အင်တာဗျူး

​မြန်မာ့နိုင်ငံရေး သုတေသီ ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း

‘‘လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေဟာ တော်တော့်ကို Critical Juncture ပေါ့၊ အရေးပါတဲ့ လမ်းဆုံ လမ်းခွတွေမှာ ဒီမတ်လ၊ ဧပြီလ ဒီကာလမှာ ရောက်သလိုဖြစ်နေတယ်။ ဒီဟာတွေကို ဘယ်လို ကျင်ကျင်လည်လည်နဲ့ ထိန်းနိုင်မလဲဆိုတာတွေအပေါ် မူတည်ပြီးတော့ပဲ မြန်မာပြည်ရဲ့ အနာဂတ်ကို ပြောလို့ရမလို ဖြစ်နေတယ်’’

အခမ်းအနားတစ်ခုတွင် ရှင်းလင်းပြောကြားနေသော ဦးမင်းဇင် ဓာတ်ပုံ − စိုင်းဇော်

အရပ်ဘက်-စစ်ဘက် ခေါင်းဆောင်ပိုင်းဆက်ဆံမှု နှေးကွေး(သို့မဟုတ်) နောက်ပြန်ဆုတ်ခြင်းကို ကြုံနေရပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့အပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် အုံ့ဆိုင်း ထိုင်းမှိုင်းနေကြောင်း မြန်မာ့နိုင်ငံရေးသုတေသီ ဦးမင်းဇင်က သုံးသပ်သည်။ ဦးမင်းဇင်သည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဆိုင်ရာ အင်စတီကျူ့ဒ် (မြန်မာနိုင်ငံ) ဒါရိုက်တာဖြစ်သည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စုဘာကလေတက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူဖြစ်သည်။ ၂၁ရာစု ပင်လုံညီလာခံ (ပထမအကြိမ်)တွင် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့ ကိုယ်စားတင်ပြသူ အဖြစ် နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍစာတမ်းကို တင်သွင်းဖတ်ကြားခဲ့သူလည်းဖြစ်သည်။ Foreign Policy, New York Times အစရှိသည့် အစဥ်အလာကြီးသော နိုင်ငံတကာ သတင်းဌာနကြီးများ၏ မြန်မာ့အရေးဆောင်းပါးရှင် တစ်ဦး ဖြစ်ပြီး Freedom House အပါအဝင်နိုင်ငံတကာ သုတေသနအဖွဲ့များအတွက် မြန်မာ့ အရေးသုတေသီအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။ ဦးမင်းဇင်နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များ အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အရပ်သားအစိုးရ တက်လာတာ တစ်နှစ်ရှိလာပါပြီီ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတိုးတက်မှု ရှိလာပါသလား၊ ဘယ်လိုများ သုံးသပ်မိပါသလဲ။

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အဆုံးစွန်သောရည်မှန်းချက်ကတော့ ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားရဲ့အောက်မှာ တပ်မတော်ကတာဝန်ခံရတာပဲ။ ဒါပေမဲ့ အဲဒီအဆင့်ထိမရောက်ခင်မှာ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာတော့ ထိပ်ပိုင်းခေါင်း ဆောင်တွေကြားထဲမှာ နားလည်မှုရှိသင့်တယ်။ အောက်ခြေမှာ တပ်မတော်ဘက်က လူ့အခွင့်အရေးနဲ့ ကျန်တဲ့စံချိန်စံညွှန်းတွေနဲ့ညီညွတ်အောင်လို့ အပြုအမူအပြောင်းအလဲတွေရှိနိုင်ရင် ပိုကောင်းတယ်။ ဒါ လတ်တလော ကြားကာလမှာမျှော်လင့်နိုင်တာပေါ့နော်။ တကယ် အဆုံးစွန်သောကာလမှာ အခြေခံဥပဒေအရပဲဖြစ်ဖြစ် အ ရပ်သားအုပ်ချုပ်မှုအောက်ကိုမ ရောက်သေးတဲ့ ကာလမှာပေါ့။ အဲဒီရှုထောင့်တွေက ကြည့်တဲ့အခါမှာ အဲဒီနှစ်ချက်ပေ့ါ။ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ ဆက်ဆံရေးပြေလည်သလားဆိုတော့ အစောပိုင်းကာလမှာ အတော်ပြေလည်တဲ့ သဘောမျိုး၊ တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းလုပ်တဲ့သဘောမျိုးတွေ့ရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကစပြီးတော့ သိသိသာသာကြီး ဆက်ဆံရေးမှာ အဆင်မပြေတဲ့သဘောတွေ တွေ့လာရတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့သဘောထား၊ တပ်မတော်ဘက်ကနေ စိုးရိမ်တာကတော့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ တပ်မတော်ကအလေးအနက်ထားတဲ့ DDR/SSR လို့ခေါ်တဲ့ လက်နက်ဖြုတ်ရေးပေါ့။ လုံခြုံရေးအရပြန်လည်ပေါင်းစည်းရေးကိစ္စကို မလေးနက်ဘူး။ ဒီအဆင့်တွေမပါဘဲနဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုပဲ သိပ်ဦးစားပေးတယ်ဆိုပြီးတော့ တပ်မတော်ဘက်က စိတ်ပူတာရှိတယ်။ အစိုးရဘက်ကလည်း တပ်မတော်ဟာပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ ရခိုင်အရေးမှာဆိုရင် ကိုဖီအာနန်ကိစ္စဆိုလည်း ကိုဖီအာနန်ကိစ္စအလျောက်၊ ငြိမ်းချမ်းရေးမှာဆိုလည်း ငြိမ်းချမ်းရေးရဲ့ တချို့အသေးစိတ်တွေရှိတာပေါ့နော်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ကြီးမှာ တည်ဆောက်ထားတဲ့အဖွဲ့အစည်းစနစ်ရဲ့ ဖွဲ့စည်းပုံထဲမှာတပ်မတော်ဘက်က အလိုက်အလျောမရှိဘူးဆိုတဲ့ကိစ္စမျိုး အစိုးရဘက်ကလည်း မြင်တာတွေရှိတယ်။ အပြန်အလှန်ပေါ့။ သူတင်ကိုယ်တင်ပြောကြတယ်။ နောက်ဆုံးအဆင့်ကတော့ မြင်တဲ့အတိုင်းပဲ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကို တပ်မတော်ဘက်က ကန့်ကွက်တယ်။တပ်မတော်ဘက်ကတော့ ဒါဟာအခြေခံဥပဒေခုံရုံးက အဆုံးအဖြတ်မပေးရသေးတဲ့ကိစ္စကို လွှတ်တော်က အတင်းတွန်းတယ်ဆိုပြီးတော့ မကြိုက်ဘူး။ ဒီလိုဖြစ်တဲ့အချိန်မျိုးမှာပင်လျှင် မြင်ရတာကတော့NLDဘက်ကခေါင်းဆောင်တွေက ဒီကော်မရှင်နှစ်ပတ်လည်ကိုညစာသွားစားတယ်တို့ ဘာတို့ ဖြစ်တဲ့အခါမှာ တပ်မတော်ဘက်က ဒါကိုနည်းနည်းပိုပြီးတော့မြင်တယ်။ ဒါတွေကိုရုတ်တရက်ကြည့်လိုက်လို့ရှိရင် သေးဖွဲ့တယ်၊ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ့်ကွင်းထဲမှာ တကယ်ပတ်သက်နေတဲ့လူတွေအတွက်ကျတော့ တော်တော်အရေးတယူလုပ်စရာ ၊ အဓိပ္ပာယ်မျိုးစုံကောက်စရာ ဖြစ်တာပေါ့။ ပြောရရင် ထိပ်ပိုင်းမှာဆက်ဆံရေးက နည်းနည်းပိုပြီးတော့ အဖုအထစ်ရှိလာတာတွေ့ရတယ်။

နောက်တစ်ပိုင်းက အောက်ခြေမှာကော တပ်မတော်ဘက်က အပြုအမူတွေ တကယ်ပြောင်းလဲလာသလား။ ဟိုး ဦးသိန်းစိန်ကာ လတောက်လျှောက်မှာ တပ်မတော်ဘက်က တချို့အပြုအမူတွေတော်တော်များများ ပြောင်းလဲဖို့ ကြိုးစားတာတွေ့ရတယ်။ ကလေးစစ်သားလိုကိစ္စမျိုးတို့၊ သင်တန်းကျောင်းတွေမှာ နိုင်ထက်စီးနင်းလုပ်တဲ့ကိစ္စတွေကို အရေးယူဖို့ကြိုးစားတာတို့၊ နောက်တချို့ကိစ္စတွေမှာ တပ်ကနေပြီးတော့ ခုံရုံးဖွဲ့ပြီးတော့ အရေးယူဖို့လုပ်တာတို့ ၊ တစ်လောကဆိုရင် တပ်မှာ တော် တော်အဆင့်မြင့်တဲ့အရာရှိတွေကိုအရေးယူတာတို့၊ အရပ်သားကိုပစ်သတ်လို့ အရပ်သားနဲ့ပတ်သက်လို့ထိခိုက်နစ်နာမှုတွေရှိတယ်ဆို ပြီးတော့။ ဒါပေမဲ့ဒီဘက်နောက်ပိုင်းကျတဲ့အခါမှာ အထူးသဖြင့်တော့ အရှေ့မြောက်မှာဖြစ်တဲ့ ကချင်ကိစ္စပေါ့။ ချုပ်ပြောရင်တော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လလောက်ကစပြီးတော့ တပ်မတော်ကလူ့အခွင့်အ ရေးချိုးဖောက်မှုတွေရှိတယ်။ အောက်ခြေမှာအရပ်သားတွေ အပေါ်မှာ ကျူးလွန်မှုတွေရှိတယ်ဆို ပြီးတော့ ကချင်နဲ့ရှမ်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ တော်တော်များများအထောက်အထားတွေနဲ့ ပြောကြတာရှိတယ်။ တစ်ဖက်ကလည်း ရခိုင်ကိစ္စမှာ တပ်မတော်ဘက်က ကျူးလွန်မှုတွေရှိတယ် ဆိုပြီးတော့

နိုင်ငံတကာကတော်တော်များများ ပြောကြတယ်။ ဆိုတော့ ကျွန်တော်အပါအဝင်နိုင်ငံတကာမှာရှိတဲ့ လေ့လာသူတွေရော၊ ဖောင်ဒေးရှင်းတွေရော ၊ နိုင်ငံတကာအစိုးရတွေရောကတော့ တဖြည်းဖြည်းနဲ့ တပ်မတော်နဲ့နိုင်ငံတကာ တပ်မတော်တွေကြားထဲမှာ စစ်တပ် – စစ်တပ်ချင်းပူးပေါင်းမှုတွေ ဖြစ်သွားပြီးတော့ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ရောက်သွားမယ်လို့မျှော်လင့်ထားတဲ့လူတွေ တော်တော်များများဟာ ပြီးခဲ့တဲ့  ၄ ၊ ၅ လလောက်အတွင်းမှာ အခုလိုမျိုး ရှမ်းအရှေ့မြောက်မှာဖြစ်တဲ့ပြဿနာမျိုးတွေ ၊ ရခိုင်မှာဖြစ်တဲ့ပြဿနာမျိုးတွေကြောင့်နိုင်ငံတကာမှာတပ်မတော် ပြန်ပြီးတော့ ဂုဏ်သိက္ခာရှိရှိ ဝင်ဆံ့ဖို့ခက်သွားလားဆိုပြီးတော့ စိတ်ပူတာတွေရှိပါတယ်။

ချုပ်ပြောရင်တော့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းဆက်ဆံမှု နှေးကွေးသွားတာသော်လည်းကောင်း (သို့မဟုတ်) နောက်ပြန်ဆုတ်တာသော်လည်းကောင်း တွေ့နေရတယ်။ တစ်ဖက်နဲ့တစ်ဖက် စိတ်ပူပန်ပြီးတော့ သံသယတွေ ပိုများလာတယ်။ နောက်တစ်ခါအောက်ခြေမှာလည်း တပ်မတော်ရဲ့အပြုအမူပိုင်းဆိုင်ရာအရ အရှေ့မြောက်နဲ့ရခိုင်ကိစ္စကို မူတည်ပြီးတော့ အနုတ်လက္ခဏာပြတာ အများကြီးတွေ့ရတယ်။ ဆိုတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အရပ်သားအစိုးရရဲ့တာ ဝန်ခံမှုဆိုတဲ့အပိုင်းက ပိုဝေးသွားပြီးတော့ လတ်တလောဖြေရှင်း သင့်တယ်လို့ယူဆရတဲ့နှစ်ချက်မှာတောင်မှ အားရစရာတွေ မတွေ့ရတာတွေ့ရတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊နိုင်ငံရေးအာသီသကိုကော ဦးမင်းဇင် ဘယ်လိုများ သုံးသပ်မိပါသလဲ။

သူ့ရဲ့စိတ်ကို ဝင်ပြီး ဖတ်ဖို့တော့ ခက်တာပေါ့။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေဆိုနေ၊ လုပ်နေတာတွေကို ကြည့်လို့ရှိရင် သူ့ကိုယ်သူ Statesman လိုမျိုး၊ နိုင်ငံ့ခေါင်းဆောင်ပုံစံမျိုးအပေါ်မှာ မူတည်ပြီးတော့ ပြောနေတာတွေတော့ အများကြီး တွေ့ရတယ်။ တစ်တိုင်းပြည်လုံး ကိစ္စမျိုးကို လွှမ်းခြုံပြီးတော့ သူစဥ်းစားနေတယ်။ တစ်တိုင်းပြည်လုံး ကိစ္စမျိုးကို သူနဲ့ သူ့အင်စတီကျူးရှင်းမှာ လုပ်နိုင်တဲ့ capacity အရည်အသွေးလည်းရှိတယ်ဆိုတာကို သူတော် တော်တည်ဆောက်ပြီး ပြောနေတာတွေ့ရတယ်။

