းနှင့်ပင် အမျိုးသမီးတစ်ဦး ဟုတ်၊ မဟုတ် ထိုင်ခုံမှထကာ လာရောက်ကြည့်ခြင်းများပင် ကြုံရသည်ဟုဆိုသည်။

‘‘ခရီးသည်တစ်ဦးဆိုရင် သူတို့ အလောင်းအစားလုပ်ထားတယ်။ ညီမက ယောက်ျားလေးလား။ မိန်းကလေးလားဆိုပြီးတော့ပေါ့။ အဲဒါ အဖြေသိရလာအောင်ဆိုပြီး ထလာမေးတာတောင် ကြုံရတယ်’’ဟု မမြတ်ရည်မွန်က ရယ်ရယ်မောမောဆိုသည်။

မမြတ်ရည်မွန် မောင်းနှင်သည့် ဘတ်စ်ကားကို စီးနင်းလိုက်ပါသည့် အနောက်ပိုင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မဖြူဖြူကျော်က အမျိုးသမီးတစ်ဦးဖြစ်သော်လည်း အမျိုးသားများနှင့် တန်းတူ လုပ်ကိုင်လိုစိတ်ရှိခြင်း အပေါ် လေးစားမိသည်ဟု ချီးကျူးစကားဆိုသည်။

 ‘‘အမျိုးသမီးယာဥ်မောင်းရှိလာတာတော့ မဆိုးပါဘူး။ မှတ်တိုင်မှာ ကားစောင့်နေတုန်း သူမောင်းလာတာမြင်တော့ အံ့သြသွားမိသေးတယ်။ မိန်းကလေးဖြစ်နေတော့ ယာဥ်နဲ့ပတ်သက်လို့ အရေးအကြောင်းဆိုရင် ဆုံးဖြတ်ချက် ပြတ်သားပါ့မလားပေါ့လေ။ အဲဒါတော့ စိုးရိမ်တယ်’’ဟု သမိုင်းလမ်းဆုံမှ မြေနီကုန်းအထိ လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်ကို အောင်မျိုးကပြောသည်။

မမြတ်ရည်မွန်ကို ဘတ်စ်ကားယာဥ်မောင်းဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့သူ ယာဥ်ပိုင်ရှင် ကိုတရုတ်လေးက ၎င်း၏ တပည့်အပေါ် ယုံကြည်မူအပြည့်အဝထားရှိသည်။

မမြတ်ရည်မွန်၏ ကြိုးစားအားထုတ်မှုနှင့် အလုပ်အပေါ်တန်ဖိုးထားမှုက အမျိုးသမီးဘတ်စ်ကား ယာဥ်မောင်းဘဝအတွက် စံနမူနာကောင်း ဖြစ်လာမည်ဟုဆိုသည်။

‘‘သူ့ရဲ့ လက်ရှိကျွမ်းကျင်မူအနေအထားကို ယုံကြည်လို့ လိုင်းပေါ်တင်ပေးလိုက်တာပါ။ သူမောင်းတာကို တခြားကားသမားတွေကတောင် ငေးကြည့်ကြရတယ်။ ကျွန်တော့်အနေနဲ့က ရှေ့ဆက်ပြီးတော့လည်း အမျိုးသမီး ယာဥ်လုပ်သားတွေ နေရာရအောင် ကြိုးစားပေးဖို့ ဆန္ဒရှိတယ်’’ဟု ကိုတရုတ်လေးက ဆိုသည်။

မမြတ်ရည်မွန်မှာ အလုပ်ကို ရည်ရွယ်ချက်အပြည့်ထား၍ ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်များကလည်း အသိမှတ်ပြုသည်။

‘‘မိန်းကလေးဆိုတော့ ကားကို ပိုသတိထားမောင်းတဲ့အတွက် တခြားသူတွေ ခရီးစဥ်တစ်ကြောင်း ကြာချိန်ထက်တော့ သူက ပိုကြာတာပေါ့’’ဟု (၂၁)ယာဥ်လိုင်းဂိတ်ကြီးကြပ်ရေးအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

မမြတ်ရည်မွန်က ယာဥ်မောင်းသူတစ်ဦးဘဝကို ရွေးချယ်ခဲ့သော်လည်း သည်အလုပ်ဖြင့်  ဘဝတစ်လျှောက်လုံး ရပ်တည်ရန်တော့ ရည်ရွယ်ထားခြင်း မရှိပေ။

