Home, Local News

​သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု

မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ယနေ့ (မတ်လ ၁၄ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
ထိုတံတားအမည်ပေးသည့် အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးတို့မှ ဆွေးနွေးခဲ့ကြရာတွင် ကန့်ကွက်သူ ၃ ဦးနှင့် ထောက်ခံဆွေးနွေးသူ ၁၃ ဦးရှိပြီး အဆိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ဖြစ်သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒကို ရယူခဲ့ရာ ထောက်ခံမဲ ၂၁၈ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနှင့် ကြားနေ ၁၁၆ မဲတို့ဖြင့် လွှတ်တော်မှ အတည်ပြုခဲ့သည်။

ထိုတံတားအမည်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ လာမည့် ၁၉ ရက်နေ့တွင် ဒေသခံများနှင့် မွန်ပြည်သူများ ဆန္ဒဖော်ထုတ်ရန် ရှိကြောင်း ဒေသခံများမှ သိရသည်။

#TheVoice

Home, Local News

​ဦးဝီရသူ၏ တရားပွဲ စီစဥ်သူကို အရေးယူမည်


တရားဟောခွင့်ကို တား မြစ်ထားသော်လည်း အိမ်မဲမြို့ နယ်သီးကွင်းကျေးရွာတွင် မတ် လ ၁၁ ရက်ညက ဆရာတော် ဦးဝီရသူက ဝစီပိတ်တရားပွဲကျင်း ပခဲ့သဖြင့် ပွဲစီစဥ်သူကို အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။
 ‘‘ခွင့်မပြုတဲ့ တရားပွဲကို ကျင်းပတာတော့ အမှန်ဖြစ်နေ တယ်။ ဒါကြောင့် ပွဲစီစဥ်သူကို အုပ်ချုပ်ရေးအဖွဲ့အစည်းကနေ အရေးယူဖို့ ညွှန်ကြားထားတယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီးအစိုး ရအဖွဲ့မှ စည်ပင်သာယာရေးဝန် ကြီးဦးကျော်မြင့်က ပြောသည်။

ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃနာယကအဖွဲ့က မတ်လ ၁ဝ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတ်လ၃ ရက်၌ ကျင်းပသောအစိုးရအဖွဲ့အစည်းအဝေးတွင် တိုင်းအတွင်း တရားဟောခွင့် ပိတ်ထားခဲ့သည်။

 မတ်လ ၁ဝ နှင့် ၁၁ ရက်ညတို့တွင် သီးကွင်းကျေးရွာ၌ တရားပွဲကျင်းပရန် ကျေးရွာ  ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ဝင်းဆိုသူက တရားပွဲကျင်းပခွင့်ကို အစိုးရအဖွဲ့သို့ လျှောက်ထားခဲ့သည်။ သို့သော် အစိုးရအဖွဲ့က မတ်လ ၁ဝ ရက်ညကိုသာ တရားပွဲကျင်းပခွင့်ပေးခဲ့သော်လည်း ဆရာတော်ဦးဝီရသူက ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ တရားခွေဖွင့်၍ တရားပွဲကို မတ်လ ၁၁ ရက် ညကအိမ်မဲမြို့နယ်သီးကွင်းကျေးရွာတွင် ကျင်းပခဲ့သည်။

ဦးဝီရသူကို တရားဟောခွင့် ပိတ်ထားခြင်းအား ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ပွဲစီစဥ်သူထံ တိုင်းအစိုးရအဖွဲ့က အသိပေး ထားသည့်အပြင် ယင်းအချက် များ သိရှိကြောင်းကို အုပ်ချုပ်ရေး မှူးရုံး၌ ပွဲစီစဥ်သူက လက်မှတ် ရေးထိုးထားသည်ဟု တိုင်းအစိုးရ အဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆရာတော် ဦးဝီရသူသည် ပါးစပ်ကို တိပ်ဖြင့်ကပ်ကာ အ လုပ်ပေးတရားခွေဖွင့်၍ အဆိုပါ တရားပွဲ ကျင်းပခဲ့ခြင်းအပေါ် တရားပွဲသို့ လာရောက်တရားနာ သည့် ဒေသခံအချို့က ဆရာတော် အတွက် စိတ်မကောင်းဖြစ်ကာ ငို  ကြွေးမှုများရှိကြောင်း အဆိုပါ တရားပွဲသို့ သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