 တစ်ချိန်တည်းမှာပဲလည်း တပ်မတော်ဟာ အမျိုးဘာသာ သာသနာလို့ခေါ်တဲ့ အမျိုးသားရေးလမ်းကြောင်းပေါ်မှာ ရှိတယ်ဆိုတာကိုလည်း သူ ဒီကာလပိုင်းတွေမှာ ထပ်ကာထပ်ကာ သူလုပ်ရပ်အရရော၊ အပြောအဆိုအရရော တွေ့ရတယ်။ တစ်နည်းအားဖြင့်ပြောရရင် ရှင်းလင်းတဲ့ Ideology ကို သူ့ဘက်ကပြောထားတာပေါ့။  သူသည် ၂ဝ၂ဝရွေးကောက်ပွဲကိုဝင်မယ်ဆိုရင် ဘယ်လို ပလက်ဖောင်းက ဝင်မှာလဲ၊ ဝင်ကောဝင်မှာလား ၊ ဝင်မယ်ဆိုရင် ဘယ်လိုပလက်ဖောင်းက ဝင်မှာ လဲဆိုတာ ကျွန်တော်တို့အကဲဖြတ်ဖို့ စောနေသေးတယ်။ သဲလွန်စတော့မတွေ့ရသေးဘူး။ ဒါပေမဲ့ ခုနကပြောတာတော့ တပ်မတော်ဟာစိတ်ဝင်စားဖို့ကောင်းတာက အမျိုးသားရေးနဲ့ ပတ်သတ်တဲ့ Ideology ကို အခိုင်အမာပြောလာတယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့အရည်အသွေးရှိကြောင်း အခိုင်အမာပြလာနိုင်တယ်။

နောက်တစ်ခုက သူသည် အရပ်သားနဲ့ ပေါင်းလုပ်နိုင်တယ်ဆိုတဲ့သဘောထားမျိုးကိုလည်း သူပြနိုင်တယ်။ ဒါလည်း တစ်ဖက်ကကြည့်မယ်ဆိုရင် သူက NLD အစိုးရကို ကန့်ကွက်တာတွေ၊ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဝေဖန်တာတွေ၊ ကန့်ကွက်တာတွေ ရှိသော်ငြားလည်း အခုချိန်ထိတော့ သူက ပွဲပျက်အောင်လို့ ကဖျက်ယဖျက်လုပ်တာ တစ်ခုမှ မရှိသေးဘူး။ လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ တပ်က သူ တာဝန်ယူမယ်။ ကျန်တဲ့ကိစ္စမှာ တတ်နိုင်သမျှ သူ့ဘက်ကရှောင်နေတာတွေ့ရတယ်။ ပြောရမယ်ဆိုရင်တော့ တပ်ဟာ ဂရုတစိုက်နဲ့ သူ့ကိုယ်သူတည်ဆောက်နေတာ တွေ့ရတယ်။ အဲဒီအတွက်လည်း တပ်ကိုထောက်ခံတဲ့ အင်အားစု များလာတယ်လို့ သူယုံကြည်ပုံရတယ်။ ဒါဟာလည်း ထူးခြားချက်တစ်ခုပေ့ါ။ ဒါကြောင့်မို့လို့ နိုင်ငံရေးရည်မှန်းချက်ရှိလို့ နိုင်ငံရေးလုပ်တာကတော့ ဘယ်သူမဆို ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ခုနကပြောသလိုပေါ့။ ဘယ်လိုပလက်ဖောင်းပေါ်ကနေ လုပ်မလဲဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပေ့ါ။

ဦးမင်းဇင်ထောက်ပြတဲ့ အမျိုးသားရေးလှုပ်ရှားမှုကကော မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ဘယ်လို အဓိပ္ပာယ် သက်ရောက်သလဲ။ အဲဒါကြောင့် အကျပ်အတည်းဖြစ်နေစေသလား။

အမျိုးသားရေးကတော့ အဓိကကတော့ ကိုယ့်နိုင်ငံကိုတိုးတက်စေချင်တာ၊ ကိုယ့်နိုင်ငံကို ကြီးပွားစေချင်တာ၊ ကိုယ့်နိုင်ငံ နိမ့်ကျနေလို့ မခံမရပ်နိုင်ဖြစ်ပြီးတော့ ရုန်းထွက်ချင်တာ။ အဲဒါမျိုး အမျိုးသားရေးကတော့ နိုင်ငံတွေမှာ လိုအပ်ပါတယ်။ ဒါက ဂျပန်တို့ဘာတို့ ဒုတိယကမ္ဘာစစ်ပြီးတော့ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်ကြတာပဲ။ ဂျာမနီဆိုလည်း အဲဒီလိုပဲ။ တရုတ်လည်း အလားသဏ္ဍာန်တူတူပါပဲ။ အမျိုးသားရေးတိုင်းမှာ အသွားနှစ်ဖက်ပါတဲ့ဓားလိုပဲဲ။တစ်ဖက်က Positive ဖြစ်နိုင်သလို ၊ နောက်တစ်ဖက်က Negative ပေါ့။    အနုတ်သဘောဖြစ်နိုင်တယ်။ အဲဒါက ဘာလဲဆိုတော့ ဘုံရန်သူတစ်ခုခုကို ဆန့်ကျင်ပြီးတော့မှ ဖြစ်တဲ့ဟာမျိုးပေါ့။ ဒီနိုင်ငံအတွက် လိုအပ်တဲ့အမျိုးသားရေးစိတ်က ဘာလဲဆိုတော့ ‘‘ငါတို့ပြည်ထောင်စု သိပ်နောက်ကျနေပြီ။ ငါတို့နိုင်ငံဟာ အရမ်းကို ဘယ်ပဲထွက်ကြည့်ထွက်ကြည့် ဒီနိုင်ငံဟာ ကြိုက်တဲ့ညွှန်းကိန်းတွေပြော အောက်ဆုံးမဟုတ်ရင် ဒုတိယအောက်ဆုံးမှာ ရှိနေတဲ့နိုင်ငံဖြစ်နေပြီ၊ ဒီနိုင်ငံခေတ်မီရေး၊ လူရာဝင်ရေး၊ဂုဏ်သိက္ခာရှိရေး၊ ကြွယ်ဝချမ်းသာရေးဟာ ဒီနိုင်ငံမှာရှိတဲ့လူတိုင်းရော၊ အင်စတီကျူးရှင်းတိုင်းနဲ့ရောဆိုင်တယ်။ အဲဲဒီတော့ ဒီကိစ္စဟာ ငါတို့အတွက် ရင်ဝလှံစူး၊ ငယ်ထိပ် မီးလောင်သလို အရေးတကြီးလုပ်ရမယ့်ကိစ္စဖြစ်တယ်။ ကျန်တဲ့ကိစ္စ အရေးမကြီးဘူး’’ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိရင်တော့ တိုင်းပြည်အတွက်ကောင်းပါတယ်။

အဲဒီလိုမဟုတ်ဘဲနဲ့ ဘယ်ဘာသာရေးအုပ်စုတစ်ခုခု၊ ဘယ်လူမျိုးအုပ်စုတစ်ခုခု ၊ ဘယ်နာမည်တစ်ခုခု၊ ဘယ်အင်အားစုတစ်ခုခုကြောင့်ဆိုတဲ့ဟာမျိုးကို သိပ်ဇောင်းပေးသွားရင်တော့ ကျွန်တော်တို့ လည်ထွက်သွားမယ်။ ပဋိပက္ခထဲမှာ လည်သွားနိုင်တယ်။ ကျွန်တော်တို့နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အကွဲအပြဲများတယ်။ အဲဒီလိုဖြစ်ရင် ဒီအကွဲအပြဲတွေကိုကိုင်ပြီးတော့ နိုင်ငံရေးလုပ်တဲ့လူတွေ ပေါ်လာမှာပါ။ ဘယ်အင် စတီကျူးရှင်းကပဲဖြစ်ဖြစ်။ အဲဒီလိုအကွဲအပြဲကိုကိုင်ပြီး နိုင်ငံရေးလုပ်ရင်တော့ နာလန်ထူဖို့ခက်တာပေါ့။

၂ဝဝ၈ အခြေခံဥပဒေပြောင်းလဲလိုသူ၊ ခြေဥကျွမ်းကျင်သူလို့လူသိများတဲ့ NLDဥပဒေအကြံပေး ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဟာ နိုင်ငံရေးလုပ်ကြံမှုလို့ အများစုကယုံကြည်ကြပါတယ်။ ဦးကိုနီ မကွယ်လွန်ခင်က ဦးမင်းဇင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလည်းရှိတော့ သူ့အနေနဲ့ဘာများ ဆွေးနွေးခဲ့တာရှိလဲ။ နောက်ပြီးဒီလုပ်ကြံမှုရဲ့ မြန်မာ့နိုင်ငံရေး အ ပေါ်သက်ရောက်မှုကို ဘယ်လိုသုံးသပ်ပါသလဲ။

ဦးကိုနီ လုပ်ကြံမခံရခင် ရက်သတ္တပတ်ပိုင်းအတွင်း တွေ့ခဲ့ရတာရယ်၊ သူ့အပေါ်လေးစားမှုရှိတာရယ်တွေကြောင့် သူ့ကို ဆုံးရှုံးရတာ အတော် စိတ်ထိခိုက်ပါတယ်။ သူနဲ့ဆွေးနွေးသမျှတော့ သူက ဥပဒေနဲ့ တရားရေးရှုထောင့်က ပြဿနာတွေကို အဓိက ဖြေရှင်းဖို့လမ်းကြောင်းကိုပဲ ဦးစားပေးပြောတာပါ။ အရင့်အရင်က အာဏာလုရင်း (ဒါမှမဟုတ်) အာဏာပြိုင်ဘက် သာလွန်သွားမှာစိုးလို့ (ဒါမှမဟုတ်) ဒီပုဂ္ဂိုလ်ရှိနေရင်တော့ဖြင့် ငါတို့ အကျိုးယုတ်နေမှာပဲဆိုပြီးတစ်ဘက်နဲ့တစ်ဘက် သတ်ဖြတ်ကြတဲ့အစဥ်အလာဟာဘုရင်တွေလက်ထက်ကစလို့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ ကျဆုံးမှုအလယ် သခင်သန်းထွန်းနဲ့ကရင်ခေါင်းဆောင် မန်းရှာ လုပ်ကြံခံရမှုအဆုံး ကျွန်တော်တို့တွေ့ခဲ့ဖူးပါတယ်။ အခု ဆရာဦးကိုနီကိစ္စက နိုင်ငံရေးအရအမြင်ကွဲလွဲတာကို အကြမ်းဖက်သတ်ဖြတ် ဖြေရှင်းတာအပြင် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အမုန်းတရားတွေအပေါ်မှာပါ အခြေခံပြီး လုပ်ကြံတာဆိုရင်တော့ လူမျိုးစုံ၊ ဘာသာစုံနေထိုင်တဲ့ တိုင်းပြည်အတွက် အန္တရာယ်များပါတယ်။ လူမျိုးရေးနဲ့ဘာသာရေး လူနည်းစုတွေအတွက် နိုင်ငံရေးအရ ကိုယ်စားပြုမှုကို လုံးဝလက်မခံဘူးဆိုရင် လူနည်းစုတွေကို နိုင်ငံရေးအရ၊ ဥပဒေကြောင်းအရ ဖြေရှင်းခွင့်၊ အရေးဆိုခွင့်ကို ပိတ်ပင်ရာရောက်ပြီး နောက်ဆုံးမှာ အစွန်းရောက်မှုတွေကို အားကောင်းစေပါလိမ့်မယ်။

ဦးမင်းဇင် အစောပိုင်းက ပြောသွားတဲ့အထဲမှာ အရပ်သားအစိုးရအနေနဲ့ DDR/SSRထက် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုပဲ ဦးစားပေးနေတယ်လို့ တပ်ဘက်ကစိတ်ပူတယ်ဆိုတာနဲ့ပတ်သက်လို့ ပြန်ကောက်ချင်ပါတယ်။ တကယ့်တကယ်မှာ ဒီတစ်နှစ်အတွင်း ဒီချုပ်အစိုးရအနေနဲ့ ခြေဥပြင်ဆင်ရေးကို ရွေးကောက်ပွဲမတိုင်ခင် ကြွေးကြော်ခဲ့သလောက် မလုပ်နိုင်သေးဘူးလို့ ပြည်သူအများစုက မြင်နေကြပါတယ်။ ခြေဥပြုပြင်ပြောင်းလဲရေးအတွက် အရပ်သားအစိုးရရဲ့လုပ်ဆောင်ချက်ကို ဦးမင်းဇင် ဘယ်လိုသုံးသပ်မိပါသလဲ။  

NLDအစိုးရက အစိုးရမဖြစ်ခင်ကာလက သူ စဥ်းစားတာက အခြေခံဥပဒေပြုပြင်ပြောင်းလဲ ရေးကို ငြိမ်းချမ်းရေးနဲ့ချိတ်ဆက်ထားစရာမလိုဘူး။ အခြေခံဥပဒေဟာ ပြောင်းကိုပြောင်းသင့်တယ်။ အဲဒါကို လေးပွင့်ဆိုင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ပြုပြင်ပြောင်းလဲသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတယ်။ အဲဒီလိုမှမဟုတ်ရင် လူထုကနေ လက်မှတ်တွေကောက်ပြီးတော့ ၄၃၆ ပြုပြင်ပြောင်းလဲရေးဆိုတာမျိုးလုပ်ပြီးတော့ လူထုဖိအားနဲ့ ပြုပြင်ပြောင်းလဲသင့်တယ်လို့ NLDက ယူဆတယ်။ အဲဒီတုန်းက ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေပြောင်းရမယ်ဆိုတာ သမ္မတဟောင်းဦး သိန်းစိန်ရဲ့ အယူအဆ။