သူ့ဝါသနာနှင့် ဘဝရည်ရွယ်ချက်တွင် ဘတ်စ်ကားယာဥ်မောင်း ဖြစ်လာလိမ့်မည်ဟု လွန်ခဲ့သည့်နှစ်လကအထိ စဥ်းစားခဲ့ဖူးခြင်းပင်မရှိဘဲ မခံချင်စိတ်ဖြင့် ကြိုးစားခြင်းကြောင့်သာ ယခု အခြေအနေကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‘‘အမျိုးသမီး ဘတ်စ်ကားယာဥ်မောင်းတွေကို ပြန်လည်သင်ကြားပြသနိုင်မယ့် သင်တန်းဆရာတစ်ဦးအဖြစ်နဲ့ ဘဝကို ဖြတ်သန်းချင်တာ’’ဟု မမြတ်ရည်မွန်က သူ၏ အနာဂတ်အိပ်မက်ကို တက်ကြွစွာပြောပါသည်။

#7DN

ဆောင်းပါး, ပြည်တွင်းသတင်းများ

​မြန်မာကနေ ဒိန်းမတ်ကို ကျွန်းသစ် ပို့မှုအားလုံး ပိတ်ပင်

သစ်တောဌာနက သိမ်းဆည်းရမိတဲ့ သစ်လုံးတွေ

မြန်မာ နိုင်ငံကနေ ဒိန်းမတ်နိုင်ငံကို တင်ပို့တဲ့ ကျွန်းသစ် တင်ပို့မှုအားလုံး ကို ပိတ်ပင်လိုက်ပါတယ်။ EIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေး အဖွဲ့ရဲ့ တိုင်တန်းမှုတွေကြောင့် အခုလို ပိတ်ပင်လိုက်တာပါ။
ဒိန်းမတ်နိုင်ငံ စျေးကွက်ကို တင်သွင်း နေတဲ့ မြန်မာ့ ကျွန်းသစ် တင်ပို့မှု အားလုံးကို ပိတ်ပင်ဖို့ ဒိန်းမတ် အာဏာပိုင်တွေက မတ်လ ၁၅ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကို သစ်တင်ပို့မှု ဆိုင်ရာ စည်းမျဥ်း စည်းကမ်းတွေကို ဒိန်းမတ် နိုင်ငံပိုင် သစ်ကုမ္ပဏီ တစ်ခုက ချိုးဖောက် နေတယ်လို့ ဗြိတိန်နဲ့ အမေရိကန်မှာ အခြေစိုက်တဲ့ EIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေး အဖွဲ့က တင်ပြ ခဲ့ပြီးနောက် အခုလို ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

EIA ရဲ့ တိုင်တန်းမှုကြောင့် မြန်မာနိုင်ငံက သစ်တင်ပို့မှု ပိတ်ပင်တဲ့ ဥရောပ နိုင်ငံတွေထဲမှာ အခု ဒိန်းမတ်နိုင်ငံက ပထမဆုံး ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကို သစ်တင်ပို့မှု စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတာ အထောက် အထားတွေနဲ့တကွ ဒိန်းမတ် အစိုးရကို တင်ပြခဲ့တာလို့ EIA အဖွဲ့ရဲ့ သစ်တောရေးရာ လှုပ်ရှားဆောင်ရွက်သူ Peter Cooper က ပြောပါတယ်။

သက်သေ ပြနိုင်

EIA အနေနဲ့ မြန်မာ့ သစ်ဝယ်ယူမယ့်သူတွေနဲ့ ပတ်သက်လို့ နှစ်လခွဲကြာ စုံစမ်း လေ့လာမှုတွေ လုပ်ခဲ့ ပါတယ်။ အီးယူ အတွင်းက ကုမ္ပဏီ အတော်များများကိုလည်း ချဥ်းကပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒိန်းမတ် အခြေစိုက် Keflico ကုမ္ပဏီလည်း ပါပါတယ်။ အီးယူ စည်းမျဥ်း စည်းကမ်း အရ သစ်တင်သွင်းလိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ဝယ်ယူ တင်သွင်းလိုတဲ့ နိုင်ငံတွေ ဆီကနေ ကြိုတင် လေ့လာစုံစမ်းမှုတွေ လုပ်သလားလို့ မေးတဲ့ အခါမှာ သူတို့ မပြနိုင်ပါဘူး။ ဒီတော့ သူတို့ ဝယ်ယူတဲ့ သစ်တွေဟာ တရားဝင် နည်းလမ်းအရ ဝယ်ယူတာ မဟုတ်ဘူး ဆိုတာ သက်သေ ပြနိုင်ပါတယ်။