‘‘အလုပ်ပေးတရားဆိုတော့ ဝိပဿနာပဲပါတယ်။ တခြားဘာ မှမပါဘူး။ ပရိသတ်က ဒီလိုတ ရားတွေဟောတာကို ဘာကြောင့် ပိတ်ရလဲဆိုတာ သူတို့စိတ်မ ကောင်းဖြစ်ကြတာ’’ဟု ဒေသခံ ဦးလှမြိုင်က ဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က တရားပွဲစီစဥ်သူအား အရေးယူ ရန် အထွေထွေအုပ်ချုပ်ရေးမှူးဦး စီးဌာနသို့ ညွှန်ကြားထားသော် လည်း မတ်လ ၁၃ ရက် ညနေအထိညွှန်ကြားချက်များ ရောက်ရှိမလာသေးကြောင်း အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက ပြောသည်။ ‘‘ဘာညွှန်ကြားချက်မှ မရှိသေးတော့ ဘာမှ အရေးယူတာတွေ မရှိသေးပါဘူး’’ဟု ဦးသက်ဇော်ဦးက ပြောသည်။

 ဆရာတော်ဦးဝီရသူသည် ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟော ပြောမှုများ၊ တရားဥပဒေစိုးမိုးရေး ကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေး ပါတီများကြား ဘက်လိုက်ဝေဖန် မှုများကို ဒေသအနှံံ့ ကြိမ်ဖန်များ စွာ ပြုလုပ်ခဲ့ပြီး ယင်းသို့ ပြုလုပ်ခဲ့ ခြင်းသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ထုတ်ပြန်ထား သည့် ညွှန်ကြားလွှာများကို ဖောက်ဖျက် ကျူးလွန်ခဲ့သော ကြောင့် တစ်နိုင်ငံလုံးတရားဟော ခွင့်ပိတ်ပင်ခဲ့ကြောင်း နိုင်ငံတော် သံဃနာယကမဟာနာယကအဖွဲ့ က ထုတ်ပြန်ကြေညာထားသည်။

#7DN

Home, Local News

​လိပ်ကျွန်းလူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းဗဟို တရားရုံးချုပ်သို့ အယူခံဝင်မည့် ကိစ္စအတွက် ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့ စေလွှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

မတ် ၁၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေး အမျိုးသား အဆင့်လုပ်ငန်း စီမံချက်ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမှာစကားပြောကြားစဥ်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းဗဟို တရားရုံးချုပ်သို့ အယူခံဝင်မည့် ကိစ္စအတွက် ဥပဒေအကြံပေး အဖွဲ့တစ်ဖွဲ့ စေလွှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အမှုကို မတ် ၁ ရက်တွင် အယူခံတရားရုံးက ပယ်ချခဲ့ပြီး ရာဇဝတ်တရားရုံးက ချမှတ်ထားခဲ့သည့် ပြစ်ဒဏ်ကို ဆက်လက် အတည်ပြုခဲ့ကြောင်း၊ သို့ရာတွင် တရားခံ၏ ရှေ့နေများသည် နောက်ဆုံးအဆင့်အဖြစ် ရက်ပေါင်း ၃ဝ အတွင်း ထိုင်းနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံဝင် ခွင့်ရှိဦးမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာသံရုံး ဘန်ကောက်မြို့မှ တာဝန်ရှိသူများသည် မတ် ၇ ရက်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr Chatchai Viriyavejakul နှင့် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ထိုင်းအယူခံ တရားရုံးသို့ အယူခံဝင်နိုင်ရန် ပြင်ဆင်ခဲ့သည့် အချိန်တွင် ထိုင်းရှေ့နေများ ကောင်စီနှင့် အကြံပေး ဆွေးနွေးနိုင်ရန် မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက စေလွှတ်ခဲ့သည့်နည်းတူ ယခုအကြိမ် ထိုင်းဗဟိုတရားရုံးချုပ်သို့ အယူခံဝင်မည့် ကိစ္စတွင်လည်း မြန်မာနိုင်ငံမှ ဥပဒေ အကြံပေး အဖွဲ့တစ်ဖွဲ့ စေလွှတ်နိုင်ရန် မြန်မာသံရုံး၊ ဘန်ကောက်မြို့မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု မြန်မာလုပ်သားနှစ်ဦးအား သေဒဏ်ချမှတ် ထားသည့်အပေါ် သက်သာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ဝင်းနဲ့ဇော်ကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် စိတ်ဝင်စားပါတယ်။ ဟိုတစ်နေ့ကပဲ သံရုံးက အဖွဲ့တွေသွားပြီး ဆောင်ရွက်နေတယ်။ သူ့နိုင်ငံရဲ့ ဥပဒေအရ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် တရားဥပဒေ နည်းလမ်းအရပဲ ဖြေရှင်းရမှာပါ။ သို့သော် လူထုရဲ့ဆန္ဒသဘောထားတွေ ထင်ဟပ်ပြီးတော့မှ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ပြစ်မှုထင်ရှားခြင်း မရှိသော်လည်း လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် အမှုခုနစ်ခုဖြင့် ကော့စမွီ ခရိုင်တရားရုံးက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့သည်။