ဒါပေမဲ့ NLDက အာဏာလည်းရသွားရော သူက သူ တစ် လျှောက်လုံးယူဆခဲ့တဲ့လမ်းကနေပြီးတော့ ဦးသိန်းစိန်လမ်းကြောင်းဖြစ်တဲ့ ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေပြောင်းရမယ့် လမ်းကြောင်းကို လက်ခံလိုက်တယ်။ ဒါက အထင်ရှားဆုံးပါပဲ။ လွှတ်တော်ဥက္ကဋ္ဌပြောတဲ့စကားတွေမှာရော၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့မိန့်ခွန်းတွေမှာရော တွေ့ရတယ်။ လူထုကတော့ သိတောင် သိလိုက်မယ် မထင်ဘူး။ NLD ရဲ့ မဟာဗျူဟာမြောက်တဲ့ အပြောင်းအလဲပေါ့။ ဒါဟာ အာဏာမရခင်တုန်းက အခြေခံဥပဒေကိုဘယ်လိုပုံစံနဲ့ပြောင်းမလဲ၊ အာဏာရတဲ့အခါမှာ ဘယ်ပုံစံနဲ့ပြောင်းမလဲဆိုတာ ဒါ နံပါတ်(၁) အသဲကွဲဆုံးမြင်တာပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေကိုပြောင်းမယ်ဆိုတာက သူ့ရဲ့ အသစ် Adopt မွေးစားလိုက်တဲ့ ၊ ဦးသိန်းစိန်လမ်းကြောင်းကိုမွေးစားတဲ့ အယူအဆပါပဲ။ ထူးထူးခြားခြားမဟုတ်ပါဘူး။ တကယ့်တကယ်ပြောရမယ်ဆိုရင် အဲဒါကို နဂိုကတည်းက ယုံကြည်ခဲ့တယ်ဆိုရင်၊ နဂိုကတည်းကဦးသိန်းစိန်  ငြိမ်းချမ်းရေးလမ်းကြောင်းကိုထောက်ခံခဲ့ရင် ပိုတောင်မှ ခရီးရောက်နိုင်သေးတာပေါ့။ ဒါပေမဲ့ အခုကအာဏာရလာတဲ့အခါမှာ ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း သွားမယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကတစ်ဆင့် အခြေခံဥပဒေပြင်မယ်။ အဲဒီအထိုင်ပေါ်မှာစဥ်းစားတဲ့အခါမှာ လူထုက မြင်တာကကျတော့ နဂိုတုန်းကအတိုင်းပဲ အာဏာရလာရင် ကတိပေးထားတဲ့အခြေခံဥပဒေပြင်မယ်ဆိုပြီး ဘာလို့မပြင်သေးတာလဲ။ ဒါပေမဲ့ လူထုရောလေ့လာသူတွေရော မျက်ခြေပြတ်သွားတာက NLDဟာ အဲဒါကိုစွန့်ခွာလိုက်ပြီ။ NLDဟာ ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေပြင်မယ်လို့ လက်ခံထားပြီးသား။ အမှန်ကတော့ အခြေခံဥပဒေဟာ ငြိမ်းချမ်းရေးမရဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့ စေ့စပ်ညှိနှိုင်းပြီး ပြင်လို့ရတာတွေ အများကြီးရှိတယ်။ NLDသာပြင်ချင်တယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်နဲ့ညှိနှိုင်းပြီး ပြင်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ NLDဟာ အဲဒါတွေအကုန်လုံးကို တစ်ခုမှမလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်မယ်လို့ သူက လမ်းချထားပြီးသား။ လူထုကကျတော့ အဲဒီဟာကို မျက်ခြည်ပြတ်တဲ့အခါကျတော့ NLDဟာ အခြေခံဥပဒေပြုပြင် ပြောင်းလဲရေး ဘာမှမလုပ်သေးဘူးလို့ပြောတယ်။ ဒါပေမဲ့ NLDက ငြိမ်းချမ်းရေးလုပ်နေတာက အခြေခံဥပဒေပြင်နိုင်အောင်လို့ လုပ်နေတာပဲ။ တပ်မတော်ဘက်ကမြင်တာက ငြိမ်းချမ်းရေးအတိုင်း အခြေခံဥပဒေပြင်ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးအတိုင်းဆိုတဲ့စကားမှာ DDR/SSRက အရေးကြီးပြီ။တပ်မတော်ကကျတော့ အဲဒါကိုမြင်တဲ့အခါကျတော့ အခြေခံဥပဒေကိုငြိမ်းချမ်းရေးကတစ်ဆင့်ပြင် မယ်ဆိုရင် DDR/SSRမပါသောငြိမ်းချမ်းရေးဖြစ်စဥ်ကို လုပ်နေသလားဆိုပြီးတော့ စိတ်ပူတာဖြစ်တယ်။ အထူးသဖြင့် အောက်တိုဘာ ၁၅ရက်မှာ NCAနှစ်ပတ်လည်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့မိန့်ခွန်းမှာ အချက်ခုနစ်ချက်ပါတဲ့  စောစောပိုင်းတုန်းကတော့ လမ်းပြမြေပုံလို့ပြောတာပေါ့။ နောက်ပိုင်းကျတော့ ဒါကို သူ ပြင်ပြီးတော့ မူဝါဒလို့ပြောတယ်။ အဲဒီအချက် (၇)ချက်ကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ကတကယ်စိတ်သန်တဲ့ DDRလို့ခေါ်တဲ့ လက်နက်ဖြုတ်ရေးကို မပါတာတွေ့ရတယ်။ ပမာဒ လေခတယ်လို့လည်း ကြံဖန်တွေးလို့တော့ ရတာပေါ့။ ဒါပေမဲ့လည်း ဒါဟာ တပ်မတော်အတွက် စိတ်ပူစရာဖြစ်တယ်။ ကျွန်တော်ထင်တယ်။ အဲဒီလိုခွဲပြီး မြင်လို့ရတယ်။

ဦးမင်းဇင်ထောက်ပြသလိုပဲ ဒီချုပ်အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဟာ ဦးသိန်းစိန်ရဲ့လမ်းစဥ်အတိုင်း ယူပြီးဆက်သွားတာဖြစ်နေတယ်။ တကယ့်တကယ် ဦးသိန်းစိန်လမ်းစဥ်ကလည်း စစ်တပ်က ချထားတဲ့လမ်းစဥ်မဟုတ်ဘူးလားဆိုတော့ အရပ်သားအစိုးရဟာ စစ်တပ်ချထားတဲ့ငြိမ်းချမ်းရေးလမ်းကြောင်းထဲမှာပဲ သွားနေတဲ့ အနေအထားလို့ပြောနိုင်မလား။

ကျွန်တော်ထင်ကတော့ ဦးသိန်းစိန်ချခဲ့တဲ့လမ်းဟာ စစ်တပ်လမ်းကြောင်းပဲလိုတော့ ကျွန်တော် ယတိပြတ် မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်ချခဲ့တဲ့ NCAမှာ တပ်မတော်က သဘောမကျတာတွေ အများကြီး ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ပင်လျှင် ဒီNCAကို မထိုးချင်လောက်တဲ့ အခြေအနေအထိ ဖြစ်ခဲ့တာတွေရှိခဲ့တယ်။  ဒါပေမဲ့လည်း NCAမှာအားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိတာကတော့ အားလုံးအသိပဲ။ သိလို့ပဲ ဒီUNFC လို့ပြောနေတဲ့ လက်မှတ် မထိုးရသေးတဲ့အဖွဲ့ တွေက အခု သူတို့ပြောတဲ့ ကိုးချက်ဆိုတာက အဲဒီတုန်းက သူတို့အကြေအလည်ညှိပြီး သဘောမတူခဲ့တဲ့ကိစ္စတွေကို သူတို့ကပြောတာကိုး။ NCAမှာ UNFC ကလည်း သူတို့ မပြေလည်သေးတဲ့ကိစ္စတွေ ဆွေးနွေးတာတွေရှိတယ်။ ဒါတွေပဲ သူတို့ ဆက်ဆွေနွေးကြတယ်။ ကျွန်တော်တို့လို လေ့လာသူတွေအနေနဲ့မြင်တာက ဒီNCAရဲ့ အဓိကထောက်ပြနိုင်တဲ့ဥစ္စာက မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးမှာ မျက်နှာစာနှစ်ခုရှိတာကိုး။ တစ်ခုကတော့ ပဋိပက္ခဖြေရှင်းရေး။ တည့်ပြောရင်တော့ အပစ်အခတ်ရပ်စဲရေး။ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှ နိုင်ငံရေး ၊ စစ်ရေးနဲ့ စီးပွားရေးအရ ချိုးဖောက်မှုတွေမဖြစ်အောင်လို့စောင့်ကြည့်ရေး။ နောက်မျက်နှာစာတစ်ခုကတော့ ပြည်ထောင်စုတည်ဆောက်ရေး။ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီအပေါ်မှာအခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် တည်ဆောက်ဖို့ဆိုတဲ့ မျက်နှာစာတစ်ခုပေါ့။ ဒီနှစ်ခုဟာ အကြောင်းရင်းခံချင်းလည်း မတူသလို လုပ်ရမယ့်ဖြစ်စဥ်ချင်း၊ လုပ်ငန်းစဥ်ချင်းလည်း မတူဘူး။ အပစ်အခတ် ရပ်စဲရေး လုပ်ချင် တယ်ဆိုရင် ပဋိပက္ခမှာ အဓိကပါ ဝင်နေတဲ့ ပလေယာတွေနဲ့၊ ဇာတ် ကောင်တွေနဲ့ အဓိကရှင်းရမယ်။ ပဋိပက္ခမှာ အဓိကပါဝင်နေတာက ကချင်(KIA) လား ၊ ကရင်(KNU) လား ၊ ‘ဝ’ (UWSA) လား။ Key Players လို့ခေါ်တဲ့ သူတို့နဲ့ အဓိက တည့်ရှင်းရမယ်။ အဓိကပလေ ယာနဲ့ ပလေယာအကြီးနဲ့ ပလေ ယာအငယ်ကြားထဲမှာ အကျိုးစီး ပွားချင်းလည်း မတူနိုင်ဘူး။ ပလေ ယာအငယ်က ကားပါမစ်လောက်နဲ့ကျေနပ်နိုင်ပေမယ့် ပလေယာ အကြီးက ကားပါမစ်လောက်နဲ့ ကျေနပ်လို့မရဘူး။ သူ့မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အကျိုး တွေ အများကြီးရှိတယ်။ ပလေ ယာအငယ်က တချို့ဆိုရင် NGO သာသာရှိပေမယ့် ပလေယာအ ကြီးကကျတော့ စစ်တပ်တင်မက ဘူး။ လက်နက်စက်ရုံတွေရော၊ နယ်မြေထိန်းချုပ်မှုရော၊ မိုင်းတွေ ရော၊ ဒေသတွင်းနဲ့ပတ်သက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေရော အမျိုးစုံရှိတယ်။ ပလေယာအကြီး နဲ့ ပလေယာအငယ်ကြားထဲမှာ မတူညီတဲ့ မက်လုံးတွေရှိတယ်။ အဲဒီလူတွေအကုန်လုံးကို ပလက် ဖောင်းတစ်ခုတည်းမှာ ထားပြီး တော့ အကုန်အတူတူပဲဆိုပြီးတော့ ရောလို့မရဘူး။ ဒါက ပဋိပက္ခဖြေ ရှင်းတဲ့အခါမှာ ဘယ်သူကအဓိက ဇာတ်ကောင်လဲ အဓိကပလေယာ လဲဆိုတာကိုမူတည်ပြီးတော့ ဖြေ ရှင်းရတယ်။

ပြည်ထောင်စုတည်ဆောက် တာကျတော့ အားလုံးပါဝင်ဖို့ လို တယ်။ အကုန်လုံးမှာပြောရေးဆို ခွင့်ရှိဖို့လိုတယ်။ လက်နက်ကိုင်တဲ့ လူတွေချင်းပဲ မဟုတ်တော့ဘူး။  သေနတ်ပိုရှိတဲ့လူက ပိုပြောရေး ဆိုခွင့်ရှိမယ်ဆိုရင် အဲဒီပြည်ထောင်စုက ဘယ်တော့မှ စစ်မှန် တဲ့ ပြည်ထောင်စုမဖြစ်နိုင်ဘူး။ စစ်ဘုရင်တွေရဲ့ပြည်ထောင်စုပဲ ဖြစ်မှာပေါ့။ ပြည်ထောင်စုဖွဲ့စည်း တဲ့အခါမှာ နိုင်ငံရေးပါတီတွေ၊ အ ရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာ ရှင်တွေ၊ မီဒီယာတွေ၊ အလွှာအ သီးသီးကလူတွေ တတ်နိုင်သမျှ ပါဖို့လိုတယ်။ အဲဒီလုပ်ငန်းစဥ်က ရှည်မှာပဲ။ အများကြီးဆွေးနွေး သွားရမှာပဲ။ ဒါပေမဲ့ အဲဒီဟာအရှိန် က ဆွေးနွေးမှုများများလုပ်၊ အ ပြန်အလှန်စေ့စပ်မှုများများ လုပ် ပြီးတော့ မျှခြေတွေနဲ့သွားရမှာပဲ။ တစ်ခါတည်းတော့ အဖြေမထွက် ဘူး။ အပစ်အခတ်ရပ်စဲရေးကျ တော့ ချက်ချင်းလုပ်ရမှာ။ မြန်မြန် သေနတ်သံတိတ်၊ မီးခိုးတိတ်၊ လူ အသေအ ပျောက်နည်း၊ လူတွေ ဒုက္ခသုက္ခရောက်တာ သက်သာ။ အပစ်အခတ်ရပ်စဲရေးက အဲဒီလို လုပ်ရမှာ။ အခုဟာက ဦးသိန်းစိန်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ကျွန်တော် အဓိကထောက်ပြချင် တာတစ်ခုက အဲဒီမျက်နှာစုနှစ်ခု၊ အဲဒီလုပ်ငန်းစဥ်နှစ်ခုကို ပလက်ဖောင်းတစ်ခုတည်းမှာပေါင်းပြီးတော့ ဆောင်ရွက်တာပဲ။ ဆိုတဲ့အခါကျတော့ အချိန်ယူသင့်တဲ့ နေရာမှာ အချိန်မယူမိတော့ဘူး။ ပြည်ထောင်စုတည်ဆောက်ရေး မှာ။ ပါဝင်သင့်တဲ့လူတွေမှာ အ ရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ပညာ ရှင်တွေ အခန်းကဏ္ဍက မှိန်သွား ပြီးတော့ သေနတ်ရှိတဲ့လူတွေက ပိုဦးစားပေးခံရတယ်ဆိုတာမျိုး ဖြစ်သွားတယ်။ ဒီအပစ်အခတ်ရပ် စဲရေးကလည်း မပြီးတဲ့အခါကျ တော့ ဒီမှာ တန်းလန်းတန်းလန်းဖြစ်နေတယ်။