ဒီကုမ္ပဏီတွေရဲ့ သစ်တင်သွင်းမှု တွေဟာ အီးယူရဲ့ အခြေခံ စည်းမျဥ်း နဲ့ ကိုက်ညီမှု မရှိဘူး လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။

ဘယ်သူတွေက ဘယ်နေရာမှာ သစ်တွေကို ခုတ်လှဲတယ်ဆိုတာ ကုမ္ပဏီတွေ မပြောနိုင်ပါဘူး။ ဥရောပ နိုင်ငံပေါင်း ခြောက်နိုင်ငံမှာ အမှုပေါင်း ၁၃ ခုကို EIA က အထောက် အထားတွေနဲ့ တင်ပြထားပါတယ်။

မြန်မာ နိုင်ငံမှာ သစ်မျိုးစုံ ထွက်ရှိပေမယ့် EIA အနေနဲ့ က ကျွန်းသစ် ခုတ်ယူ ထုတ်လုပ်မှု တမျိုးတည်းကိုသာ အဓိက လေ့လာ စုံစမ်းတာ ဖြစ်တယ်လို့လည်း Peter Cooper က ပြောပါတယ်။

ကျွန်းသစ် လုံးဝ မရောင်းနိုင်

လောလောဆယ်မှာ ဥရောပ စျေးကွက်ထဲမှာ မြန်မာ့ ကျွန်းသစ် ကို လုံးဝ ရောင်းချ နိုင်ခြင်း မရှိတဲ့ အတွက် မြန်မာ့ သစ်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ အမြန်ဆုံး ပြုပြင် ဆောင်ရွက်မှု မရှိရင် ဥရောပရဲ့ သစ်စျေးကွက်ထဲကို မြန်မာ နိုင်ငံဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ လည်း Peter Cooper က ပြောပါတယ်။

ဒီတော့ မြန်မာ အစိုးရ မြန်မာ့ သစ် လုပ်ငန်း အနေနဲ့ ပိုမို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်ရပါမယ်။

သစ်ထုတ်လုပ်မှုတွေကို အီးယူရဲ့ စည်းမျဥ်း စည်းကမ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ သစ်ထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်လို့ သတင်း အချက် အလက်တွေ အသင့်ရှိအောင် ပြင်ထားသင့်တယ်။ သစ်ခုတ်တဲ့ နေရာတွေကို သွားခွင့်ပြုရမယ်။ ဒါမှသာ ဒီသစ်တွေကို တရားဝင်နည်းလမ်းနဲ့ ခုတ်လှဲတာ ဖြစ်တယ် ဆိုတာ ပြသနိုင်မှာပါ။ ဥပဒေ ချိုးဖောက်မှုတွေကို လည်း ထုတ်ဖော် အရေးယူသင့်ပါတယ်။

ဥပဒေ ချိုးဖောက်တဲ့ သစ်ထုတ်လုပ်ရောင်းဝယ်မှုတွေ လျော့ပါးစေဖို့ အီးအိုင်အေက တိုင်ထားတဲ့ နိုင်ငံတွေက အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ ယူကေနိုင်ငံက ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။

ပွင့်လင်းမြင်သာမှု မရှိ ထုတ်လုပ်တဲ့ မြန်မာ့ ကျွန်းသစ်တွေကို ဒိန်းမတ်နိုင်ငံက ပထမဆုံး တင်သွင်းခွင့် ပိတ်ပင် အရေးယူ ဆောင်ရွက်လိုက်တဲ့ အတွက် တခြား အီးယူနိုင်ငံတွေကလည်း အလားတူ လိုက်နာ ဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

#BBC_Burmese

ဆောင်းပါး, ပြည်တွင်းသတင်းများ, အတွေးအမြင်

​မဏ္ဍိုင်ကြီးနှစ်ခုကြားက အားပြိုင်ပွဲ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် (Pyithu Hluttaw)

ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်တွင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အကြား လက်ရှိ အစိုးရသက်တမ်း၌ ပထမ ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ သည်။
တရားစီရင်ရေးကဏ္ဍ တိမ်း စောင်းနေမှုကို ပြန်လည်တည့် မတ်ပေးနိုင်ရေး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့်အဆိုကို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည် ရှင်းလင်းတင်ပြသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၏ ဆွေးနွေးချက်များအကြား သဘောထားကွဲလွဲကာ ထိပ်တိုက်တွေ့ခဲ့သည်။

ထိုသို့ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ ထိပ်တိုက်တွေ့ဆုံမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) နေရာအများစုရထားသည့် လွှတ်တော်သက်တမ်း တစ် နှစ်ရှိလာချိန်တွင် ပထမဆုံးအ ကြိမ်ဖြစ်သည်။

အဆိုကို ဆွေးနွေးသူ ၂၅ ဦး အနက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်အမျိုးသားပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီသာ ပါဝင်ခဲ့ပြီး ကျန်အမတ်များသည် ဒီချုပ်ပါတီမှ ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် အများစုက တူညီစွာ ထောက်ပြခဲ့ သည့်အချက်မှာ တရားစီရင်ရေးကဏ္ဍတွင် အဂတိ လိုက်စားမှု၊ အကျင့်ပျက်ခြစားမှုနှင့် ပြည်သူများ၏ ယုံကြည်ကိုးစားမှု ကျဆင်းနေသည်ဆိုသော အချက်ပင်ဖြစ် သည်။

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးကပြန်လည်ရှင်းလင်းရာတွင် တရားရုံးများ၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေသည့် စွပ်စွဲပြောကြားမှုများသည် တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ကြောင်းနှင့် အဆိုသည် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်မညီခြင်း၊ ခိုင်လုံသော အထောက်အထားများ မပါရှိခြင်းတို့ကြောင့်ဟုဆိုကာ ဦးစိုးညွန့်က ကန့်ကွက်ခဲ့သည်။

ပထမအကြိမ်လွှတ်တော်က တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ တင်သွင်းသော အဆိုများမှာ အပြုသဘောဆောင်ပြီး ယခုတင်သွင်းသည့် အဆိုနှင့်အနှစ်သာရများစွာကွာခြားကြောင်း တုံ့ပြန်သည်။

တရားသူကြီး၏ စကားမဆုံးမီမှာပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၆ မိနစ် သုံးကြိမ်ပေးထားသည်ဟုဆိုကာ အဆိုကို နိဂုံးချုပ်ခိုင်းသည်။

‘‘အဆိုကို အတည်ပြုမည်ဆိုပါက တရားစီရင်ရေးကိုသာမက နိုင်ငံ့ပုံရိပ်ကိုပါ ထိခိုက်နိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ’’ဟု ဦးစိုးညွန့်၏ စကားမဆုံးမီမှာပင် လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်ပါ။ အဆိုကို ဘာလုပ်ချင်လဲ’’ဟု ထပ်မေးသည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ်တရားသူကြီးက အဆိုကို မှတ်တမ်းအဖြစ်သာထားရန်ပြောပြီး စကားဆက်မည်အပြုတွင်ဦးဝင်းမြင့်က တားမြစ်ပြီး အဆိုရှင်၏ သဘောထားကို မေးမြန်းခဲ့သည်။

ထို့နောက် အဆိုကို စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၃၉၁ ဦးတွင် ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်လေးမဲနှင့် ကြားနေ ၆၁ မဲရှိပြီး ထောက်ခံသူများသောကြောင့် လွှတ်တော်က အဆိုကို အတည်ပြုခဲ့သည်။

ဒီချုပ်အနေဖြင့် လွှတ်တော် သက်တမ်းတစ်နှစ်ရချိန်တွင် တရားစီရင်ရေးကဏ္ဍအတွက် လွှတ် တော်တွင် အဆိုတင်ဆွေးနွေးလာခြင်းသည် ရွေးကောက်ပွဲဝင်စဥ်က ကြွေးကြော်ခဲ့သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို အာရုံစိုက် ကာ လုပ်ကိုင်တော့မည့် ခြေလှမ်းစတင်ခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

ထို့ပြင် လွှတ်တော်တွင် အ ပြန်အလှန်ဆွေးနွေးမှုများကိုကြည့်ပါက တရားစီရင်ရေးကဏ္ဍတွင် လုပ်ဆောင်ရမည့်အချက်များကို ပြည်သူများကိုယ်စား မီးမောင်း ထိုးပြခြင်း ဖြစ်သည်ဟု လွှတ် တော်ကိုယ်စားလှယ်အချို့က သုံး သပ်သည်။