ထိုသို့ သေဒဏ်ချမှတ်ခံရမှုအပေါ် ထိုင်းအယူခံတရားရုံးသို့ အယူခံတင်ခဲ့ပြီး တရားရုံးမှ ၂ဝ၁၆ ခုနှစ် မေ ၂၃ ရက်က လက်ခံခဲ့ကာ ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် အယူခံအမိန့်ကို မူလပြစ်ဒဏ် သေဒဏ် အမိန့်ကိုသာ ချမှတ်ခဲ့ခြင်းဖြစ်သည်။         

Writer: 

နေရိုင်း၊ ဇေယျာထွန်း၊ ဆန်းထူးအောင်

#EMG

Home, Local News

​KNU ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီ

ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြုံရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ်။ ဓာတ်ပုံ – ဘိုဘို

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ၁၃ ။             ။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌသစ် ရွေးချယ်မည့် ၁၆ ကြိမ်မြောက် ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန် အဆင်သင့်ဖြစ်နေပြီး တက်ရောက်မည့် ကိုယ်စားလှယ် ၂ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 
လေးနှစ်တစ်ကြိမ် ကျင်းပသော ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲချိန်တွင် စတင်မည်ဖြစ်ပြီး KNU ၏ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခုမှ တာဝန်ရှိသူများ၊ ကရင်နိုင်ငံရေးပါတီများ  ၊ ပြည်တွင်း ပြည်ပ ကရင်အမျိုးသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ယနေ့ထိ လူဦးရေ ၂ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့က ပြောသည်။ 

“အဆင့်သင့်ဖြစ်ပြီ။ ရောက်နေတဲ့ကိုယ်စားလှယ်က စုံသလောက်ရှိနေပါပြီ။ တက်ခွင့်ရကိုယ်စားလှယ် ၂၂ဝ လောက်ရှိတယ်။ တခြားကိုယ်စားလှယ်တွေလည်း ရောက်နေပါပြီ။ တောထဲမှာ ဖြစ်တဲ့အတွက် သူတို့ ကြိုတင်ပြီးတော့ ရောက်ရမှာဖြစ်တယ်။ မနက်ဖြန် ကရင်စံတော်ချိန် ၈ နာရီခွဲစမယ်”ဟု ပဒိုစောသောသီဘွဲက မဇ္စျိမကို ပြောသည်။ 

ညီလာခံတွင် KNU ၏ ၄ နှစ်တာကာလအတွင်း လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိ နိုင်ငံရေး အခြေအနေများ သုံးသပ်ခြင်းများနှင့် KNU ၏ ၁ဝ ဦးမြောက် ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့် ဗဟိုအမြဲတမ်း ကော်မတီ ၄၅ ဦးတို့ကိုလည်း ရွေးချယ်သွားမည် ဖြစ်သည်။

ညီလာခံကို မနက်ဖြန် မတ် ၁၄ ရက်မှစတင်ကာ ရက်သတ္တပတ် သုံးပတ်ကြာ ကျင်းပမည် ဖြစ်သည်။ 

KNU သည် အစောပိုင်းက မတ်လအတွင်း ညီလာခံ ကျင်းပရန် ရှိသဖြင့် မတ်လတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

သို့သော် အစိုးရဘက်ကလည်း ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပရန် ရက်ရွှေ့ဆိုင်းထားသည်။

KNU သည် ၂ဝ၁၆ ခုနှစ်က ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA)ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။ 

#မဇ္ဈိမ