ပြောချင်တာက မတူညီတဲ့ မျက်နှာစုနှစ်ခုကို ပလက်ဖောင်း တစ်ခု စင်တစ်ခုတည်းပေါ်မှာ ဖြေ ရှင်းဖို့ကြိုးစားတာဟာ အောင်မြင် ဖို့ သိပ်ခက်တယ်။ အောင်မြင်ရင် လည်း အာဏာရှိတဲ့လူတွေ၊ အဘက်ဘက်က လက်နက်ရှိတဲ့လူတွေရဲ့ သူတို့ကျိတ်ဝိုင်းနဲ့လုပ်ထား တဲ့ ဒီဇိုင်းကို အပေါ်ကနေအောက် ကို ချပေးတဲ့နည်းနဲ့ အောင်မြင်ဖို့ များတယ်။အောက်ကလူတွေက တင်ပြတာဟာ Token လို့ခေါ်တဲ့ အိမ်ဖြည့်သလိုပဲ ဖြစ်မှာပေါ့။ တကယ့် တကယ်ပြည်ထောင်စု တည် ဆောက်တဲ့ အခါမျိုးမှာကျတော့ တကယ့်ကိုအားလုံးပါနိုင်တဲ့စဥ်းစားချက်မျိုး၊ ဆွေးနွေးချက်မျိုး အ များကြီးလုပ်ရမယ်။ ဒါပေမဲ့ အ ပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခဖြေ ရှင်းရေးမှာကျတော့ ချက်ချင်းလုပ် ရမယ်။ အမြန်လုပ်ရမယ်။ လုပ်တဲ့ အခါမှာလည်း Key Player က Key Player နဲ့ပြေလည်ရင် သူ့ရဲ့ တစ်ဆင့်ခံဆင့်ပွားတွေက အလို လို ပြေလည်သွားမှာပဲ။ အဲဒီဟာ က အဓိက။ ပြန်ချုပ်ပြောရင်တော့ ဒီဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဟာ တပ်ရဲ့ငြိမ်းချမ်းရေးပဲဖြစ်တယ်ဆို တာကိုတော့ သဘောမတူဘူး။ ဒါပေမဲ့ ဦးသိန်းစိန်ငြိမ်းချမ်းရေး မှန်လားဆိုတော့လည်း ကျွန်တော် မြင်တဲ့ အဓိက အားနည်းချက် တစ်ခုကတော့ မတူညီတဲ့မျက်နှာစာနှစ်ခုကို တစ်ပြိုင်တည်း၊ ပလက်ဖောင်းတစ်ခုတည်းမှာ ဖြေရှင်းဖို့ ကြိုးစားတာဟာ ကိုယ့်ဘောင် ကိုယ်ပြန်ခတ်သလို၊ ကိုယ့်ဘာသာ ကိုယ် ပြန်ပိတ်မိသလို ဖြစ်မှာပဲ။ ဒီလိုပြောလို့ ဘာမှမတိုးတက်ဘူး လားဆိုတော့ ကျွန်တော်တို့ အကဲခတ်ရခက်တယ်၊ စောသေးတယ်။ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ ဖြစ် စဥ်ထဲ၊ လုပ်ငန်းစဥ်ထဲကို ဒရော သောပါး အတင်းထိုးထည့်ပြီးတော့ မြန်မြန်လုပ်၊ အချိန်မဆိုင်းခင်လုပ် ဆိုရင်တော့ အောင်မြင်ဖို့ မ လွယ်ဘူး။ ဦးသိန်းစိန်လက်ထက် တုန်းကလည်း ဒီအပစ်အခတ်ရပ် စဲရေးမှာ အကျေအလည်ဆွေးနွေး ကြတာ မှန်ပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်တယ်၊ အမြန်ထိုး ချင်တယ်။ ဒါက နိုင်ငံရေးအရ လည်း အကျိုးကျေးဇူးရှိတာကိုး။ ရွေးကောက်ပွဲမနိုင်ဘူး။ ဒီတော့ အဆင့်တစ်ဆင့်မှာ တန့်သွား တယ်။ အခု NLD အစိုးရမှာလည်း သူတို့ရဲ့ ပြောခဲ့တဲ့ မူဝါဒအဆင့်တွေအရကြည့်မယ်ဆိုရင် ဒီသက် တမ်းတစ်ခုအတွင်းမှာ ပြည် ထောင်စု တည်ဆောက်ရေးကို လုပ်ချင်ပုံရတယ်။ ခက်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု တည်ဆောက်ရေး က သုံးနှစ်၊ ငါးနှစ်နဲ့ ဒီအဖြေတွေ ထွက်လာဖို့ မလုံ လောက်ဘူး။ ဒါပေမဲ့ အပစ်ရပ်ရေး ပဋိပက္ခဖြေ ရှင်းကတော့ ရသင့်တယ်။ ပြည် ထောင်စု တည်ဆောက်ရေးကတော့ ခုနကပြောသလိုပေါ့ မျှခြေ တွေကတစ်ဆင့်သွားရမှာပေ့ါ။

ဒေါ်အောင်ဆန်းစုကြည်ကို အများ စုကမျှော်လင့်ခဲ့ကြတာက တပ်မ တော်နဲ့ တိုင်းရင်းသားအင်အားစု တွေကြားထဲမှာ စေ့စပ်ပေးသူလုပ် ဖို့ပေါ့။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မ တော်နဲ့ပဲ ရင်ကြားစေ့ရေးလုပ်နေတယ်လို့ ဝေဖန်ကြတာလည်းရှိ တယ်။ တိုင်းရင်းသား ပဋိပက္ခတွေ အပေါ် နောက်ပိုင်းထုတ်ပြန်ချက် တွေမှာ အစိုးရနဲ့ တပ်မတော်က တစ်သံတည်းထွက်နေတယ်ပေ့ါ။ အဲဒီတော့ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်နေရာကရပ်တည် သင့်လဲ၊ ရပ်တည်သင့်နေပြီလဲဆို တာကို ဦးမင်းဇင်ဘယ်လို သုံးသပ် မိပါသလဲ။

တောက်လျှောက်ပြောခဲ့တာ ကတော့ သုံးပွင့်ဆိုင်ပေါ့။ ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်းမှာပြောခဲ့တာက သုံးပွင့်ဆိုင်ဖြေရှင်းမှ ဒီ နိုင်ငံ ပြဿနာပြေလည်မယ်။ သုံး ပွင့်ဆိုင်ဆိုတာ တပ်မတော်ရယ်၊ ဒီမိုကရေစီ အင်အားစုတွေရယ် တိုင်းရင်း သား အင်အားစုတွေ ရယ်။ ဒီနိုင်ငံရဲ့ပြဿနာဟာ ဖက် ဒရယ်အရေးလည်းဖြစ်တယ်။ ဒီမို ကရေစီအရေးလည်း ဖြစ်တယ် ပေါ့။ သုံးပွင့်ဆိုင်လို့ပြောရတာက မတူညီတဲ့တန်ဖိုးထားမှုတွေဟာ အရေးပါတာကိုး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအင် အားစုတွေကို အဓိကကိုယ်စားပြု တာပဲ။ ဒါပေမဲ့ တစ်တိုင်းပြည်လုံး က ရွေးထားတဲ့ခေါင်းဆောင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း အဲဒီ့ လိုပါပဲ။ သူသည် ဗမာ၊ ဗမာ့တပ်မ တော်၊ ဗမာ့တော်လှန်ရေးလွတ်လပ်ရေးလှုပ်ရှားမှုကို ကိုယ်စားပြုတာပဲ။ တိုင်းရင်းသားအကုန်လုံး ကို ကိုယ်စားပြုတယ်လို့ ပြောလို့မ ရဘူး။ သူလည်း အဲဒီလို မကြုံးဝါး ခဲ့ဖူးဘူး တစ်ခါမှ။ သူလက်ခံတယ်၊ တိုင်းရင်းသားအရေး ခင်ဗျားတို့ ဘာသာခင်ဗျားတို့ ဖြေရှင်းရမယ် ဆိုတာကို။ တိုင်းပြုပြည်ပြုလွှတ် တော်မှာ သူပြောတဲ့မိန့်ခွန်းတွေပဲကြည့်ကြည့်၊ သူ ပင်လုံညီလာခံ ဝန်းကျင်တွေမှာ ပြောတဲ့မိန့်ခွန်း တွေပဲကြည့်ကြည့် သူပြောခဲ့တာ က ခင်ဗျားတို့ကို ကျွန်တော်အ တင်း မပေါင်းခိုင်းဘူး။ ခင်ဗျားတို့ ကိုယ့်ဘာသာဆုံးဖြတ်။ သူ့အကန့် အသတ်ကို သူနားလည်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဓိကကတော့ ဒီမိုက ရေစီရေးကို တကယ်ကိုယ်စားပြု တဲ့ ခေါင်းဆောင် ဖြစ်ရမယ်။ အဲဒါ ဟာ သူသည် တန်ဖိုးထားမှုအရ ရော၊ ကျင့်ကြံမှုအရရော ဖြစ်ရ မယ်။ ဒါက အရေးကြီးဆုံးပဲလို့ ထင်တယ်။ အဲဒီနေရာမှာ သူဘယ် လောက်လုပ်နိုင်လဲဆိုတာအပေါ်မူတည်ပြီးတော့ သူ့သမိုင်းက လည်း မှတ်ကျောက်တင်သွားမှာ ပေါ့။ နောက်တစ်ဆင့်ကတော့ ဒီနိုင်ငံရဲ့ပြဿနာဟာ သုံးပွင့်ဆိုင် ဖြစ်တဲ့အတွက်ကြောင့်မို့လု့ိ သူ သည် တိုင်းရင်းသားလက်နက်ကိုင်နဲ့တပ်မတော်ကြားမှာဖြစ်နေ တဲ့ ပြည်တွင်းစစ်ကို ကြားထဲကနေ တစ်စုံတစ်ရာ လက်ခံလောက်ဖွယ် မျှခြေရအောင်ဖန်တီးပေးနိုင်ရင် ကောင်းမယ်ဆိုတဲ့အမြင်ရှိတယ်။ ဒီအခန်းကဏ္ဍနှစ်ခုစလုံးကို သူ လုပ်နိုင်ရင်တော့ အကောင်းဆုံး ပေါ့။ ဒါပေမဲ့ ကြားထဲက ဖျန်ဖြေ စေ့စပ်မယ်ဆိုရင်တောင်အဲဒီ ဖျန်ဖြေစေ့စပ်တဲ့နေရာမှာ တန်ဖိုးထား မှုရှိရမယ်။ ဘာကိုဆုပ်ကိုင်ရပ် တည်မှာလဲဆိုတာက ရှိရသေး တယ်။ ကျွန်တော်ကတော့ မြင်ချင် တာကတော့ ဒီနိုင်ငံမှာ သုံးပွင့်ဆိုင် တုန်းကပြောတဲ့အယူအဆလိုပဲ ဖက်ဒရယ်အရေးရှိသလို ဒီမိုက ရေစီအရေးလည်းရှိရမယ်။ အဲဒီ ထက်ပိုပြီးတော့ စားဝတ်နေရေး ပြဿနာတွေလည်း အများကြီးရှိ ရမယ်။ ဆင်းရဲမွဲတေမှု၊ စားဝတ်နေရေးပြဿနာတွေ အများကြီးရှိ တယ်။ ဒါတွေအကုန်လုံးကို ဆက်စပ်ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ကို မြင်ချင်တယ်။ ဒါ မျိုးလည်း ဖြစ်သင့်တယ်လို့ထင် တယ်။ တစ်ခုတည်းချည်းပဲ လိုက် လို့ရှိရင် အောင်မြင်ဖို့ခက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ် တိုင်ပင်လျှင် အစိုးရဖြစ်လာတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အားလုံးကို ဆက်စပ်စဥ်း စားမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။