 လွှတ်တော်ကိုယ်စားလှယ် အများစုက တရားစီရင်ရေးကဏ္ဍ တည့်မတ်ရေးအတွက် တရားသူကြီးတစ်ဦးတည်းက ဆုံးဖြတ်သည့် အစား ဂျူရီစနစ်ကို ကျင့်သုံးသင့် ပြီး တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေဝန်ထမ်းများအား လာဘ် ပေးလာဘ်ယူမှုမရှိစေရန်၊ ဥပဒေ နှင့်အညီ စီရင်ဆုံးဖြတ်နိုင်စေရန် တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ကို ဖွဲ့စည်းသင့်သည်ဟု အကြံပြု သည်။  

အစိုးရသစ်သက်တမ်း တစ် နှစ်ပြည့်ခါနီးအချိန်ထိ တရားစီရင် ရေးကဏ္ဍတွင် အပြောင်းအလဲထူး ထူးခြားခြား မတွေ့ရသောကြောင့် အဆိုကို တင်သွင်းရခြင်းဖြစ်သည်ဟု အဆိုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

‘‘အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့က အပြောင်းအလဲရှိတာ တွေ့ရတယ်။ တရားစီရင်ရေးက သိပ် ပြောင်းတာ မတွေ့ရတဲ့အပြင် ယခင်ကအတိုင်းပဲ ကြုံနေရတယ် လို့ ပြည်သူတချို့က တင်ပြတာ တွေရှိလို့ လွှတ်တော်ကို အဆိုတင် တာ’’ ဟု အဆိုရှင် ဦးတင်ထွေးက ပြောကြားသည်။

အဆိုကို အတည်ပြုလိုက်ပါက သက်ဆိုင်ရာမဏ္ဍိုင်က ဆောင် ရွက်ပေးရမည့်တာဝန်ရှိရာ ယခုအတည်ပြုသည့် အဆိုနှင့်ပတ်သက်၍ တရားရေးမဏ္ဍိုင်၏ ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးတင်ထွေးကပြော သည်။

‘‘လွှတ်တော်ကတော့ အဆိုကို အတည်ပြုလိုက်ပြီ။ အဲဒီတော့ တရားရေးမဏ္ဍိုင်ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်စောင့်ကြည့် သွားရမယ်’’ဟု ဦးတင်ထွေးကဆိုသည်။

‘‘တချို့သော အမှုတွေမှာ အမှုသဘောသဘာဝအရ ဥပဒေအရ မှန်ကန်မှုအပေါ် ငွေကြေးရယူပြီး အမှန်အတိုင်း ဆုံးဖြတ်တာ တွေရှိသလို တချို့သော အမှုတွေမှာ ဥပဒေအရ မှားယွင်းပါလျက် မှန်ကန်ကြောင်း သိသိသာသာ ဘက်လိုက် ဆုံးဖြတ်သည်များလည်း ရှိနေပါတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး မောင်မောင်က လွှတ်တော်သို့ တင်ပြဆွေးနွေးသည်။ တရားစီရင်ရေးကဏ္ဍတွင် တရားသူကြီးများ၊ တရားစွဲအဖွဲ့ အစည်းများဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ ဥပဒေဝန်ထမ်းများ၊ ရှေ့နေရှေ့ ရပ်များ၊ သက်သေများ စသဖြင့် ပေါင်းစပ် ပါဝင်ဆောင်ရွက်သော် လည်း တရားသူကြီးများ၏ အရေး ပါပုံနှင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်နိုင်ပုံကို ၎င်းက ထောက် ပြဆွေးနွေးခဲ့သည်။