အထူးသဖြင့်တော့ တပ်မ တော်ကို အရပ်ဘက်နဲ့ တစ်သက် လုံးတင်းမာလာခဲ့တဲ့ဆက်ဆံရေး ကို ပြေလည်အောင်လို့ ဖန်တီး ပေးနိုင်ရင် ဆောင်ရွက်ပေးနိုင်ရင်။ နောက်တစ်ခုက ဒီနိုင်ငံကြီး အ ရမ်းကြီးမချမ်းသာရင်တောင်မှ အရမ်းစုတ်ပြတ် ဆင်းရဲပြီးတော့ လူမှုရေးအရ မတရား မမျှတဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ အခုဆင်းရဲချမ်းသာကွာဟမှုသိပ်များနေ တယ်။ ဒီနိုင်ငံရဲ့အကွဲအပြဲတွေက တိုင်းရင်းသားအကွဲအပြဲတင်မကဘူး လူတန်းစားအကွဲအပြဲတွေပါ ရှိလာတယ်။ လူမှုတရားမျှတမှု တွေဘာတွေ ထည့်မစားဘဲနဲ့ ဒီ နိုင်ငံပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီဟာတွေကို ဆောင်ကြဥ်းပေး နိုင်မယ်ဆိုရင်တော့ အများကြီးကောင်းနိုင်တယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ဒီနိုင်ငံမှာစစ်တွေပိုဖြစ် လာမယ်၊ ပဋိပက္ခတွေပိုဖြစ်လာ မယ်၊ ဆင်းရဲမွဲတေမှုတွေ ပိုကြီး လာမယ်၊ တရားဥပဒေစိုးမိုးမှု လျော့နည်းလာမယ်ဆိုရင် ဒီမိုက ရေစီအင်အားစုဆိုတာဟာ ခုနက ပြောတဲ့ အရပ်ဘက်အဖွဲ့အစည်း တွေ၊ မီဒီယာတွေ၊ပညာရှင်တွေဆို တဲ့အင်အားစုတွေဟာ တဖြည်း ဖြည်းနဲ့ သုံးပွင့်ဆိုင်ထဲမှာအမည်ခံပဲဖြစ်ပြီးတော့ သူတို့ဟာ ဒီနိုင်ငံထဲ မှာ အရေးပါ အရာရောက်တဲ့ Stakeholders Status ကို ဆုံးရှုံး သွားနိုင်တယ်။ နောက်ဆုံးကျရင် ဘာဖြစ်မလဲ၊ လက်နက်ရှိတဲ့လူ တွေ ဓနဥစ္စာရှိတဲ့လူတွေချည်းပဲ ကြီးစိုးတဲ့အနေအထားမျိုးဖြစ်သွားမှာပေါ့။ အဲဒီလိုဟာမျိုး မဖြစ် အောင်လို့ လုပ်ပေးနိုင်တာက လူ ပုဂ္ဂိုလ်အနေနဲ့ ဒေါ်အောင်ဆန်းစု ကြည်ပဲရှိတယ်။ ကျန်တဲ့အစုအဖွဲ့ အသင်းအပင်းတွေကို ကြည့်မယ် ဆိုရင်တော့ မျိုးဆက်လိုက်ရှိတဲ့လူ ငယ်နိုင်ငံရေးသမားတွေရှိတယ်၊ မီဒီယာတွေရှိတယ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ရှိတယ်၊ ပညာရှင်တွေ၊ သုတေသီတွေရှိ တယ်။ ဒီလူတွေအားလုံးကတော့ ပိုပြီး Institution သဘောဆန်တာ ပေ့ါ။ လူပုဂ္ဂိုလ်အရ ထင်သာမြင် သာတာကတော့ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အဓိကပုဂ္ဂိုလ်ပါပဲ။

ဦးမင်းဇင် ခုနက ပြောသလိုပဲ မြန်မာနိုင်ငံမှာက လက်နက်ရှိတဲ့ လူတွေပဲ အစဥ်အဆက်ကြီးစိုးလာ တာပေါ့။ အခုမှ ဒီမိုကရေစီအိုင်ကွန်လို့ရည်ညွှန်းကြတဲ့ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ပြီး အရပ်သားအစိုးရတက်လာတယ်။ ဒါပေ မဲ့ ဒီလပိုင်းတွေမှာပဲ စစ်ရိပ်တွေ ပြန်သန်းနေတာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ သဘောမတူတဲ့ အင်အားစု တပ်ပေါင်းစုအသစ်ဖြစ် လာတာ မြင်နေရတော့ အခုအနေ အထားကို ဒီမိုကရေစီနဲ့အရပ်သား ဘက်ကို တိုးတက်လာတယ်လို့ ပြောနိုင်မလား။

အရေးကြီးတာကတော့ အခု UNFC နဲ့ အစိုးရနဲ့ ဆွေးနွေးမှုပေါ့။ အဲဒီဆွေးနွေးမှုက အတော်အခရာ ကျပါတယ်။ ကျွန်တော်တို့ နိုင်ငံ မှာ ဆုံချက်တွေ အခု မတ်လ၊ ဧပြီ လမှာ လာကျသလိုဖြစ်နေတယ်။ မတ်လ၊ ဧပြီလက ကျွန်တော်တို့ နိုင်ငံအတွက် အရေးပါတဲ့ကာလ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီကာလထဲမှာပဲ KNU လို့ ခေါ်တဲ့ ကရင်အမျိုးသားအစည်း အရုံး ခေါင်းဆောင်မှုအပြောင်းအ လဲ ရှိကောင်းရှိနိုင်တယ်။ UNFC လို့ပြောတဲ့ လက်မှတ်မထိုးရသေး တဲ့ တိုင်းရင်းသားတွေထဲမှာလည်း အခုဒီလထဲမှာပဲ ညီလာခံလုပ်မယ် ဆိုတော့ အဲဒီမှာလည်း ခေါင်း ဆောင်မှုအပြောင်းအလဲ ရှိ ကောင်းရှိနိုင်တယ်။ တစ်ခါ  ‘ဝ’နဲ့ တစ်လောကထွက်တဲ့ ကြေညာ ချက်တွေ၊ အခု ကိုးကန့်နဲ့ဖြစ်တဲ့စစ် ပွဲတွေ ဒါတွေကိုကြည့်မယ်ဆိုရင် လည်း နောက်ထပ် အနုတ်သဘော ဆောင်တာကိုတွေ့ရတယ်။ ဒီ ကြားထဲမှာ ရခိုင်ပြဿနာကလည်း နိုင်ငံတကာမှာ အတော်ကိုအရေး ပါတဲ့ပြဿနာ ဖြစ်လာတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဒီအရေးကိစ္စသည် ထိပ် တန်း Issue တစ်ခု။ တချို့များ ပြောတာဆိုရင် ဒီ Issueက မြန်မာ ပြည်ရဲ့ကျန်တဲ့ Issue တွေအကုန် လုံးကို လွှမ်းမိုးသွားနိုင်လောက် အောင် အရှိန်အဟုန်နဲ့ ဖြစ်နိုင်တဲ့ ပြဿနာလို့ပြောကြတယ်။ တစ်ခါ ပထဝီနိုင်ငံရေးအရ ပြောရရင် တရုတ်ရဲ့လက်ရုံးဆန့်တန်းတာက တော်တော်ကိုခပ်ကြမ်းကြမ်း သိ သိသာသာဖြစ်လာတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ဖိအားတစ်ခု ပေါ့။ အဲဒီဖိအားကလည်း အခု အ နောက်နိုင်ငံတွေမှာ Isolation လို့ ခေါ်တဲ့ အထီးကျန်ဝါဒ၊ ကိုယ့်အကျိုးစီးပွားပဲကိုယ်လုပ်မယ်၊ ကျန် တဲ့နိုင်ငံတွေကို ဂရုစိုက်စရာမလို ဘူးဆိုတဲ့ ဒေါ်နယ်ထရန့်ကစပြီး တော့ အဲဒီလိုဟာတွေက အား ကောင်းတာနဲ့ သွားတိုက်ဆိုင်နေ တဲ့အခါကျတော့ ကျွန်တော်တို့အ တွက်ပိုပြီးတော့ ဘေးကျပ်နံကျပ် ပေါ့။ ဒီမိုကရေစီရဲ့နောက်ပြန် လှိုင်းလို့ ပြောလို့ရတဲ့အခြေအနေနဲ့ တရုတ်သြဇာကအိမ်နီးချင်း ကပ် ရပ် သိပ်ရှိနေတာနဲ့ သွားတိုက်နေ တာကလည်း ပြဿနာတစ်ခု။ ဒီ ကြားထဲမှာ NLDအစိုးရကနေပြီး တော့ သူတို့ရဲ့ Natural Alliances လို့ခေါ်တာပေါ့၊ ပင်ကိုအားဖြင့် မဟာမိတ်ဖြစ်ရမယ့်လူတွေကို မ လိုလားအပ်ဘဲနဲ့ တချို့ကိစ္စတွေ မှာ မူဝါဒအရ အမှားအယွင်း လုပ် မိလိုက်တဲ့အတွက်ကြောင့်မို့လို့ မ လိုလားအပ်တဲ့အငြင်းပွားမှုတွေ ဖြစ်နေရတယ်။ ဥပမာ ကျောင်း သားသမဂ္ဂကိစ္စ။ အဆောက်အအုံ ကို ဘယ်လိုဘယ်ပုံ ဆောက်သင့် တယ်၊ မဆောက်သင့်ဘူး ဒီကိစ္စနဲ့ ပတ်သက်လို့ တကယ့်ကိုနှစ်ပေါင်း များစွာအနစ်နာခံခဲ့တဲ့လူတွေ ဘက်က ဘယ်လိုမှမခံနိုင်ဘူး ဖြစ် လာကြတယ်။ မလိုလားအပ်ဘဲနဲ့ တင်းမာမှုတွေဖြစ်လာတယ်။ တစ် ခါ မွန်ပြည်နယ်မှာတံတားကိစ္စလိုဟာမျိုး။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်။ တိုင်းရင်း သားတွေရဲ့ခံစားချက်ကို Sen- sitive ဖြစ်ရမယ်၊ အကဲဆတ်ရမယ် လို့ပြောနေတဲ့အချိန်မှာ ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်က နောက်တစ်မျိုး ထပ်ဆွေးနွေးမယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဒါ တွေကလည်း ထိပ်ပိုင်းမပြေလည် မှုတွေကနေပြီးတော့ အလယ်အ လတ်အဆင့်အထိ ကျယ်ကျယ် ပြန့်ပြန့်ရောက်လာတဲ့ သဘော ပေါ့။ အောက်ခြေအထိပါ ဆင်းလာနိုင်တဲ့သဘောတွေ့နေရ တယ်။ တစ်နည်းအားဖြင့်ပြောရ ရင် အကွဲအပြဲပိုများလာတဲ့သ ဘော တွေ့ရတယ်။ အကွဲအပြဲပို များတာက တိုင်းပြည်အတွက်မ ကောင်းဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျင်လည်တဲ့နိုင်ငံရေးသမား တွေ၊ ကျင်လည်တဲ့လူတွေက ဒီအ ကွဲတွေကိုကိုင်ပြီးတော့ ကိုယ်ကျိုး ရှာသုံးကြမှာပဲ။ နောက်တစ်ခါ စီးပွားရေးအရလည်း အခက်အခဲ တွေဖြစ်လာတာ၊ အကျပ်အတည်း တွေဖြစ်လာတာ၊ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေအားနည်းလာတာ အားလုံးအသိပဲ။ ဒါတွေအားလုံး က ဆုံချက်ကျလာတယ် ဒီကာလ မှာ။ နောက်ပြီး ဒီကြားထဲမှာ တရားဥပဒေစိုးမိုးမှုပြဿနာ၊ မ လုံခြုံတဲ့ပြဿနာ ဖြစ်နေတယ်။ ဒါတွေအကုန် ဆုံချက်ကျနေတဲ့ အချိန်မှာ UNFC အဖွဲ့ဝင်တွေ ဖြစ် တဲ့ လက်မှတ်မရေးထိုးထားတဲ့အ ဖွဲ့တွေကို ပြန်ပါအောင် လုပ်နိုင်မ လား။ ၂၁ရာစုပင်လုံ ဒုတိယအ ကျော့မှာ ဒီအဖွဲ့တွေ ပြန်မပါလာ ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်း စဥ်က လည်ထွက်သွားမယ့် သ ဘောဖြစ်နေတယ်။ ပဋိပက္ခတွေ ပိုများလာနိုင်တယ်။ ပြန်ကောက်ရ မယ်ဆိုရင်တော့ လက်ရှိမြန်မာ ပြည်ရဲ့အခြေအနေဟာ တော် တော့်ကို Critical Juncture ပေါ့။ အရေးပါတဲ့လမ်းဆုံလမ်းခွတွေမှာ ဒီမတ်လ၊ ဧပြီလ ဒီကာလမှာ ရောက်သလိုဖြစ်နေတယ်။ ဒီဟာ တွေကို ဘယ်လိုကျင်ကျင်လည် လည်နဲ့ ထိန်းနိုင်မလဲဆိုတာတွေအပေါ်မူတည်ပြီးတော့ပဲ ဗမာပြည် ရဲ့အနာဂတ်ကိုပြောလို့ရမလို ဖြစ် နေတယ်။ အကယ်၍ ငြိမ်းချမ်းရေး ကိစ္စ တစ်ဆင့် အဆင်ပြေသွားမယ် ဆိုရင်တာ့ အများကြီး နိုင်ငံရေး သိက္ခာတက်လာမယ်။ ထောက်ခံ မှု ပိုရလာမယ်။ မျှော်လင့်ချက်ပိုရှိ လာမယ်။ အခုက တစ်တိုင်းပြည် လုံးက နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ စသဖြင့် အုံ့မှိုင်းပြီးတော့ အားရစ ရာမရှိ၊ ပြီးတော့ စိတ်ပျက်လက်ပျက်တွေဖြစ်နေကြပြီးတော့ မျှော်လင့်ချက်ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဒါဟာ အရှိတရားပဲ။ အဲဒီဟာမှာ အကယ်၍သာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ UNFC အပါအဝင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေ ပြန်ပါလာမယ်ဆိုရင်တော့၊ ပဋိပက္ခတွေကတော့ ဆက်ရှိနေဦးမှာပဲ။ အကန့်အသတ်တွေကတော့ ဆက်ရှိနေဦးမှာပဲ။ ဥပမာ ‘ဝ’ လိုဟာမျိုး ရခိုင်လိုပြဿနာ ဟာမျိုးကတော့ ဆက်ရှိနေဦးမှာပဲ။ ဒါပေမဲ့ တစ်စုံတစ်ရာ နိုင်ငံရေး သိက္ခာနဲ့ Legitimacy ပြန်အား ကောင်းလာမှာပေ့ါ။ အဲဒါဟာ ကျန်တဲ့နေရာတွေမှာ လုပ်နိုင် ကိုင်နိုင်ဖို့အတွက် နေအလင်းရောင် တစ်ကွက်ဖြာပေးတဲ့ သဘော၊ မြေသြဇာကောင်းကောင်း ပေးတဲ့သဘော ဖြစ်သွားလိမ့်မယ်။

(ဆက်လက်ဖော်ပြပါမည်)

#7DN

ဆောင်းပါး, ပြည်တွင်းသတင်းများ, မူလစာမျက်နှာ, အင်တာဗျူး

​ခရီးသည်တွေကို လိုရာခရီးပို့ပေးမယ့်သူ

မမြတ်ရည်မွန်သည် YBS ခရီးသည်တင်ယာဥ်ကို မောင်းနှင်သူ ပထမဆုံးအမျိုးသမီးဖြစ်သည်။

YBS အမှတ်(၂၁) ယာဥ်ကို မောင်းနှင်နေသော မမြတ်ရည်မွန် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