 မြန်မာ့တရားစီရင်ရေးတွင် တရားသူကြီးတစ်ဦး၏ အပြီးသတ်ဆုံးဖြတ်ချက်သည် ငွေဒဏ် (သို့မဟုတ်)ထောင်ဒဏ်တို့ကို ချမှတ်ရန် ဆုံးဖြတ်နိုင်သည့် အခြေအနေဖြစ်၍ အနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် နည်းမျိုး စုံဖြင့် တရားသူကြီးများထံ ချဥ်း ကပ်လာကြောင်း ဦးမောင်မောင်က ပြောသည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ‘‘အထောက်အထားမခိုင်လုံတဲ့ အကျင့်ပျက် ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍတိမ်းစောင်း နေတယ်ဆိုတဲ့အဆိုလောက် တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာ မရှိတော့ပါဘူး’’ဟု အဆိုကို ပြန်လည်ဆွေးနွေးစဥ် တုံ့ ပြန်ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၁ က စတင် ပြီး ယနေ့အထိ အကျင့်ပျက်ခြစား၍ အရေးယူခံရသည့် တရားသူကြီးသည် တစ်ဦးသာရှိကာ တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် တရားရေးမဏ္ဍိုင် အကျင့်ပျက်နေပြီဆိုသော ပြောကြားမှုများသည် အမှားကြား၍ အမှန်ဖြစ်လာသည့် သဘောသာဖြစ်ကြောင်း ဦးစိုးညွန့်က ဆက်လက်ပြောသည်။ ထို့အပြင် ဦးစိုးညွန့်က တရားစီရင် ရေးကဏ္ဍ တိမ်းစောင်းနေသည် ဆိုသည့်အဆိုသည် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ်(၁၅၈) အပိုဒ်ခွဲ(ခ)နှင့် ဆန့်ကျင်နေကြောင်း နည်းဥပဒေနှင့် မညီညွတ်သည့် အဆိုဖြစ်၍ ကန့်ကွက်ရခြင်းဖြစ်ကြောင်း တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို အပြန်အလှန် ထိန်းကျောင်းခြင်းမူအရ တင်သွင်းသည့် အဆိုဖြစ်ကာ စည်းကမ်းချက်များနှင့် ညီညွတ်၍ ခွင့်ပြုခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောကြားသည်။

 ‘‘ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတယ်။ ဆွေးနွေးပိုင်ခွင့်အရ ဆွေး နွေးတာကို တရားရုံးမထီမဲ့မြင်ပြု တယ်လို့လည်း စွပ်စွဲလို့ မသင့်ပါဘူး။ ဒါ ပြည်ထောင်စုတရားလွှတ် တော်ချုပ်အနေနဲ့ အလေးအနက် သတိပြုစေလိုပါတယ်’’ဟု လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြန်လည်သတိပေးပြောကြားသည်။

‘‘သူတို့ပေးထားတဲ့ ကတိအ တိုင်း တည်အောင်လုပ်ဖို့ စတင်တဲ့ သဘောပါ။ တရားရေးမဏ္ဍိုင်က တော့ တော်တော်ကြာအောင် ဝေ ဖန်မှုခံနေရတဲ့ မဏ္ဍိုင်တစ်ခုပါပဲ’’ ဟု တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ပြော ကြားသည်။

ဖဆပလလက်ထက်တွင် ဝေဖန်ခံရမှုမရှိသလောက် နည်းပါးခဲ့သော တရားရေးမဏ္ဍိုင်သည် ၁၉၆၂ နောက်ပိုင်းကာလများက စတင်ကာ ဝေဖန်မှုများ မြင့်သထက် မြင့်မားလာသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် World Justice Project က သုတေသန ပြုလုပ်ထားသော ၂ဝ၁၆ ထုတ် ပြန်ချက်အရ အရှေ့အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများတွင် တရားဥပဒေစိုးမိုးမှုအဆင့်အတန်း နှိုှုင်းယှဥ်ဖော်ပြချက်၌ ၁၅ နိုင်ငံအနက် အဆင့်(၁၄)တွင် ရပ်တည်နေ သည်ကို တွေ့ရသည်။

 တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ရေးတွင် တရားရေးနှင့် သက်ဆိုင်သော ဝန်ထမ်းများ၊ လာဘ်ပေးလာဘ်ယူများ ကင်း ရှင်းရေးသည် အဓိကကျကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က သုံးသပ်သည်။

အစိုးရသစ်လက်ထက်တွင် တရားသူကြီးတစ်ဦးနှင့် တရားရုံး စာရေးတစ်ဦးတို့၏ အဂတိလိုက် စားမှုနှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည်။