သမိုင်းလမ်းဆုံ ဘတ်စ်ကားမှတ်တိုင်သို့ (၂၁) ယာဥ်လိုင်းမှ ကားတစ်စီးအသာအယာ ထိုးဆိုက်လာသည်။ ဘတ်စ်ကားထိုးရပ်လိုက်သည်နှင့် ခရီးသည်အချို့၏ အမြင်အာရုံက ကားခေါင်းခန်းသို့ ရုတ်ခြည်းရောက်သွားသည်။  ခရီးသည်အချို့က အနီးရှိသူကို လက်တို့တီးတိုးပြောဆိုကြသလို အချို့ကတော့ ရယ်ကျဲကျဲ ဖြစ်သွားကြသည်။ ခရီးသည်မဟုတ်သည့် လမ်းသွားလမ်းလာ အချို့ကလည်း ကားခေါင်းခန်းသို့ အကြည့်ရောက်ပြီးနောက် တအံ့တသြဖြစ်သွားသည်။
မှတ်တိုင်မှ ဘတ်စ်ကားထွက်ခွာလာခဲ့ရာ ယှဥ်မောင်းလာသော အခြားဘတ်စ်ကားတစ်စီးက ကျော်တက်ရန် လက်မထောင်၍ လမ်းတောင်းသည်။ ယာဥ်နောက်လိုက်၏အကြည့်က ယာဥ်မောင်းနေရာသို့ အရောက်တွင်တော့ ယာဥ်နောက်လိုက်၏ မျက်ခုံးအစုံ မြင့်တက်သွားကာ သူ့ကားဆရာကို တစ်စုံတစ်ခုလှမ်းပြောလိုက်သည်။ ထိုကားက စိတ်ကူးပြောင်းသွားပြီး တောင်းထားသည့်လမ်းသို့ မဝင်တော့ဘဲ ဆက်မောင်းသွားတော့သည်။

(၂၁) ဘတ်စ်ကား၏ ယာဥ်မောင်းနေရာတွင် ထိုင်နေသူက ကျောလယ်ခန့်ရှိသည့် ဆံပင်ကို နောက်ပြန်စည်းနှောင်ထားသော အသက်(၂၇)နှစ်အရွယ် မမြတ်ရည်မွန်ပင်ဖြစ်သည်။ နှုတ်ခမ်းနီပန်းရောင် ခပ်ပါးပါးဆိုးထားသော သူက ယာဥ်၏ ဘေးဘယ်ညာကိုကြည့်ကာ အာရုံစိုက်မောင်းနှင်နေသည်။ သူကတော့ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဘတ်စ်ကားမောင်းနှင်သူအဖြစ် မှတ်တမ်းဝင်မည့်သူဖြစ်သည်။

မမြတ်ရည်မွန်၏ ဘတ်စ်ကားဒရိုင်ဘာဘဝကို မတ်လ ၄ ရက်က စတင်ခဲ့သည်။ ဘတ်စ်ကားများက သူနှင့်မစိမ်းပေ။ လွန်ခဲ့သောသုံးနှစ်က  အမျိုးသမီးယာဥ်နောက်လိုက်တစ်ဦးအဖြစ် (၄၈) အဲကွန်းဘတ်စ်ကားပေါ်တွင် ကျင် လည်ခဲ့ဖူးသည်။

ယခုတော့ ခရီးသည်များကို ဝန်ဆောင်မှုပေးရာမှနေ၍  ခရီး သည်များ လိုရာခရီးရောက်အောင် မောင်းနှင်ပို့ဆောင်ပေးသူအဖြစ် တာဝန်ထမ်းဆောင်နေလေပြီ။

‘‘လိုင်းကားစမောင်းတဲ့ နေ့ကတည်းက လမ်းသွားလမ်းလာတွေရော၊ တခြားကားက လူတွေရောက အထူးအဆန်းနဲ့ ဒီလိုပဲ ကြည့်ကြည့်သွားကြတာ’’ ဟု ယာဥ်မောင်းသက် တစ်ပတ်ကျော် ပြီဖြစ်သော မမြတ်ရည်မွန်က သူ၏အတွေ့အကြုံကို ဝေမျှသည်။

နံနက်ဝေလီဝေလင်း ၅ နာရီခွဲပြီဆိုသည်နှင့် သူအိမ်က စတင်ထွက်ခွာလေပြီ။ လုပ်ငန်းခွင် တူညီဝတ်စုံဖြစ်သည့် အစိမ်းပုပ်ရောင် အကင်္ျီခပ်ပွပွနှင့် ဘောင်းဘီအရှည်ကို ဝတ်ဆင်ကာ ၁ဝ မိနစ်ခန့် လမ်းလျှောက်ရုံမျှဖြင့် ရောက်သော အင်းစိန်၊ ဘိုခြံဘတ်စ်ကား မှတ်တိုင်သို့ သူသွားရသည်။ သူမောင်းရမည့်ကားက Isuzu အမျိုးအစား ဂျပန်ထုတ်ဘတ်စ်ကားဖြစ်သည်။ ထိုမှတ်တိုင်မှာ (၂၁)ယာဥ်လိုင်းကားအချို့ ဂိတ်အစလိုင်း ပြေးဆွဲသည့် နေရာလည်းဖြစ်သည်။

(၂၁)ယာဥ်လိုင်းက အင်းစိန်လမ်းအတိုင်းမှသည် ပြည်လမ်းကြောင်းတစ်လျှောက်၊ ထိုမှသည် မော်တင်တွင် ဂိတ်ဆုံးသည်။ တစ်ဖန်ထိုဂိတ်မှသည် လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်သို့တိုင် မောင်းနှင်ရသည်။ မမြတ်ရည်မွန် က တစ်နေ့လျှင် လမ်းကြောင်းသုံးကြောင်း (သို့မဟုတ်) လေးကြောင်း ပုံမှန်မောင်းနှင်ရသည်။

 ဘတ်စ်ကားမောင်းနှင်သူနေရာတွင် အမျိုးသားများသာ နေရာယူထားသည့် အစဥ်အလာကို မမြတ်ရည်မွန်က စတင်ချိုးဖျက်ခဲ့သည်။ မြန်မာနိုင်ငံတွင် အိမ်စီးကားများနှင့် တက္ကစီယာဥ်အချို့ကို အမျိုးသမီးများ မောင်းနှင်ခြင်းများ ရှိသော်လည်း ဘတ်စ်ကားအကြီးစားများကို မောင်းနှင်သည့် ရှားရှားပါးပါး အမျိုးသမီးခရီးသည် တင်ယာဥ်မောင်းအဖြစ် မမြတ်ရည်မွန်က ကျေကျေနပ်နပ်ကြီး ခံယူခဲ့သည်။

Scania ဘတ်စ်ကားများကို မောင်းနှင်ရသည့် နည်းစနစ် ပြသရသူ အမျိုးသမီးတစ်ဦးတော့ ရှိခဲ့ဖူးသည်။ ဒေါ်ရှမ်းမဆိုသူက ကုမ္ပဏီမှဝယ်ယူသော ဘတ်စ်ကားများကို မောင်းနှင်သည့် နည်းစနစ် ပြသရသူတစ်ဦးဖြစ်သည်ဟု Scania ကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ ဦးသွင်ထူးကျော်ကပြောကြားသည်။

YBS အမျိုးသမီးယာဥ်မောင်း မမြတ်ရည်မွန်ကိုကြည့်၍ ခရီးသည်များ အံ့အားသင့်လေ့ရှိသည်။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ထို့ကြောင့် မမြတ်ရည်မွန်သည် ပထမဆုံး ဘတ်စ်ကားမောင်း အမျိုးသမီးဟု မဆိုနိုင်သော်လည်း အများပြည်သူကို ဝန်ဆောင်မှုပေးသည့် ဘတ်စ်ကားလိုင်းတွင် ပထမဆုံး အမျိုးသမီးယာဥ်မောင်းသူဟု ဆိုရပေမည်။

 အမျိုးသမီး ဘတ်စ်ကားယာဥ်မောင်းတစ်ဦး ဖြစ်လာရန် သူ့ကို စေ့ဆော်ပေးခဲ့သည်ကလည်း အမျိုးသမီးတစ်ဦးပင် ဖြစ်ခဲ့သည်။ အမျိုးသမီးယာဥ်နောက်လိုက်အဖြစ် တာဝန်ထမ်းစဥ်က တစ်နေ့တွင် လှည်းတန်းမီးပွိုင့်တွင် တက္ကစီတစ်စီးက သူတို့ ဘတ်စ်ကားနှင့် ဘေးချင်းယှဥ်ထိုးဆိုက်လာသည်။ ယာဥ်မောင်းနေရာတွင် နေရာယူထားသူက အမျိုးသမီးကြီးတစ်ဦး ဖြစ်နေသည်။ ထိုမြင်ကွင်းကပင် သူ့ကို ယာဥ်မောင်းတစ်ဦးဖြစ်လာရန် တွန်းပို့ခဲ့သည်ဟု မမြတ်ရည်မွန်က ဆိုသည်။

ထိုအချိန်ကစတင်ကာ ဘတ်စ်ကားများကို ကိုယ်တိုင်မောင်းနှင်လိုကြောင်း လုပ်ဖော်ကိုင်ဖက်များအား ပြောပြသောအခါ သူပြန်ရခဲ့သည်က မဖြစ်နိုင်ဘူးဆိုသည့် တုံ့ပြန်မှုများပင်ဖြစ်သည်။ မခံချင်စိတ်ကြောင့် သူကြိုးစားခဲ့သည်ဟုဆိုသည်။

‘‘ဒီခန္ဓာကိုယ်နဲ့ ဘတ်စ်ကား စီတီယာရင်ကိုင်လို့တော့ မရဘူး။ တက္ကစီမောင်းစားရင်တော့ ဖြစ်နိုင်မယ်လို့ ပြောတဲ့သူတွေရှိတယ်’’

ထိုသို့ ပြောဆိုခံရခြင်းကပင် သူ့အား မခံချင်စိတ်ဖြင့် ဘတ်စ်ကားယာဥ်မောင်းမဖြစ်ဖြစ်အောင်လုပ်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

သုံးနှစ်အကြာတွင်တော့ သူ၏ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

သာမန်အိမ်စီးကား မောင်းနှင်တတ်ရုံမျှဖြင့် ဘတ်စ်ကားကြီးကိုမောင်းနှင်ရန်မှာ အမျိုးသားများအတွက်ပင် ခက်ခဲသော အလုပ်တစ်ခုကို မမြတ်ရည်မွန်က အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။  

မမြတ်ရည်မွန်သည် ယခင်က အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားကြီးကြပ်ရေး အရာရှိ (supervisor) အဖြစ် နှစ်အတန်အကြာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ခဲ့ဘဲ တက္က သိုလ်ဝင်တန်းအဆင့်မှာပင် ရပ်နားခဲ့ရသည်။

သူ့ကို အောင်လံမြို့တွင် မွေးဖွားခဲ့ပြီး ဖခင်က တပ်မတော်သားတစ်ဦးဖြစ်၍ သူတို့မိသားစုသည် ဖခင်တာဝန်ကျရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည် ။

သူငယ်တန်းကျောင်းသူဘဝမှ ကိုးတန်းအထိကို ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ပြီး ဖခင်ပင်စင်ယူသည့် လွန်ခဲ့သော ၁ဝ နှစ်ခန့်ကမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ထိုစဥ်က မိသားစုစားဝတ်နေရေးအတွက် ကျောင်းဆက်တက်ရန် အခက်အခဲရှိသောကြောင့် ကျောင်းထွက်ခဲ့ရပြီး အထည်ချုပ်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေစတင်ရှာဖွေခဲ့သည်။ အထည်ချုပ်စက်ရုံတွင် သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။

‘‘ကြာတော့ အဲဒီအလုပ်လုပ်ရတာ ငြီးငွေ့လာတော့ မလုပ်ချင်တော့လို့ ထွက်လိုက်တယ်။ ဆရာကိုတရုတ်လေး (လက်ရှိသူမောင်းနေသည့် ဘတ်စ်ကားပိုင်ရှင်)နဲ့ တွေ့ပြီး ယာဥ်မယ်လုပ်ဖို့ခေါ်တာနဲ့ ယာဥ်မယ်ဘဝကို စခဲ့တယ်’’ ဟု မမြတ်ရည်မွန်က သူ့ဘဝ အချိုးအကွေ့တစ်ခုကို ပြန်လည်ပြောပြသည်။

ယာဥ်နောက်လိုက်အလုပ်လုပ်ကိုင်စဥ်ကလည်း အရာရာ ချောမွေ့သည်တော့ မဟုတ်။ အရက်သေစာ သောက်စားထားသော ခရီးသည်အချို့၏ ထိကပါးရိကပါး စနောက်မှုများကြောင့် ဆက်လက်လုပ်ကိုင်လိုစိတ် မရှိ တော့သည်အထိ စိတ်ညစ်ရသော နေ့ရက်များကို ဖြတ်သန်းခဲ့ရသည်ဟု သူကဆိုသည်။

ခရီးသည်တင် ယာဥ်မောင်းဖြစ်လိုစိတ် ပြင်းပြလာပြီးနောက်တွင်တော့ သူ့မိတ်ဆွေ အမျိုးသားယာဥ်မောင်းများအား ယာဥ်မောင်းသင်ပေးရန် အကူညီတောင်းခဲ့သည်။ လွန်ခဲ့သော နှစ်လခန့်က စတင်ကာ မိတ်ဆွေယာဥ်မောင်းသုံးဦး အကူအညီရယူပြီး အားလပ်ရက်များတွင် လူရှင်းသော စက်မှုဇုန်လမ်းမများထက်တွင် အမောင်းသင်ယူခဲ့သည်။ ကားသိမ်းပြီးနောက် ဂက်စ်ဆိုင်သို့ ဂက်စ်ဖြည့်ရန်သွားသည့် အခါမျိုးများတွင် စမ်းသပ်မောင်းနှင်သည့် အခွင့်အရေးများကို ရရှိခဲ့သည်။  

သူ၏ စိတ်အားထက်သန်မှုကြောင့် ကာလတိုအတွင်းမှာပင် ဘတ်စ်ကားအကြီးစားများကို  ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်လာနိုင်ခဲ့သည်။  သူ့ကိုယာဥ်မောင်းသင်ပေးခဲ့သော မိတ်ဆွေများ၏ ထောက်ခံပေးမှုဖြင့်ပင် ပထမအဆင့်အနေနှင့် စီးပွားရေးတက္ကသိုလ် ကျောင်းကြိုပို့ကားကို မောင်းနှင်ခွင့်ရခဲ့သည်။ ထိုသည်ကပင် သူယာဥ်မောင်းဘဝအစ ဖြစ်ခဲ့သည်။

သူ၏ ယာဥ်မောင်းဘဝအစပြုချိန်တွင်တော့ သူနှင့်အတူ ယာဥ်နောက်လိုက်အဖြစ် အလုပ်လုပ်ခဲ့ကြသော ယာဥ်နောက်လိုက်အမျိုးသမီးအများစုကတော့ လုပ်ငန်းခွင်၌ မရှိကြတော့ပေ။ သူနှင့်အတူ အလုပ်ဝင်သည့် ယာဥ်အကူအမျိုးသမီး ၂ဝ ဦးရှိခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် အခြားလုပ်ငန်းခွင်များသို့ ပြောင်းရွှေ့ကုန်ပြီး မမြတ်ရည်မွန်တစ် ဦးတည်းသာ ယာဥ်မောင်းအဖြစ် ကျန်ခဲ့သည်။

ကျောင်းဖယ်ရီကားကို နှစ်ပတ်ခန့်မောင်းပြီးနောက် သူ့ဘဝအချိုးအကွေ့အဖြစ် ရန်ကုန်မြို့တွင်း ဘတ်စ်ကားမောင်းရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတော့သည်။

ဘတ်စ်ကားနှင့် မစိမ်းသူဆိုသော်လည်း ကိုယ်တိုင်ကိုယ် ကျ ခရီးသည်များ တင်ဆောင်မောင်းနှင်ရတော့မည်ဆိုသည်နှင့် စိုးရိမ်စိတ်တော့ ဝင်မိသည်ဟု မမြတ်ရည်မွန်ကဆိုသည်။

 ‘‘စမောင်းတဲ့ နေ့ကဆိုရင် အရမ်းကို စိုးရိမ်စိတ်များနေခဲ့တယ်။ ကားအဝင်/အထွက်၊ မီးပွိုင့်တိုးရတာမျိုးတွေဆိုရင် မရဲမတင်းနဲ့မောင်းရတာ။ လှည်းတန်းလိုနေရာက အဆိုးဆုံးပဲ’’ ဟု သူ က စိတ်လှုပ်ရှားဟန်အမူအရာနှင့် ပြန်လည်ပြောပြသည်။

‘‘နောက်တော့ ဆရာသမားတွေကလည်းမှာတယ်။ စိတ်မလှုပ်ရှားနဲ့ တည်တည်ငြိမ်ငြိမ်မောင်းဖို့၊ စိတ်လူပ်ရှားရင် အန္တရာယ်ပိုများတယ်လို့ မှာတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ကိုယ်တင်းပြီး ငါရအောင်လုပ်မယ်၊ ဘာမှမဖြစ်ဘူး ဆိုပြီး စိတ်တည်ငြိမ်အောင်လုပ်မောင်းတာ အခုတော့ အေးဆေး ဖြစ်သွားတယ်’’ဟု ၎င်းက ရယ်မောပြီးပြောသည်။

သူမောင်းရသည့် ဘတ်စ်ကားမှာ ယာဥ်အကူအဖြစ်လိုက်ပါစဥ်က ကားဖြစ်သဖြင့်လည်း သူ နှင့် ရင်းနှီးပြီးသားဖြစ်သည်။

‘‘ဒီကားအထာကို တော်တော်သိထားပြီး ဖြစ်တာကြောင့်ပိုအဆင်ပြေတာ။ တခြားကားမောင်းရမယ်ဆိုရင်တော့ ဘယ်လိုနေမယ်မသိဘူး’’ ဟုဆိုသည်။

ယာဥ်အကူအဖြစ်မှ ယာဥ်မောင်းအဖြစ်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခဲ့သည့်အတွက် တစ်နေ့တာ ၎င်း၏ဝင်ငွေမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

ယာဥ်အကူအဖြစ် လုပ်ကိုင်စဥ်က တစ်ရက်လျှင် ၆,ဝဝဝ ကျပ်၊ ၇,ဝဝဝ ကျပ်သာ ဝင်ငွေရှိခဲ့ရာမှ ယခုတော့ သူ၏ဝင်ငွေမှာ ၁၅,ဝဝဝ ဝန်းကျင် ရှိလာလေသည်။ တစ်ပတ်လျှင် တစ်ရက်နားခွင့်ရမည်ဟုဆိုသည်။

ယာဥ်မောင်းအလုပ်မှာ အလုပ်ချိန်သက်မှတ်ချက် သီးခြားမရှိခြင်းက အမျိုးသမီးတစ်ဦးဖြစ်သည့် သူ့အတွက် အဓိကအခက်အခဲဖြစ်သည်။

နံနက် ၆ နာရီခန့်က စတင်လိုက်သည့် ဘတ်စ်ကားပေါ်မှ သူ့အလုပ်ချိန်သည် ည ၁ဝ နာရီခန့်အထိဖြစ်ပြီး အိမ်ပြန်ရောက်၍ အနားယူရမည့်အချိန်မှာ ည ၁၁ နာရီကျော်နေပြီဖြစ်သည်။

နေ့လယ်စာ ထမင်းစားချိန်မှာ များသောအားဖြင့် အချိန်မှန်မှုမရှိဘဲ နေ့လယ်စာနှင့် ညစာပေါင်းစားလိုက်ရသည့် အချိန်ပေါင်းလည်းမနည်းပေ။

သူ အိမ်ပြန်ရောက်ချိန်နှင့် အလုပ်ပြန်သွားချိန်တို့မှာ မိသားစု ဝင်များ အိပ်မောကျနေချိန် များ နေခြင်းကြောင့် မိသားစုနှင့်အတူ စကားပြောခွင့်ရမည့် အချိန်များ ရှားပါးလွန်းသည်။

‘‘တစ်ခါတလေ ကိုယ့်ဘာသာ တီဗီကြည့်အပန်းဖြေရင်း တစ်နေကုန်ပင်ပန်းခဲ့တာကြောင့် တီဗီဖွင့်လျက်နဲ့ အိပ်ပျော်သွားတာတွေလည်းရှိတယ်’’ ဟု မမြတ်ရည်မွန်ကဆိုသည်။

သူမောင်းနှင်ရာ ဘတ်စ်ကား၏ယာဥ်မောင်းခုံအပေါ်ဘက်တွင် အမွေးပွရုပ်တစ်ခု ချိတ်ဆွဲထားသည်။ သူ့ထိုင်ခုံ မလှမ်းမကမ်းတွင် ရေသန့်ဘူးတစ်ဘူးအတွင်း နှင်းဆီပန်းအနီရောင် ငါးပွင့်ကို ထိုးစိုက်ထားသည်။ သူမ၏ သူငယ်ချင်းများက လာထိုးစိုက်ပေးခြင်းဖြစ်ကြောင်း သူက ပြုံးရွှင်စွာ ပြောသည်။

အမျိုးသမီး ခရီးသည်တင် ယာဥ်မောင်းအဖြစ် လုပ်ကိုင်သူကို အားတက်သရော အားပေးကြသူများရှိသလို စိုးရိမ်ပူပန်သဖြင့် ကန့်ကွက်သူများလည်းရှိသည်။

မိခင်နှင့် အစ်ကိုတို့က ကန့်ကွက်သူများတွင် ထိပ်ဆုံးက ပါဝင်သည်။

မိန်းကလေးတစ်ဦးအနေဖြင့် ဘတ်စ်ကားမောင်းသည့် အလုပ်မှာ အန္တရာယ်များသောကြောင့် မူလအလုပ်ဖြစ်သည့် အထည်ချုပ်စက်ရုံတွင်သာ ပြန်လည်လုပ်ကိုင်ရန် မိခင်က ဖျောင်းဖျသည်။

အစ်ကိုသည်လည်း လက်ရှိအမှတ်(၄ဝ)ဘတ်စ်ကားလိုင်းတွင် ကားမောင်းနေသူတစ်ဦးဖြစ်၍ ညီမကို အန္တရာယ်များသော ယာဥ်မောင်းအလုပ်ကို မလုပ်စေလို။ သို့သော် မမြတ်ရည်မွန် ကိုယ်တိုင်က စိတ်အားတက်ကြွနေသဖြင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။

ဘတ်စ်ကားယာဥ်မောင်း ဘဝအစရက်ပိုင်းများတွင် အခြားယာဥ်မောင်းအချို့က အမျိုးသမီးတစ်ဦးမောင်းနေမှန်းသိ၍ နောက်မှကပ်လိုက်၍လည်းကောင်း၊ ဘေးချင်းယှဥ်ကပ်လိုက်၍လည်းကောင်း စနောက်ခြင်းများ ကြုံခဲ့ ရသည်ဟုဆိုသည်။

ထိုသို့အပြုအမူမျိုးကို အနည်းကျဥ်းမျှသာ ကြုံရပြီး ယာဥ်မောင်းအများစုက ဝိုင်းဝန်းကူညီဖေးမကြသည်ဟုဆိုသည်။

‘‘ယောက်ျားလေးမောင်းတဲ့ ကားတွေဆိုရင် လမ်းကြောင်းတူရင် ပြိုင်လိုက်မောင်းတာ၊ ညစ်မောင်းတာမျိုးတွေရှိပေမယ့် ညီမကိုတော့ လိုင်းမတူတဲ့ဘတ်စ်ကားယာဥ်မောင်းတွေ ကိုယ်တိုင်က ကားအဝင်အထွက် ဦးစားပေးတာ။ ကူညီပေးတာမျိုးတွေ လုပ်ကြတယ်။ အဲဒီအတွက် အခက်အခဲ ကြီးကြီးမားမားမရှိတာလို့ ပြောလို့ရတယ်’’ ဟု သူက ပြောသည်။

သူမောင်းနှင်သည့် (၂၁) ယာဥ်လိုင်းက ဘတ််စ်ကားများ မောင်းနှင်ရမည့်မြန်နှုန်းကို ကီလို မီတာ ၅ဝ အထိသာ ခွင့်ပြုထားပြီး ယင်းသတ်မှတ်ချက်ထက်ပိုပါက ကားတွင်တပ်ဆင်ထားသော GPS က အသံဖြင့် အချက်ပေးလေ့ရှိသည်။

သူမောင်းသည့် မြန်နှုန်းက သက်မှတ်ချက်အထိပင် ရောက်ရှိလေ့မရှိဘဲ အများဆုံးကီလိုမီတာ  ၄ဝ ခန့်သာ ရှိနေတတ်သည်။

ထို့အပြင် ဘတ်စ်ကားမှတ်တိုင်မဟုတ်ဘဲ မရပ်ရန် ညွှန်ကြားထားခြင်းကြောင့် လမ်းတွင် စီးနင်းရန်တားနေသည့်သူများကို ကားမောင်းနေရင်းဖြင့်ပင် ပြုံးရယ်လျက် လက်ခါပြပြီးရပ်မရကြောင်း တုံ့ပြန်ရသေးသည်။

ခရီးသွားများကလည်း အမျိုးသမီးတစ်ဦးက စတီယာရင်တိုင်၊ ထိုင်ခုံနှင့်မမျှသော ခန္ဓာကိုယ်ဖြင့် ဘတ်စ်ကားမောင်းနေသည်ကို မြင်တွေ့ရသောအခါ အံသြသည့် အမူအရာများ ချက်ချင်းပြောင်းသွားသည်။

 လမ်းပေါ်မှ ဘတ်စ်ကားစောင့်နေသူများ၊ ဘေးချင်းယှဥ်လျက်ကားများ ခရီးသွားများ၊ ယာဥ်လုပ်သားများက သူ့ကိုတွေ့သောအခါ ပြုံးရယ်သွားခြင်း၊ အချင်းချင်းလက်တို့၍ တီးတိုးပြောဆိုခြင်းများကိုလည်း မကြာခဏ တွေ့မြင်ရသည်။

အချို့ခရီးသွားများက ကားစီးနေရင်းနှင့်ပင် အမျိုးသမီးတစ်ဦး ဟုတ်၊ မဟုတ် ထိုင်ခုံမှထကာ လာရောက်ကြည့်ခြင်းများပင် ကြုံရသည်ဟုဆိုသည်။

‘‘ခရီးသည်တစ်ဦးဆိုရင် သူတို့ အလောင်းအစားလုပ်ထားတယ်။ ညီမက ယောက်ျားလေးလား။ မိန်းကလေးလားဆိုပြီးတော့ပေါ့။ အဲဒါ အဖြေသိရလာအောင်ဆိုပြီး ထလာမေးတာတောင် ကြုံရတယ်’’ဟု မမြတ်ရည်မွန်က ရယ်ရယ်မောမောဆိုသည်။

မမြတ်ရည်မွန် မောင်းနှင်သည့် ဘတ်စ်ကားကို စီးနင်းလိုက်ပါသည့် အနောက်ပိုင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မဖြူဖြူကျော်က အမျိုးသမီးတစ်ဦးဖြစ်သော်လည်း အမျိုးသားများနှင့် တန်းတူ လုပ်ကိုင်လိုစိတ်ရှိခြင်း အပေါ် လေးစားမိသည်ဟု ချီးကျူးစကားဆိုသည်။

 ‘‘အမျိုးသမီးယာဥ်မောင်းရှိလာတာတော့ မဆိုးပါဘူး။ မှတ်တိုင်မှာ ကားစောင့်နေတုန်း သူမောင်းလာတာမြင်တော့ အံ့သြသွားမိသေးတယ်။ မိန်းကလေးဖြစ်နေတော့ ယာဥ်နဲ့ပတ်သက်လို့ အရေးအကြောင်းဆိုရင် ဆုံးဖြတ်ချက် ပြတ်သားပါ့မလားပေါ့လေ။ အဲဒါတော့ စိုးရိမ်တယ်’’ဟု သမိုင်းလမ်းဆုံမှ မြေနီကုန်းအထိ လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်ကို အောင်မျိုးကပြောသည်။