တစ်မှုမှာ ကျမ်းကျိန်လွှာပြု လုပ်ရန် လာရောက်သူများထံမှ ကျပ်နှစ်သိန်းတောင်းခံမှု စစ်ဆေး ပေါ်ပေါက်ခဲ့သော ကလေးဝမြို့ နယ် တရားရုံးဘိလစ်စာရေးအမှု ဖြစ်ကာ နောက်တစ်မှုမှာ ယစ်မျိုးမှုနှင့် လောင်းကစားမှုတွင် လာဘ် ယူခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တိုင် ကြားခံရသည့် ပွင့်ဖြူမြို့နယ်တရားသူကြီးအမှုဖြစ်သည်။

တရားသူကြီးသည် ယစ်မျိုးမှု ဖြင့် တရားစွဲခံရသူများအနက် ငွေ မပေးသူများကို ထောင်ချပြီး ငွေပေးသူများကို ငွေဒဏ်ချသည်ဟု တိုင်ကြားလာမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲ ပြောင်းခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးရာ ယစ်မျိုးအမှုတွင် လိုက်ပါဆောင်ရွက်နေသော အထက်တန်းရှေ့နေမှတစ်ဆင့် ငွေကျပ်ငါးသိန်းတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အပြင် လောင်းကစားမှု တစ်ခုတွင်လည်း တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာ စဥ်းစားပေးရန် တရားခံ၏ဇနီးထံမှ ငွေကျပ်ငါးသိန်းလက်ခံရယူခဲ့ခြင်းပါ ပေါ် ပေါက်ခဲ့သည်။

ယင်းသို့ အဂတိလိုက်စားသူ များကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် တိကျသော သက်သေအထောက်အထားနှင့် တိုင်ကြားမည့်သူများ လိုအပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင် ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြား စာများ၊ အသနားခံစာများ စိစစ် ရေးကော်မတီအဖွဲ့ဝင်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက အကြံပြုသည်။

၎င်းတို့ကော်မတီထံသို့ လာ ရောက်တိုင်ကြားသူများ ရှိသော် လည်း တိကျသော သက်သေအ ထောက်အထား မရရှိသဖြင့် အရေးယူမှုများ ပြုလုပ်နိုင်ရန်ဆက်လက်ဆောင်ရွက်၍ မရကြောင်း ဦးကျော်ကျော်ထွန်းက ဆိုသည်။ ‘‘လုပ်ကိုလုပ်နေတယ်။ အဲဒါက ငြင်းလို့မရဘူး။ ကိုယ်တို့ဆီကို ရောက်လာတဲ့သူတွေက ပါးစပ်နဲ့ လာပြောပေမယ့် သူတို့သည် ယုံ ကြည်ရတဲ့သူတွေပဲ’’ဟု ၎င်းကြုံ တွေ့ရသည့် အခြေအနေကို ပြော ပြသည်။

 ‘‘ကျွန်တော်တို့ မြင်တာ၊ တွေ့တာ၊ ကျွန်တော်တို့ သဘော ပေါက်တာကတော့ အားနည်းချက်တွေက လူကြောင့်ဖြစ်တာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေ တွေရှိတယ်လေ။ အဲဒီဥပဒေတွေ ကလည်း ပြည့်ပြည့်စုံစုံရှိတယ်။ နောက်ပြီးတော့လည်း အလုပ် လည်း ဖြစ်တယ်ပေါ့။ ဒါပေမဲ့ လည်း ခုနကပြောသလို လိုက်နာ ရမယ့် လုပ်ထုံးလုပ်နည်းတွေ၊ လိုက်နာရမယ့် ညွှန်ကြားချက်တွေ ကို တိတိကျကျ  အချိန်တိုအတွင်း မှာ ကောင်းလာဖို့ အလားအလာ ရှိတယ်ပေါ့။ မလိုက်နာဘူး။ အဲဒါ တွေကြောင့် တရားစီရင်ရေးနဲ့ပတ် သက်ပြီး ပြည်သူတွေက စိတ်ပျက် နေတဲ့ အပိုင်းတွေရှိတယ်။ ပထမဆုံးအနေနဲ့ တရားသူကြီးတွေက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကို သေသေချာချာ လိုက်နာပြီး တော့ ဆောင်ရွက်မယ်ဆိုရင် တရားစီရင်ရေးက အချိန်တိုအတွင်း ကောင်းလာမယ်’’ဟု တရားလွှတ်တော်ရှေ့နေ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဥပဒေပြုအ ထောက်အကူအဖွဲ့ဝင် ဦးကျော်ဟိုးက အကြံပြုသည်။

 #7DN