မမြတ်ရည်မွန်ကို ဘတ်စ်ကားယာဥ်မောင်းဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့သူ ယာဥ်ပိုင်ရှင် ကိုတရုတ်လေးက ၎င်း၏ တပည့်အပေါ် ယုံကြည်မူအပြည့်အဝထားရှိသည်။

မမြတ်ရည်မွန်၏ ကြိုးစားအားထုတ်မှုနှင့် အလုပ်အပေါ်တန်ဖိုးထားမှုက အမျိုးသမီးဘတ်စ်ကား ယာဥ်မောင်းဘဝအတွက် စံနမူနာကောင်း ဖြစ်လာမည်ဟုဆိုသည်။

‘‘သူ့ရဲ့ လက်ရှိကျွမ်းကျင်မူအနေအထားကို ယုံကြည်လို့ လိုင်းပေါ်တင်ပေးလိုက်တာပါ။ သူမောင်းတာကို တခြားကားသမားတွေကတောင် ငေးကြည့်ကြရတယ်။ ကျွန်တော့်အနေနဲ့က ရှေ့ဆက်ပြီးတော့လည်း အမျိုးသမီး ယာဥ်လုပ်သားတွေ နေရာရအောင် ကြိုးစားပေးဖို့ ဆန္ဒရှိတယ်’’ဟု ကိုတရုတ်လေးက ဆိုသည်။

မမြတ်ရည်မွန်မှာ အလုပ်ကို ရည်ရွယ်ချက်အပြည့်ထား၍ ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်များကလည်း အသိမှတ်ပြုသည်။

‘‘မိန်းကလေးဆိုတော့ ကားကို ပိုသတိထားမောင်းတဲ့အတွက် တခြားသူတွေ ခရီးစဥ်တစ်ကြောင်း ကြာချိန်ထက်တော့ သူက ပိုကြာတာပေါ့’’ဟု (၂၁)ယာဥ်လိုင်းဂိတ်ကြီးကြပ်ရေးအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

မမြတ်ရည်မွန်က ယာဥ်မောင်းသူတစ်ဦးဘဝကို ရွေးချယ်ခဲ့သော်လည်း သည်အလုပ်ဖြင့်  ဘဝတစ်လျှောက်လုံး ရပ်တည်ရန်တော့ ရည်ရွယ်ထားခြင်း မရှိပေ။

သူ့ဝါသနာနှင့် ဘဝရည်ရွယ်ချက်တွင် ဘတ်စ်ကားယာဥ်မောင်း ဖြစ်လာလိမ့်မည်ဟု လွန်ခဲ့သည့်နှစ်လကအထိ စဥ်းစားခဲ့ဖူးခြင်းပင်မရှိဘဲ မခံချင်စိတ်ဖြင့် ကြိုးစားခြင်းကြောင့်သာ ယခု အခြေအနေကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‘‘အမျိုးသမီး ဘတ်စ်ကားယာဥ်မောင်းတွေကို ပြန်လည်သင်ကြားပြသနိုင်မယ့် သင်တန်းဆရာတစ်ဦးအဖြစ်နဲ့ ဘဝကို ဖြတ်သန်းချင်တာ’’ဟု မမြတ်ရည်မွန်က သူ၏ အနာဂတ်အိပ်မက်ကို တက်ကြွစွာပြောပါသည်။

#7DN

မူလစာမျက်နှာ, အင်တာဗျူး

​ပခုက္ကူမြို့က အမျိုးသမီး သုဘရာဇာ ဒေါ်ကြည်ကြည်ဝင်း

မြန်မာနိုင်ငံမှာက သုဘရာဇာဆိုတဲ့ အသုံးအနှုန်းကို မြန်မာ့လူ့အသိုင်းအဝိုင်းထဲမှာ အတိတ်နိမိတ် မကောင်းတဲ့လက္ခဏာ၊ မကောင်းတဲ့အရာ၊ စကားတွေကနေ ထည့်မပြောကောင်းတဲ့ အရာတွေလို့တောင် သတ်မှတ်မှုတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားတွေပဲ သုဘရာဇာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်လည်း မကွေးတိုင်း ပခုက္ကူမြို့က ဒေါ်ကြည်ကြည်ဝင်းကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်  သုဘရာဇာလုပ်ငန်းကို လုပ်ကိုင်လာတာ အခုဆို ၁ဝ နှစ်တောင်ကျော်လာပါပြီ။ သူ့အနေနဲ့ ဘာ့ကြောင့် သုဘရာဇာလုပ်ငန်း လုပ်ကိုင်လာရတယ် သုဘရာဇာတစ်ယောက်ရဲ့  အမြင်အယူအဆတွေကို အောက်ပါအတိုင်း ပြောဆိုသွားတာ တွေ့ကြရပါတယ်။
ဒေါ်ကြည်ကြည်ဝင်း

အမျိုးသား ဆုံးသွားကတည်းက ဒီလုပ်ငန်းထဲကို ဝင်လိုက်တာ အလုပ်ကိုလည်း သူများတွေလုပ်တာလည်း အားမရဘူးပေါ့နော်။ အဲလိုတွေ အားမရတော့ သူများ လုပ်တာကိုင်တာ အားမရတော့ ကိုယ့်ဘာသာကိုယ် ဝင်လုပ် ကိုယ့်ဘာသာကိုယ်ပဲ ဒီလုပ်ငန်းကို လုပ်လိုက်တော့ စိတ်ဝင်စားတာလည်း ပါတာပေါ့။ ဒီလုပ်ငန်းက ဘာပဲဖြစ်ဖြစ် ကုသိုလ်လည်းရတယ်ပေါ့။

စပြီးတော့ လုပ်ခါစက ကျွန်မအမျိုးသားရှိစဥ်တုန်းက နည်းနည်း အခက်အခဲလေးတွေတော့ တွေ့တာပေါ့။ သူက ဒီမှာနေရတာကျတော့လည်း သူတစ်ယောက်တည်းလည်း မနေရဲဘူး။ နောက်ပြီးတော့ ကျွန်မတို့ မိသားစုကြတော့လည်း ဒီမှာ သူက ခေါ်ထားပေမယ့်လည်း လုပ်ငန်းအတိုင်းအတာတွေကျတော့ သူက ဒီလိုတွေ ထွက်လုပ်တာတွေလည်း မကြိုက်ဘူး။ အဲလိုမျိုး သူလုပ်တဲ့အခါမျိုးတွေ ကျမဝင်ပြီးတော့ ကူလုပ်တာတွေ သူက မကြိုက်ဘူး။ ကလေးတွေနဲ့ ဘာတွေနဲ့ဆိုတော့လည်း နည်းနည်း အခက်အခဲလေးတွေတော့ ရှိတာပေါ့။

မဇ္ဈိမ

ဝင်ငွေရရှိမှုမမှန်တဲ့ သူ့အဖို့ အခက်အခဲတွေကတော့ ကြီးမားပုံရပါတယ်။ သူ့မိသားစု အခြေအနေကို ဒေါ်ကြည်ကြည်ဝင်းက အခုလို ရှင်းပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အဲဒီတုန်းက အခြေအနေကလည်း ဒီလောက်ကြီးတော့ မကြပ်တည်းဘူး။ ကလေးတွေပညာရေး အကြီးကောင်လေးနှစ်ယောက်ဆိုရင် ဒီလုပ်ငန်း သူ့အဖေဆုံးသွားတော့ ကျောင်းထွက်ပေးတယ်လေ။ သူ့အဖေမဆုံးခင်ကတော့ ကလေးတွေက ကျောင်းက ၅ ယောက်ပဲ ပြောပါတော့။ အဲဒီတုန်းက ၅ ယောက်ရှိခဲ့တာ၊ ခုတော့ ကျောင်းကိုလည်း အခက်အခဲလေးတွေ ရှိတဲ့အခါကျတော့ သိပ်ပြီးတော့ မထားနိုင်ဘူး။

မဇ္ဈိမ

အခြေအနေတွေ ကြပ်တည်းခက်ခဲပေမယ့်လည်း မိသားစုရဲ့ စားဝတ်နေရေး ခက်ခဲပေမယ့်လည်း သားသမီးတွေရဲ့ ပညာရေးကို ဆုံးခမ်းတိုင်အောင် ရောက်အောင်ပို့မယ့်သူလည်း ဖြစ်တယ်ဆိုတာနဲ့ မိသားစုကို ဦးဆောင်နေသူဖြစ်တယ်ဆိုတာကို သူပြောပြထားတဲ့စကားထဲမှာ တွေ့ကြရပါတယ်။  

ဒေါ်ကြည်ကြည်ဝင်း

အခု မိသားစုကတော့ ၇ ယောက်ရှိတယ်။ သားအကြီးတွေကလည်း အိမ်ထောင်သည်တွေလို့သာပြောတာ ကျွန်မကပဲ ကျွေးရတယ်။ ကျွန်မကပဲ အကုန်ခံပြီးတော့ လုပ်ကိုင်ကျွေးရတယ်။ အပြင်ကိုလဲ ခွဲမထုတ်တော့ဘူး။ သူများဆီမှာလည်း ထည့်မလုပ်ခိုင်းဘူး။ လုပ်ငန်းတွေဘာတွေရှိလဲ သူတို့ နည်းနည်းပါးပါး ကူခိုင်းရတာပေါ့။ ကျောင်းတက်တဲ့သူကလည်း တက်ပေါ့။ အဲလိုမျိုး လုပ်ရတာပေါ့။ မိသားစု ၇ ယောက်ရှိတာ ဒီမှာ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ကိုင်ရတာပေါ့။

မဇ္ဈိမ

သုဘရာဇာဆိုတဲ့ အလုပ်ကြောင့် ခင်ပွန်းဖြစ်သူရှိတဲ့အချိန်က ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက ရှောင်ဖယ်မှုတွေ ရှိနေပေမယ့် အခုချိန်မှာ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

အရင် ကျွန်မအမျိုးသားတုန်းကတော့ သူတို့နဲ့တုန်းကတော့ ဘာပဲဖြစ်နေနေ လူတွေက ရွေးချင်ကြတယ်။ သာရေးနာရေးတွေ ဘာတွေလည်း သွားတော့သွားတယ် ဖိတ်တော့ မဖိတ်ဘူးပေါ့။ အခုကျတော့ လူမှုရေးလေးတွေ ဘာတွေ ရှိလာတယ်။ ဘယ်သူကမှမရွေးဘူး။ အတူတူပဲ။ ကုသိုလ်လုပ်တဲ့အခါပဲဖြစ်ဖြစ် သာရေးနာရေးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဝိုင်းဝန်းပြီး လုပ်ပြီးတော့ အတူတူပဲ စားကြတာ။ ဟာ ဒါ သုဘရာဇာစားနေလို့ ဒီနေရာကနေ ရှောင်သွားပါမယ်ဆိုတဲ့သူ မရှိဘူး။ ဒီပခုက္ကူမှာတော့ အဲလိုတော့ မတွေ့ဘူး။

ကျွန်မရဲ့ဝင်ငွေကတော့ လုပ်ငန်းပေါ် မူတည်တယ်။ လုပ်ငန်းက သုံးခုရှိတယ်ဆိုရင် တစ်နေ့မှ ကျွန်မတို့က ကျင်းတစ်ကျင်းမှ ၂၅ဝဝ ပဲရတယ်။ ဒါပေမယ့်လည်း အမြဲတမ်းရယ်လို့ လုပ်ငန်းက မရှိဘူး။ မီးသဂြိုလ်စက်မှာဆိုလို့ရှိရင်လည်း ကျွန်မတို့က လုပ်အားခက ၃ဝဝဝ ပဲရတာ။ လူတစ်ယောက်ကို ရွေ့လိုက်လို့ရှိရင်ပေါ့။ အဲမှာ သူတို့က ၂ ယောက်ငှားခိုင်းတာဆိုတော့ ကျွန်မက ၂ ယောက်စာကို ၆ဝဝဝ ပေါ့။ ကျွန်မ လုပ်ငန်းလုပ်လိုက်တယ်။ ဘယ်သူမှလည်း မခေါ်တော့ဘူး။

မဇ္စျိမ

သုဿာန်ထဲမှာ အလုပ်လုပ်ခြင်းဟာ သူများတကာရဲ့အဆင်မပြေမှုတွေကိုက အဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ လုပ်ငန်းအပေါ် လေးစားလို့ လုပ်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေါ်ကြည်ကြည်ဝင်းက နိဂုံးချုပ်အနေနဲ့ ရှင်းပြသွားပါတယ်။

ဒေါ်ကြည်ကြည်ဝင်း

ကျွန်မ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ မသေမချင်းလုပ်မယ်လို့တော့ စဥ်းစားထားတယ်။ လုပ်ငန်းကို ကိုယ်က သဂြိုလ်တဲ့အခါမျိုးမှာ အမျိုးမျိုးတွေ တချို့က သူတို့က ဘယ်လိုခေါ်မလဲ နာရေးနဲ့လာတာဆိုတော့လေ  အပူနဲ့လာတာမျိုးကို အခက်မသင့်လို့ အဆင်မပြေမှာမျိုးတွေပေါ့နော်။ ဆင်မပြေမှာမျိုးတွေ အခက်အခဲတွေနဲ့ ဒီလိုမျိုး လာတဲ့အခါမျိုး ကိုယ်ရှိနေတဲ့အခါကျတော့ လုပ်ငန်းအပေါ်ကိုလည်း လေးစားတဲ့အပိုင်း ပါတာပေါ့။ လုပ်ငန်းကို လေးစားတဲ့အပိုင်းပါတာ ကိုယ်ရတာ မရတာအသာထား လုပ်ငန်းအဆင်ပြေသွားရင် ကိုယ်က စိတ်ချမ်းသာတယ်လေ။

#မဇ္ဈိမ